စစ်ကိုင်းမြို့နယ်ရှိ ပဒူကျေးရွာကို စစ်ကောင်စီတပ်က တစ်လအတွင်း ၁၅ကြိမ်ထက်မနည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ယနေ့အထိ ဒေသခံပြည်သူများမှ ကျေးရွာအတွင်း ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးကြောင်း ဒေသခံများက ပြောသည်။
ပြီးခဲ့သည့် မေလ ၁၉ ရက်က အိမ်ခြေထောင်ချီရှိသည့် ပဒူကျေးရွာကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။
စစ်ကောင်စီတပ်မှာ ကျေးရွာအတွင်း၌ ယနေ့အထိ တပ်စွဲထားပြီး မကြာခဏ မီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။
“တစ်လကျော်တဲ့အထိ ပဒူရွာကပြည်သူတွေ ရွာထဲ၀င်မရသလို ပဒူစခန်းတပ်စွဲထားတဲ့ စစ်ခွေးတွေကရွာကိုလည်း ရက်ခြားမီးရှို့နေတာ ၁၅ ကြိမ်အထက်ရှိနေပါတယ်။”ဟု ဒေသတွင်းစစ်ရှောင်ကူညီနေသူတစ်ဦးက ပြောသည်။

Public Service Announcement

ပဒူကျေးရွာမှ ဒေသခံပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားဝတ်နေရေးအပြင် နွားစာအတွက်ပါ အခက်အခဲများ ရင်ဆိုင်နေရသည်ဟု ဆိုသည်။
ထို့အပြင် ထွက်ပြေးတိမ်းရှောင်ရသည့် ပြည်သူများမှာ တောထဲနှင့် နီးစပ်ရာကျေးရွာများတွင် နေထိုင်နေရပြီး စစ်ကိုင်းမြို့ပေါ်၌ စစ်ရှောင်ပြည်သူများအနက် ၉ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
မေလ ၁၉ ရက်က ပဒူရဲစခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုများက စခန်းသိမ်းဝင်ရောက်တိုက်ခိုက်ရာ အထိအခိုက်များခဲ့သည်။ ထို့နောက် ကျေးရွာနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၅၀၀ကျော်ပြာကျခဲ့ပြီး စစ်ကောင်စီတပ်က တပ်စွဲထားခဲ့သည်။
စစ်ကိုင်းတိုင်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ၎င်း၏ အပေါင်းအပါများ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၁ မေ ၁ ရက်မှ ၂၀၂၃ မေ ၃၁ ရက်အထိ နေအိမ်ပေါင်း၅၃,၈၁၆ လုံး ပျက်စီးဆုံးရှုံးခဲ့ကြောင်း Data For Myanmar က ထုတ်ပြန်ထားသည်။
