▪︎ပေါက်ကွဲသံ (၅)ကြိမ်ထက်မနည်းကြားရပြီး သေနတ်သံများပါကြားရကြောင်း ပြည်သူများပြော
ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ယနေ့ညတွင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးပေါက်ကွဲသံများကျယ်လောင်စွာကြားရကြောင်း ရန်ကုန်မြို့ပြအဖွဲ့မှ ရဲဘော်တစ်ဦးနှင့် ပြည်သူများက People’s Spring သတင်းဌာနသို့ ပြော သည်။
“လေတပ်ထဲကို လေးလုံးကျတယ်။ မီးလည်းလောင်နေတယ်ကြားတယ်”ဟု ၎င်းကပြောသည်။
ယနေ့( ဧပြီ ၆ ရက်) ည ၉ နာရီ ၁၅ ခန့်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲသံများကို အခြားမြို့နယ်များကပင်ကြားရကြောင်း မြို့ပြရဲဘော်တစ်ဦးကပြောသည်။
“လေယာဉ်ပြေးလမ်းပေါ်ကိုကျတယ်ကြားတယ်။ မီး သတ်ကားတွေလည်းဝင်သွားတယ်တဲ့။ ဖြစ်တဲ့နေရာကို ရန်ကုန်တစ်မြို့လုံးက အင်အားတော်တော်များများပို့ထားတယ်ကြားတယ်”ဟု အဆိုပါရဲဘော်ကဆက်ပြောသည်။

Public Service Announcement
ပေါက်ကွဲသံ (၅)ကြိမ်ထက်မနည်းကြားရပြီးနောက် သေနတ်သံများဆက်တိုက်ကြားရပြီး လေတပ်ဝန်းနှင့်ကပ်လျက် Terminal ဆီဆိုင် ယခင်နေရာဟောင်းအနီးတွင် မီးစွဲလောင်ခဲ့ကြောင်းလည်း ဒေသခံပြည်သူများက ပြောသည်။
“နောက်ဆုံးအလုံက အကျယ်ဆုံးနဲ့ (အိမ်)အတုန်ဆုံးပဲ”ဟု မဂ်လာဒုံမြို့နယ်မှ ဒေသခံပြည်သူတစ်ဦးက လည်းပြော သည်။
ထို့အပြင် စစ်ကောင်စီအုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သူတစ်ဦး၏ပြောဆိုချက်အရ လေတပ်ဝန်းအတွင်းသို့ ရှော့တိုက်ဒုံး (၅)လုံးထက်မနည်းကျရောက်ပေါက်ကွဲခဲ့ရာ တစ်လုံးမှာ လေယာဥ်ပြေးလမ်းပေါ်သို့ကျရောက်ခဲ့ကြောင်း စုံစမ်းသိရသည်။
ထိခိုက်ပျက်စီးမှုအခြေအနေများကိုမူ People’s Spring က မသိရသေးပါ။
အထက်ပါ လေတပ်ဝန်းတိုက်ခိုက်ခံရပြီးနောက် မဂ်လာဒုံမြို့နယ်နှင့် ထိစပ်နေသည့် မြောက်ဥက္ကလာ၊ မြောက်ဒဂုံစသည့်မြို့နယ်များအပါအဝင် ရန်ကုန်ုမြို့နယ် စစ်ကောင်စီတပ်များ ခြေရှုပ်လျှက်ရှိကာ လမ်းများတွင် စစ်ကောင်စီတပ်ကစစ်ဆေးမှုများပြုလုပ်လျှက်ရှိသည်။
မဂ်လာဒုံလေတပ်ဝန်းအား ရှော့တိုက်ဒုံးများဖြင့် တိုက်ခိုက်ခြင်းနှင့်စပ်လျဥ်းပြီး မည်သည့်တော်လှန်ရေးအဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုခြင်းကိုမူ မသိရသေးပေ။


















































