Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့(မတ်လ ၂၇ ရက်)ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎တော်လှန်​ရေးနေ့မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ခေါင်းပြတ်ပုံနဲ့ ကျိန်စာတိုက်

ဖက်ဆစ်တော်လှန်ရေးနေ့မှာစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဦးခေါင်းပြတ်ပုံကို ခုံဖိနပ်နဲ့ နင်းချေကာ Yangon Revolution Force – YRF က အစီအရင်များပြုလုပ်ကျိန်စာတိုက်ခဲ့ပါတယ်။ မင်းအောင်လှိုင်​ရဲ့ ဦးခေါင်းပြတ်ပုံကို မင်းအောင်လှိုင်ရဲ့ မွေးနံထောင့်မှာ န၀င်းကိုက်ထားရှိကာ ကျိန်စာတကာ့ကျိန်စာတို့အနက် အကြမ်းဆုံးဟု ဆိုကြတဲ့ “မင်းနန်သူကျိန်စာ” အစီအရင်နဲ့ သက်စေ့ရွတ်ဖတ် ကျိန်ဆိုခဲ့တာလို့ ဆိုပါတယ်။မင်းအောင်လှိုင်ရဲ့ ခေါင်းပြတ်ပုံသဏ္ဍာန်အစီအရင်ပစ္စည်းကို တတ်ကျွမ်းနားလည်တဲ့ ပညာသည်များရဲ့ အကူအညီနဲ့ ပြုလုပ်ခဲ့တာလို့ ရန်ကုန်တော်လှန်ရေးအင်အားစု-YRF က ဖော်ပြပါတယ်။

▪︎မန္တလေးဆေးရုံကြီးစိတ်ပညာဌာနရဲ့အထူးကုဆရာဝန်ဖမ်းဆီးခံရ

PDF ကိုထောက်ပံ့လို့ ဆိုပြီး မန္တလေးဆေးရုံကြီး စိတ်ပညာဌာနရဲ့ အထူးကုဆရာဝန် ဒေါက်တာဟန်ထွဋ်စိုးကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးထားတယ်လို့ မန္တလေး ကျန်းမာရေးမိသားစုထံ က သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဒေါက်တာဟန်ထွဋ်စိုးကို မတ်လ ၁၅ ရက်က ချမ်းအေးသာစံမြို့နယ် နေအိမ်မှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။ ဒေါက်တာဟန်ထွဋ်စိုးကို PDF ကိုငွေကြေးထောက်ပံ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ထောင်တစ်သက်ချနိုင်တဲ့ အကြမ်းဖက်ပုဒ်မ ၅၀(ည)နဲ့ စစ်ကောင်စီက တရားစွဲထားတယ်လို့သိရပါတယ်။

▪︎ဖားကန့်မှာ ကင်းလှည့်ထောက်လှမ်းနေတဲ့ ရဲအဖွဲ့ကို KIA၊PDF ပစ်ခတ်တိုက်ခိုက်

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ယာဉ်နှစ်စီးနဲ့ကင်းလှည့်ကာ PDF ရဲဘော်များကို သတင်းထောက်လှမ်းနေတဲ့ ရဲသုံးဦးကို KIA၊PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ရာ ရဲအရာရှိတစ်ဦးသေဆုံးပြီး ယာဉ်နှင့်လက်နက်ခဲယမ်းများ ပူးပေါင်းအဖွဲ့က သိမ်းယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ မနေ့ညနေပိုင်းက ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာလမ်းဆုံမှာ ရဲကင်းမှ ဒုရဲအုပ်အပါအဝင် ရဲသုံးဦးက ယာဉ်နှစ်စီးနဲ့ ရောက်လာစဉ် KIA၊PDF ပူးပေါင်းအဖွဲ့က ပစ်ခတ်ခဲ့တာလို့ ဖားကန့် PDF ထောက်ပို့ရဲဘော်တစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

▪︎ဟားခါးမှာ မီတာခကောက်ရင်ပစ်ခတ်ဖမ်းဆီးမယ်လို့ သတိပေး

ချင်းပြည်နယ် ဟားခါးမြို့ပေါ်မှာ လျှပ်စစ်မီတာခ ကောက်ခံခြင်း၊ ပြည်သူလူထုများကို နှောက်ယှက်ခြင်းပြုလုပ်ပါက ပစ်ခတ်ခြင်း၊ ဖမ်းဆီးခြင်း ပြုလုပ်မယ်လို့ ဟားခါးမြို့ပေါ် ပြည်သူ့အုပ်ချုပ်ရေးကောင်စီက ဒီနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။ ချင်းပြည်နယ် အကြမ်းဖက် စစ်ကောင်စီ ဝန်ကြီးချုပ်က အခုနှစ် ဧပြီမှစလိို့ ဟားခါးမြို့ပေါ်မှာ မီတာခကောက်ဖို့ ညွှန်ကြားချက်ကို လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက လုပ်ဆောင်ဖို့ စီစဉ်နေတာကြောင့် အခုလိုသတိပေးချက်ထုတ်တာလို့ ဆိုပါတယ်။ စစ်တပ်မှ ဥပဒေမဲ့ အာဏာသိမ်းယူပြီးနောက် မြန်မာနိုင်ငံမှာ ဥပဒေအားလုံး ပျက်ပြယ်သွားပြီဖြစ်ကာ ဟားခါးမြို့ပေါ်ရှိ ပြည်သူများဟာ ဟားခါးပြည်သူ့အုပ်ချုပ်ရေးကောင်စီရဲ့ အသိပေး အကြောင်းကြားခြင်းမပါရှိဘဲ မည်သည့် အခွန်အခများကိုမှ ပေးသွင်းဖို့ မလိုအပ်ဘူးလို့ ဖော်ပြပါတယ်။

▪︎မြန်မာစစ်တပ်ကျူးလွန်နေတဲ့ ရက်စက်သောအကြမ်းဖက်မှုများ ရပ်တန့်ဖို့ကနေဒါ ထပ်မံတောင်းဆို

စစ်တပ်တစ်တပ်ရဲ့ တာဝန်မှာ ပြည်သူများကို ကာကွယ်ဖို့ဖြစ်ပြီး မြန်မာစစ်တပ်အနေနဲ့ ၎င်းကျူးလွန်နေတဲ့ ရက်စက်သောအကြမ်းဖက်မှုများကို ရပ်တန့်ဖို့ ကနေဒါသံရုံးက တောင်းဆိုထုတ်ပြန်ပါတယ်။ ဒီနေ့ကျရောက်တဲ့ ဖက်ဆစ်တော်လှန်ရေးနေ့ (စစ်ကောင်စီရဲ့ တပ်မတော်နေ့)မှာ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးက ထပ်မံတောင်းဆိုခဲ့တာဖြစ်ပြီး နိုင်ငံအားလုံးအနေနဲ့လည်း မြန်မာနိုင်ငံကို လက်နက်များ၊ စစ်ဘက်သုံး ပစ္စည်းကိရိယာများ၊ အရပ်ဘက်၊ စစ်ဘက် နှစ်မျိုးသုံး ပစ္စည်းကိရိယာများနဲ့ နည်းပညာအထောက်အပံ့များ ရောင်းချခြင်း (သို့) လွှဲပြောင်းခြင်းကို ချက်ချင်း ရပ်တန့်ပစ်ခြင်းနဲ့ မြန်မာပြည်သူများကို ကူညီပေးဖို့ တိုက်တွန်းပါတယ်။

(စစ်တပ်က ပြည်သူများကိုပါ မ​ရှောင် ဗုံးကျဲသတ်ဖြတ်ရာတွင်အဓိက အသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်တပ်က ပြည်သူများကိုပါ မ​ရှောင် ဗုံးကျဲသတ်ဖြတ်ရာတွင်အဓိက အသုံးပြု​နေ​သောရုရှားထုတ် YAK-130 တိုက်​လေယာဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎စစ်ကိုင်းနဲ့ ဝက်လက်နယ်တို့မှာ စစ်အုပ်စုတိုက်ခိုက်ခံရပြီး ခုနစ်ဦးထက်မနည်းသေ

စစ်ကိုင်းတိုင်း စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်တို့မှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ ခုနစ်ဦးထက်မနည်းသေဆုံးတယ်လို့ ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပြောပါတယ်။ မတ်လ ၂၅ ရက် ညနေပိုင်းက ဆားတောင်မြို့မှ သိမ်ချောင်းရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို စနိုက်ပါနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ တစ်ဦးသေဆုံးတယ်လို့ Zero ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောပါတယ်။ အဲဒီစစ်ကြောင်းကို ညပိုင်းမှာ ထပ်မံတိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးတယ်လို့ ဆိုပါတယ်။ ဝက်လက်မြို့နယ်မှာလည်း ရွာသာကြီးမှ စိုင်နိုင်ကြီးကျေးရွာဘက်သို့ စစ်ကြောင်းထိုးလာတဲ့ စစ်သားတွေကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ စစ်သားနှစ်ဦးသေဆုံးပြီး ဒဏ်ရာရရှိသူအများအပြားရှိနိုင်တယ်လို့ ရွှေဘိုခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တပ်ရင်း၂၃) က သတင်းထုတ်ပြန်ပါတယ်။

▪︎ရေးတံတားရှိကင်းစခန်းကိုဒရုန်းနဲ့ဗုံးသီးကြဲချတိုက်ခိုက်

မွန်ပြည်နယ် ရေးမြို့နယ် တံတားကြီးရှိ ကင်းစခန်းတစ်ခုကို ဒီနေ့ မနက်ပိုင်းက ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။ စစ်ကောင်စီဘက်က သေဆုံးထိခိုက်မှု ရှိိနိိုင်တယ်လို့ ဆိုပါတယ်။ တိုက်ခိုက်မှုမှာ ဒရုန်းတစ်စီးဆုံးရှုံးခဲ့ရပြီး စစ်ကောင်စီတပ်က ကြိုတင်ပြင်ဆင်မှုများ အရင်ထက်ပြုလုပ်ထားတယ်လို့ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

▪︎မြောင်နယ်တိုက်ပွဲ MRA ရဲဘော် ငါးဦးကျဆုံး

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ မြောင်မြို့နယ် တော်လှန်ရေးတပ်(MRA)မှ ရဲဘော် ငါးဦးကျဆုံးခဲ့ရပါတယ်။ မတ်လ ၂၄ရက်က စစ်ကောင်စီတပ်နဲ့တိုက်ပွဲမှာ မြောင်မြို့နယ်တော်လှန်ရေးတပ်(MRA)မှ ရဲဘော်ဖေကြီး၊ ရဲဘော်ပွကြီး၊ ရဲဘော်အရှည်ကြီး၊ ရဲဘော်ဘီလူးနဲ့ ရဲဘော်ကျောက်ဆည်တို့ ကျဆုံးခဲ့ရတယ်လို့ MRAက အသိပေးပါတယ်။ ရဲဘော်များရဲ့ စွန့်လွှတ်စွန့်စားမှုနဲ့ သတ္တိကို အစဥ်အောက်မေ့လျက် ပြည်သူ့တော်လှန်ရေး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ MRAက ကတိပြုပါတယ်။

▪︎အုတ်ဖိုနယ်ရှိတာဝါတိုင်ရွာမီးရှို့ဖျက်ဆီးတဲ့စစ်ကောင်စီတပ်ကို ပဲခူးတိုင်းမှ PDFများတိုက်ခိုက်

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်အနီးရှိ တာဝါတိုင်ကျေးရွာ မီးရှို့ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ကို သာယာဝတီခရိုင်နဲ့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်များက သုံးရက်အတွင်း နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ ၁၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ သိရပါတယ်။ အုတ်ဖိုမြို့နယ် တာဝါတိုင်ရွာအနီးမှာ မတ်လ ၂၄ ရက်က တစ်ကြိမ်၊ မတ်လ ၂၆ ရက်က တစ်ကြိမ် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို့ ပဲခူးတိုင်းစစ်ဒေသခွဲက သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ