လက်နက်ကြီး၊လက်နက်ငယ် အများအပြားရရှိ
ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတိုက်ပွဲအတွင်း စစ်ကောင်စီ၏ တပ်ရင်းမှူး၊ဒုတပ်ရင်းမှူးများအပါအဝင် ၇၀ကျော်သေဆုံးပြီး လက်နက်ကြီး၊လက်နက်ငယ်အများအပြားရရှိကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယနေ့ ထုတ်ပြန်သည်။
ဒီးမော့ဆိုမြို့မှ ဖရူဆိုမြို့ဖက်သို့ ဦးတည်၍ ပြည်ထောင်စုလမ်းမကြီးအတိုင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ(၅၅) လက်အောက်ခံတပ်များနှင့် ကရင်နီပြည်တော်လှန်ရေးပူးပေါင်းတပ်များအကြား သြဂုတ် ၂ရက်မှ သြဂုတ်၁၄ရက်အထိ နှစ်ပတ်တာ ထိတွေ့တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် စစ်ကြောင်းထိုးဝင်လာသည့် တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ (၁၁၂)နှင့် ခလရ (၃)တပ်များဖြစ်သည်။

Public Service Announcement
သြဂုတ် ၁၀ရက်မှ သြဂုတ် ၁၂ရက်အတွင်း ငွေတောင်ရွာသစ်နှင့် ထီးသော်ကူးကျေးရွာတို့တွင် တိုက်ပွဲများအထူးပြင်းထန်ဖြစ်ခဲ့ပြီး ကရင်နီပူးပေါင်းတပ်များမှ ညီညွတ်စွာ ချေမှုန်းတိုက်ခိုက်ခဲ့၍ တပ်မ (၅၅) လက်အောက်ခံတပ်များဖြစ်သည့် ခမရ(၁၁၂) ၄၅ဦးနီးပါး ထိခိုက်သေဆုံးပြီး၊ ခလရ(၃)မှ တပ်ရင်းမှူးနှင့် ဒုရင်းမှူး အပါအဝင် ၂၆ဦးခန့် ထိခိုက်သေဆုံးခဲ့ကာ လက်နက်ငယ်အစုံ ၁၅လက်၊ လက်နက်ကြီးတစ်လက် အပါအဝင် ဆက်စပ်ခဲယမ်းမီးကျောက်များ၊ ကျည်ဆံများနှင့် အသုံးအဆောင်ပစ္စည်းများအား သိမ်းဆည်းရရှိ ခဲ့သည်။

“ဒီးမာ့ဆို – ဖရူဆိုလမ်းပိုင်းတိုက်ပွဲမှာ စစ်ကောင်စီဘက်က စုစုပေါင်း အင်အား ၂၀၀လောက်ရှိလိမ့်မယ်။အခုရက်ပိုင်းတိုက်ပွဲ ပြန်ငြိမ်နေတယ်ဆိုတာလည်း သူတို့ဘက်က ထိုးစစ်မစသေးတာပါတယ်”ဟု KNDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။
ဒီးမော့ဆို – ဖရူဆိုလမ်းပိုင်းတိုက်ပွဲ၌ ကရင်နီတပ်မတော်(KA)၊ ကရင်နီပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ အလယ်ပိုင်းတိုင်း -ကရင်နီ(ကယား)စစ်ဒေသခွဲတပ်ရင်းများပူးပေါင်းစစ်ကြောင်း၊ ဒီးမော့ဆိုပြည်သူ့ကာကွယ်ရေးတပ် (DMO Local PDF) ကရင်နီဝံပုလွေစစ်ကြောင်းနှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ဒီးမော့ဆို – ဖရူဆို ပြည်ထောင်စုလမ်းမကြီးပေါ်တွင် လက်ရှိအချိန်ထိ အထက်ဖော်ပြပါ တိုက်ပွဲဖြစ်ပွားခဲ့သော နေရာများတွင် စစ်ကောင်စီတပ်များနှင့် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်များအကြား စစ်ရေးတင်းမာနေဆဲဖြစ်သောကြောင့် အချိန်မရွေးထိတွေ့မှုဖြစ်နိုင်၍ ပြည်သူများအနေဖြင့် ဖြတ်သန်းသွားခြင်းများမပြုလုပ်ကြရန်နှင့် စစ်ရေးသတိရှိစွာ သွားလာနေထိုင်ပေးရန် KNDFက တိုက်တွန်းသည်။
ထိတွေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များအား ချေမှုန်းတိုက်ခိုက်ရင်း ကရင်နီတပ်မတော်(KA)မှ ဒုဗိုလ်တစ်ဦး၊ KNDF/B-04 မှ ရဲဘော်တစ်ဦးနှင့် KNDF/B-19မှ ရဲဘော်တစ်ဦးတို့ ကျဆုံးခဲ့သည်။

ကရင်နီပြည်နယ်အတွင်း စစ်ရေးအရှိန်မြင့်လာသည်နှင့်အလျောက် ကရင်နီပြည်ရှိ တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသည် ညီညွတ်မှုနှင့် အမိန့်ပေးကွပ်ကဲမှုတစ်ခုထဲဖြင့် စစ်ကောင်စီတပ်များကို ချေမှုန်းတိုက်ခိုက်လျက်ရှိပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်နိုင်သည်အထိ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။
