Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးအရွေ့မှာ PDF တပ်မတော် စွမ်းဆောင်နိုင်မှုအပေါ်မူတည်နေ၍ ယခုနှစ်တွင် ပိုရုန်းရမည်ဟု ကာကွယ်ရေးဝန်ကြီးပြော

PDF တပ်မတော် စုစည်းခိုင်မာအားကောင်းရေး အသက်တမျှ အရေးကြီးကြောင်း၊ PDF ဂုဏ်သတင်းကောင်းကို ဆက်လက်ထိန်းသိမ်း၊ မြှင့်တင်ကြရန် ရဲဘော်အားလုံး၌ တာဝန်ကိုယ်စီရှိကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

(အကြမ်းဖက် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် Mandalay People's Defence Forceမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Mandalay People's Defence Force)
(အကြမ်းဖက် စစ်ကောင်စီတပ်အား ခုခံတိုက်ခိုက်နေသည့် Mandalay People's Defence Forceမှ ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - Mandalay People's Defence Force)

▪️စစ်အုပ်စုအနေဖြင့် ပြည်သူ့တော်လှန်ရေးကို အနိုင်ယူဖြိုဖျက်ရန် မဖြစ်နိုင်တော့ဟု ပြော

ယခုရောက်ရှိလာသည့် မြန်မာနှစ်သစ်တွင် တော်လှန်ရေးအရွေ့အတွက် ပို၍အားထုတ်ရမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

မြန်မာနှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် PDFတပ်မတော်သို့ ပေးပို့သည့် ပြည်ထောင်စုဝန်ကြီး၏ တော်လှန်နှစ်သစ် သဝဏ်လွှာ၌ ယခုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“၁၃၈၅ ခုနှစ်ဟာ ငါတို့တော်လှန်ရေးအနေနဲ့ပြောမယ်ဆိုရင် ခုခံတွန်းလှန်စစ် ဒုတိယနှစ် ဖြစ်တယ်။ ဒီနှစ်မှာ ငါတို့တွေ အရင်ထပ်ပိုပြီး ရုန်းကြမယ်၊ ညီကြမယ်၊ တသံတည်းညီ တချီတည်းရုန်းကြဖို့ ဖြစ်တယ်။ ငါတို့တော်လှန်ရေးနဲ့ အရွေ့ဟာ ငါတို့ PDFတပ်မတော်ရဲ့ စုစည်း၊ ညီညွတ်၊ စွမ်းဆောင်နိုင်မှုအပေါ် မူတည်နေတာဖြစ်တယ်။ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မုချတည်ဆောက်နိုင်ရမည်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နိုင်ငံတကာရေး အဖက်ဖက်၌ အရေးမလှ ဖြစ်နေသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ရေးအရ ကြည့်မယ်ဆိုရင် စစ်အုပ်စုအဖို့ ဒင်းတို့ စစ်စခန်း၊ ရဲစခန်းကနေ အပြင်ထွက်လိုက်တာနဲ့ပဲ ရန်သူ့နယ်မြေ၊ ငါတို့ မလုံခြုံဘူး၊ အသက်အန္တရာယ်ရှိတယ် ဆိုတဲ့ စိတ်ခံစားချက်ကို ရရှိနေမှာဖြစ်တယ်။ အခု ငါတို့ PDF တပ်မတော်ဟာ ပြည်သူလူထုတရပ်လုံး ပူးပေါင်းပါဝင်မှုနဲ့ ပြည်သူကို အခြေခံတဲ့ ပြည်သူ့စစ်မဟာဗျူဟာ ကို စနစ်တကျ စွဲကိုင်၊ ချမှတ်ဆောင်ရွက်နေတာဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

စစ်အုပ်စုအနေဖြင့် တစ်နိုင်ငံလုံး၌ ပြည်သူ့တော်လှန်ရေး အင်အားစုများနှင့် စစ်မျက်နှာဖွင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။

“အားလုံးရဲ့ စုပေါင်းတိုက်ပွဲဝင် ကြိုးပမ်းမှုကြောင့် အခုဆိုရင် မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ အများအပြားကို ငါတို့ရဲ့ စိုးမိုးနယ်မြေအဖြစ် ဖော်ဆောင်နိုင်ပြီဖြစ်တယ်။ ဒါ့အပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော်လို မြို့ကြီးတွေမှာလည်း မြို့ပြပျောက်ကြားလှုပ်ရှားမှုတွေက စစ်အုပ်စုကို စဉ်ဆက်မပျက် ခြိမ်းခြောက်၊ ဒုက္ခပေးနေတာဖြစ်တယ်”ဟု ၎င်း ဆက်ပြောသည်။

ထို့အပြင် သေချာသည်မှာ အကြမ်းဖက်စစ်အုပ်စု အနေဖြင့် ပြည်သူ့တော်လှန်ရေးကို အနိုင်ယူ ရန် မဖြစ်နိုင်ဟု ၎င်းက ဆိုသည်။

“ငါတို့ပြည်သူ့တော်လှန်ရေးကို အနိုင်ယူ၊ ဖြိုဖျက်နိုင်ဖို့ဆိုတာ ရုပ်ဝတ္ထုအင်အားအရကော စိတ်ဓာတ်အင်အားအရ လုံးဝ မဖြစ်နိုင်တော့ဘူးဆိုတာပဲ။ စစ်အာဏာသိမ်းပြီးနောက် လက်နက်စွဲကိုင် ခုခံတော်လှန်ရေး အချိန် (၂)နှစ်မပြည့်ခင်မှာ ဒီလောက်ထိ အခြေအနေမျိုး ရောက်အောင် ဝိုင်းဝန်းကြိုးပမ်း တိုက်ပွဲဝင်ခဲ့ကြတဲ့ ပြည်သူတရပ်လုံးနဲ့အတူ PDF တပ်မတော်သားအားလုံးကို အထူးဂုဏ်ပြုကြောင်းလည်း ပြောကြားချင်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

တစ်ဖက်တွင်လည်း အဖက်ဖက်က အကြပ်အတည်းဆိုက်လာသည့် အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူ့တော်လှန်ရေးကို တတ်နိုင်သမျှဟန့်တားနှောက်ယှက်ရန် ပုံစံမျိုးစုံဖြင့် အားထုတ်ကြိုးပမ်းနေကြောင်း ဝန်ကြီးက သတိပေးသည်။

“အထူးသဖြင့်၊ ကြွက်မနိုင် ကျီမီးနဲ့ရှို့ဆိုတာလိုပဲ စစ်အုပ်စုဟာ ငါတို့ PDF တပ်မတော်ကို အနိုင်ယူဖို့ မဖြစ်တော့တဲ့အခါ သာမန်ပြည်သူတွေကို တမင်ဦးတည်ပြီး တိုက်ခိုက်တာတွေ၊ အကြမ်းဖက်တာတွေကို ပိုပြီးလုပ်လာတယ်။ နောက်၊ အခုချိန်မှာ သူတို့ရဲ့ ပဓာနအားသာချက်ဖြစ်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ဘက်-အရပ်ဘက် ပစ်မှတ်မခွဲခြားဘဲ တောက်လျောက်လုပ်နေတယ်။ အရပ်သားပြည်သူ ကျေးရွာတွေကို ပိုပြီး မီးရှို့လာတယ်၊ ဖျက်ဆီးလာတယ်။ ဒါကပြောရရင် ဒင်းတို့ ဖက်ဆစ်တပ်ရဲ့ လုပ်ရိုးလုပ်စဉ်ဖြစ်သလို ငါတို့ PDF တပ်မတော်အနေနဲ့ကတော့ ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို ပိုပြီး ကာကွယ်စောင့်ရှောက်ပေးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောကြားသည်။

ထို့ပြင် ရန်သူက PDFကို ပုံဖျက်ရန်၊ PDF တပ်မတော်၏ ပုံရိပ်ကျဆင်းစေရန် သွေးခွဲဖြိုဖျက်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလနေသည်ဟု ဆိုသည်။

“ငါတို့ဟာ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ပွဲ ဝင်နေချိန်မှာ တဖက်ကလည်း ငါတို့ PDF တပ်မတော်ကို ကျားကုတ်ကျားခဲ တည်ဆောက်နေရတာလည်း ဖြစ်တယ်။ အမိန့်ပေးကွပ်ကဲမှုစနစ် မှန်ကန်၊ အားကောင်း၊ ခိုင်မာတဲ့ တပ်မတော်တရပ်ဖြစ်ဖို့၊ ကျင့်ဝတ် စည်းကမ်း ကောင်းမွန်တဲ့ တပ်မတော်တရပ်ဖြစ်ဖို့ ငါတို့အားလုံး ကြိုးပမ်း တည်ဆောက်နေတာ ဖြစ်တယ်။ ငါတို့ PDF တပ်မတော်ရဲ့ စွမ်းဆောင်ရည်နဲ့ လုပ်ဆောင်နိုင်မှုဟာ ဒီတော်လှန်ရေးအောင်ပွဲနဲ့ တိုက်ရိုက် အချိုးကျနေတယ်ဆိုတာလည်း ရဲဘော်တို့ နားလည်ကြပြီးဖြစ်တယ်”ဟု ဝန်ကြီး ဦးရည်မွန်က ပြောသည်။

PDF တပ်မတော် စုစည်းခိုင်မာအားကောင်းရေး အသက်တမျှ အရေးကြီးကြောင်း၊ PDF ဂုဏ်သတင်းကောင်းကို ဆက်လက်ထိန်းသိမ်း၊ မြှင့်တင်ကြရန် ရဲဘော်အားလုံး၌ တာဝန်ကိုယ်စီရှိကြောင်းလည်း ဝန်ကြီးက ပြောကြားခဲ့သည်။

“PDFတွေရဲ့လုပ်နိုင်စွမ်းအားကလည်း လက်နက်ရရှိရေး၊ စုဖွဲ့မှုနဲ့ အမိန့်ပေးစနစ်အားကောင်းမှုပေါ်မှုတည်ပါတယ်။ အညာမှာလက်နက်တပ်ပေးရင် တိုက်ရဲ၊သေရဲတဲ့ PDFလူငယ်တွေအများကြီးရှိပါတယ်။”ဟု မကွေးတိုင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ခရိုင်တပ်ရင်းမှူးတစ်ဦးက ပြောသည်။

စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသည့် နောင်ရိုးအဖွဲ့မှ ပြန်ကြားရေး တာဝန်ခံက “၀န်ကြီးနဲ့ အထက်လူကြီးတွေမှာ ပိုပြီးတာဝန်ရှိတယ် ကျနော်အမြင်ပေါ့ဗျာ။ လက်ရှိစုစည်းရေးမှာ ဦးဆောင်သူတွေရဲ့အခန်ကဏ္ဍကပိုအရေးပါတယ်။ နောက်ပြီး ကျောသားရင်သားမခွဲခြားဖို့လိုမယ်။ ဥပမာဗျာ – ပကဖနဲ့ရင်းနီးမှ လက်နက်နဲ့ငွေကြေးထောက်ပံ့ပြည့်ပြည့်ဝဝရတယ်ဆိုတာမျိုး မဖြစ်သင့်တာတွေ၊ ကျနော်တို့ဆို လက်ရှိကြုံနေရတာက တကယ်လုပ်နေတဲ့ဖွဲ့စည်းဖြစ်ပေမယ့် နုကြည်က ချပေးတဲ့ ခဲယမ်းထောက်ပံ့ငွေ ပြည့်ဝမရပါဘူး။ ပကဖနဲ့ရင်းနီးတဲ့ ပကဖ ပိုင်တဲ့ အဖွဲ့တွေက လက်ဝါးကြီးအုပ်ထားကြတာ။ သူတို့ကြ များများရတယ်။ မညီမျှမှုတွေလေ။ မဖြစ်သင့်တာ။ လူကြီးတွေက မမှန်ကန်မှတော့ ဘယ်လိုလုပ်စုစည်းနိုင်မလဲ”ဟု ပြောသည်။

“ကျွန်တော်တို့ PDF တွေဆိုတာ ပြည်သူ့ကာကွယ်ရေးအတွက် အလုပ်လုပ်နေတာပါ။ အာဏာရှင်ကို အလိုမရှိလို့ ခုမှပေါ်လာခဲ့ပေမဲ့ အာဏာရှင်ကိုတိုက်ဖို့ ဘယ်တိုင်းရင်းသား လက်နက်ကိုင်နဲ့မဆို ကိုယ်ကျိုးမကြည့်ပဲ အာဏာရှင်ကိုမောင်းထုတ်ဖို့ ဆုံးဖြတ်ထားပြီးသားပါ။ PDF က ကျွန်တော်တို့နယ်မှာ အားလုံးရဲ့ လေးစားမှုရှိနေပါပြီ”ဟု မြောင်မြို့နယ်ဒေသကာကွယ်တပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

မေးမြန်းခန်း

■ဆလိုင်းထက်နီနဲ့ မေးမြန်းခန်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ချင်းအမျိုးသားတပ်ဦး(CNF)တို့ဖြင့်ဖွဲ့စည်းထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ဟာ လတ်တလောမှာ တော်လှန်ရေးအင်အားစုတွေကို ဆက်တိုက် တွေ့ဆုံဆွေးနွေး​နေပါတယ်။ SCEFအဖွဲ့ဝင်ချင်းအမျိုးသားတပ်ဦး(CNF)ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်သလို ၊SCEF ရဲ့အတွင်း​ရေးမှူးအဖွဲ့ဝင် ဆလိုင်းထက်နီကို ဆက်သွယ်ပြီး လတ်တလော တွေ့ဆုံဆွေးနွေးမှု​တွေအ​ကြောင်း၊CNFအပါအဝင် ချင်းဒေသကာကွယ်ရေးတပ်(CDF) တွေနဲ့ စုဖွဲ့ထားတဲ့...

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။