မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ နယ်ခြားရွာရှိ စစ်ကောင်စီတပ်နှင့်ပျူစခန်းကို PDFမဟာမိတ်တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း၂၊ တပ်ခွဲ၃ Myingyan Rangerအဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့်မေလ ၁၃ ရက်နေ့ နံနက်ပိုင်းက မြင်းခြံမြို့နယ်၊ နယ်ခြားကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းအားPDF မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မဟာမိတ်တပ်ပေါင်းစုများက စခန်းတွင်းအထိ ဝင်ရောက်နိုင်ခဲ့သော်လည်း ရာသီဥတုဆိုးရွားလာ၍ စခန်းမသိမ်းနိုင်ဘဲ ပြန်ဆုတ်ခဲ့ ရကြောင်း အထက်ပါ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်နှင့်ပျူများဘက်က ၅ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူအများအပြားရှိကြောင်း၎င်းက ဆိုသည်။ စစ်သားနှင့်ပျူ ၅ ဦးသေဆုံးမှုကို သတင်းပေးမှတစ်ဆင့်အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်ဟု တာဝန်ခံကဆက်ပြောသည်။သို့သော် စစ်သားနှင့်ပျူများသေဆုံးမှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။
“စခန်းထဲအထိတော့ကျွန်တော်တို့ထိုးဖောက်နိုင်ခဲ့တယ်ဗျ ။ ဒါပေမယ့်ရာသီဥတုအခြေအနေဆိုးဝါးပြီးတော့ ရှေ့ဆက်မတက်နိုင်တော့ပဲ ပြန်ဆုတ်ခဲ့ရတာဗျ။ အလက်(သေနတ်)တွေ ကတော့မသိမ်းနိုင်ခဲ့ဘူး ။စခန်းကိုအပြီးမသိမ်းနိုင်ခဲ့ဘူးပဲပြောရမှာပေါ့ဗျ “ဟု ပြန်ကြားရေးတာဝန်ခံက People’s Spring သို့ပြောသည်။

Public Service Announcement
အဆိုပါစစ်ဆင်ရေးအား Myingyan Ranger(မြင်းခြံခရိုင်တပ်ရင်း၂၊ တပ်ခွဲ၃)၊ PDF Taloke (မြင်းခြံခရိုင် တပ်ရင်း၂၊ တပ်ခွဲ ၁)၊ BGF Myingyan၊ မြင်းခြံခရိုင် တပ်ရင်း ၃၊ MGN 35၊ MDY PDF၊ Moblie PDF၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့၊ YSO-ISA၊ ကျေးရွာတပ်ပေါင်းစု-မြောင်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲတွင် မဟာမိတ်အဖွဲ့များဘက်မှအထိအခိုက်မရှိကြောင်း အသိပေးထားသည်။
PDFမဟာမိတ်အဖွဲ့များသည်မေလ ၇ ရက်နေ့ကလည်းမြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်ရှိ မြို့သာရဲစခန်းကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့သည်။


















































