မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် ရှစ်လေးလုံး နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် တပ်မ(၁၀၁)နှင့် စစ်ကောင်စီအထိုင် စခန်း နှစ်ခုကို တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယနေ့ (သြဂုတ် ၈ရက်)ညနေ ၃နာရီခန့်က စစ်ကောင်စီ အထိုင်စခန်း နှစ်ခုဖြစ်သော အင်ပင်ဂိတ်စခန်း၊ အရှေ့ဘုန်းကန်ရွာ ပျူစောထီးစခန်းနှင့် တပ်မ(၁၀၁)တို့အား ရှစ်လေးလုံး (၃၅)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဒေသတွင်း တပ်ဖွဲ့ငါးဖွဲ့ပူးပေါင်းကာ တာဝေးပစ်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အဆိုပါ စစ်ဆင်ရေးကို Pakokku Special Guerrilla Force-PSGF (ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ) ၊ Dragon Force ၊ ကျေးလက်ဒေသ ပြောက်ကျားတပ်ဖွဲ့၊ BRR – PDF ၊သူရိန်တပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

တပ်မ(၁၀၁)သို့ တာဝေးပစ်ဒုံး လုံးကျရောက် ပေါက်ကွဲခဲ့ပြီး တစ်ဦးသေဆုံးကြောင်း ပခုက္ကူ(ပကဖ)အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement
“ တပ်မ (၁၀၁)က ထောက်ပို့တပ်သားတစ်ယောက်သေတယ်။ အင်ပင်ဂိတ်နဲ့ ပျူစခန်းကတော့ မကြားသေးဘူး။” ဟု ၎င်းက ပြောသည်။
အရှေ့ဘုန်းကန်ရွာရှိ ပျူစခန်းလည်း လေးလုံးကျရောက်ပေါက်ကွဲခဲ့ပြီး စစ်အုပ်စုက အင်ပင်စစ်ဆေးရေးဂိတ်မှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Pakokku Special Guerrilla Force-PSGF အဖွဲ့က အသိပေးသည်။
အင်ပင်စစ်ဆေးရေးဂိတ်သည် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက် ငွေတောင်းခံခြင်း၊ ဖမ်းဆီးနှိပ်စက်မှုများ ပြုလုပ်လေ့ရှိပြီး အရှေ့ဘုန်းကန်ရွာ ပျူစခန်းများကလည်း စစ်ကောင်စီတပ်နှင့်ပေါင်း၍ စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိသည်။
အဆိုပါ နေရာများအား ပခုက္ကူ၊ ရေစကြိုနှင့် မြိုင်နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏတိုက်ခိုက်နေသည်။
















































