မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆင်ဖြူရှင်တံတားရှိ စစ်ကောင်စီ၏ဂိတ်စခန်းအား ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ရာ နှစ်ဖက်ထိခိုက်မှုရှိကြောင်း သတင်းရရှိသည်။
နိုဝင်ဘာ ၆ ရက် နံနက် ၅နာရီခန့်က စတင်ပြီး နံနက် ၉ နာရီခွဲခန့်အထိ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးမှုများရှိကြောင်းနှင့် PDF ရဲဘော် လေးဦးကျဆုံးခဲ့ကြောင်း PDFအဖွဲ့နှင့်နီးစပ်သည့် ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။
“ခရိုင်တပ်ရင်းတွေက ဝင်တိုက်တာလို့သိရတယ်။ ကျွန်တော်ကြားတာကတော့ ရဲဘော်လေးယောက်ကျတယ်။ တစ်ယောက်ဒဏ်ရာရတယ်။ တစ်ယောက်ကတော့ ဘော်ဒီက ပြန်မကောက်နိုင်ခဲ့ဘူး”ဟု ဒေသတွင်းPDFရဲဘော်တစ်ဦးက ပြောသည်။
ထို့အပြင် စစ်ကူလာသည့် စစ်ကားတစ်စီးကိုလည်း မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း PDF နှင့် နီးစပ်သူများက ပြောသည်။

Public Service Announcement
တိုက်ပွဲနှင့်ပတ်သက်၍ သွားရောက်တိုက်ခိုက်ခဲ့သည့်အဖွဲ့များက ယနေ့အထိ ထုတ်ပြန်ခြင်းမရှိသေးပေ။
ဆင်ဖြူရှင်တံတားသည် မကွေးတိုင်းနှင့် စစ်ကိုင်းတိုင်း ဆက်သွယ်ထားသော တံတားတစ်စင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၀၂၂ ဇွန်လ ၉ ရက်ကလည်း အဆိုပါတံတားရှိ ဂိတ်စခန်းကို မဟာမိတ်အဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား သုံးဦးသေဆုံးပြီး တစ်ဦး အရှင်ဖမ်းမိခဲ့သေးသည်။
