Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်၊ စစ်ကိုင်း၊ ကချင်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းမှာ အာဇာနည်နေ့ အထိမ်းအမှတ် ဆန္ဒပြ

ရန်ကုန်၊ စစ်ကိုင်း၊ ကချင်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၇)နှစ်မြောက် အာဇာနည်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၁၉)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

သုည/People’s Spring

ရန်ကုန်၊ စစ်ကိုင်း၊ ကချင်၊ ဧရာဝတီနဲ့ တနင်္သာရီတိုင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက (၇၇)နှစ်မြောက် အာဇာနည်နေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေ ယနေ့ (ဇူလိုင် ၁၉)မှာ အသီးသီး ဆန္ဒပြခဲ့ပါတယ်။

မုန်တိုင်းကြားက သက်တံများအဖွဲ့နဲ့ စမ်းချောင်းပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ ပြည်သူတွေရဲ့ ခံစားချက်တွေ၊ တော်လှန်ရေးညီအစ်ကို မောင်နှမတွေရဲ့ စိတ်ဓာတ်တွေ ပြင်းထန်နေတုန်း ခိုင်မာနေတုန်းဆိုတာကို ပြသတဲ့အနေနဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေနဲ့အတူ နွေဦးတော်လှန်ရေးအတွင်း မြင့်မြတ်စွာကျဆုံးသွားသော တော်လှန်ရေးရဲဘော်တွေ အားလုံးကို လွမ်းဆွတ်သတိရပြီး အလေးပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီသပိတ်စစ်ကြောင်းက ဦးဆောင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း၊ မတရားတဲ့ စစ်မှုထမ်းဥပဒေအလိုမရှိကြောင်း ကြွေးကြော်ချီတက်ဆန္ဒပြခဲ့ပါတယ်။

ဘုတလင်မြို့နယ် ကျေးရွာတစ်ရွာမှာလည်း သပိတ်အင်အားစု၊ လူငယ့်အားမာန်သပိတ်ဦး ဆောင်ကော်မတီနဲ့ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီတို့ ပူးပေါင်းကာ တော်လှန်ရုပ်ရှင်ပြသခြင်းနဲ့ လူထုနိုင်ငံရေးတရားဟောပြောခြင်း အစီအစဥ် ပြုလုပ်ခဲ့ပါတယ်။

လက်ပံတောင်းတောင်ဒေသမှာလည်း သပိတ် စစ်ကြောင်းက (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် လူထုလှုပ်ရှားမှု သပိတ်ထွက်ရှိခဲ့ရာတွင် “အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေ သွေးနဲ့ရေးထိုးကြ” စာသားကို ကိုင်ဆောင်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ဟစ်ကြွေးသံတွေနဲ့ သပိတ် ချီတက်ခဲ့ပါတယ်။

ကလေးမြို့နယ်မှာလည်း လူထုတိုက်ပွဲဦးဆောင် ကော်မတီက (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် လူသပိတ်ကို တော်လှန်သော ဒေသခံပြည်သူထုတရပ်လုံးနဲ့ ပြုလုပ်ခဲ့ပါတယ်။

မုံရွာမြို့နယ်တစ်နေရာမှာလည်း အာဇာနည်နေ့မှာ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ အာဇာနည်သူရဲကောင်းကြီးတွေ၊ နွေဦတော်လှန် ရေး တိုက်ပွဲအတွင်း ကျဆုံးခဲ့ကြသော သူရဲကောင်းတွေကို အောက်မေ့တသသောအားဖြင့် လွမ်းသူပန်းခွေချခြင်း၊ အလေးပြုခြင်းတွေ ပြုလုပ်ခဲ့ပါတယ်။

မြောင်မြို့နယ်မှာလည်း ဒီနေ့ ကျရောက်တဲ့ (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အဖြစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်များအပါအဝင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသွားသော ရဲဘော်များကို အောက်မေ့သတိရစွာ လွမ်းသူပန်းခွေတွေနဲ့ အလေးပြုခဲ့ပါတယ်။

တန့်ဆည်မြို့နယ်မှာလည်း ကြားကာလပညာရေးကျောင်းတွေ စုပေါင်းကာအာဇာနည်နေ့ အခမ်းအနားအဖြစ် ဗိုလ်ချုပ်မိန့်ခွန်းပြိုင်ပွဲ၊စာစီစာကုံးကဗျာ ပန်းချီပြိုင်ပွဲတွေ၊ Grade 12 မြန်မာစာသင်ခန်းစာတွင်ပါရှိသော အာဇာနည် မိခင်ပြဇာတ် သရုပ်ဖော်တင်ဆက်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ကချင်ပြည်နယ် ဖားကန့်မြို့မှာလည်း အာဇာနည်နေ့ အခမ်းအနားနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်ပြုလုပ်ခဲ့ပြီး အာဇာနည် ၉ ဦးနဲ့အတူ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက် ရေး၊ နွေဦးတော်လှန်ရေးတွင် အသက်ပေးခဲ့ကြသော ပြည်သူတွေ ၊ KIA၊ PDFနဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းအသီးသီးမှ အာဇာနည်သူရဲကောင်းတွေ အတွက်လည်း ဆုတောင်းခဲ့ပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့နယ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် သပိတ်အဖွဲ့ဝင်များမှ “အဆုံးသတ်တိုက်ပွဲကို အာဇာနည်တွေသွေးနဲ့ရေးထိုးကြ” စာတန်း (ဗီနိုင်း)အား ကိုင်ဆောင်ကာ ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။

တနင်္သာရီတိုင်း ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီကနေ ဦးဆောင်ပြီး (၇၇) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားကျင်းပမယ့် နေရာကို လမ်းလျှောက် ချီတက်ခဲ့ကြပြီး အခမ်းအနားမှာတော့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာ၊ လွမ်းသူပန်းခွေချတာတွေအပြင် ဂုဏ်ပြုအမှတ်တရစကားတွေလည်း ပြောကြားခဲ့ပါတယ်။

သရက်ချောင်းမြို့နယ်မှာလည်း ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကနေ ဦးဆောင်ပြီး (၇၇)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့ပြီး အာဇာနည်ခေါင်းဆောင်ကြီးတွေကို အလေးပြုတာ၊ လွမ်းသူပန်းခွေချတာနဲ့ ဂုဏ်ပြုအမှတ်တရစကားပြောကြားခြင်းတို့ကို လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဂျပန်နိုင်ငံ၊ တိုကျိုမြို့ရှိ စစ်ကောင်စီလက်အောက်ခံ မြန်မာသံရုံးရှေ့တွင် ပြည်ပရောက်မြန်မာများ စုပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားနှင့် အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ရှုတ်ချပွဲကို ယနေ့ (ဇူလိုင် ၁၉) ပြုလုပ်ခဲ့သည်။

သတင်း

ဇူလိုင်-၁၉၊၂၀၂၅။သတိုး/People’s Spring ယနေ့ ဇူလိုင် ၁၉ ရက်တွင်ကျရောက်သည့် (၇၈) ကြိမ်မြောက် အာဇာနည်နေ့တွင် အာဇာနည် ကိုးဦးနှင့် ခေတ်အဆက်ဆက် ဒီမိုကရေစီအရေးအတွက် အသက်ပေးသူများအပါအဝင် နွေဦးတော်လှန်ရေးတွင် အသက်ပေးသူများအတွက် အောက်မေ့ဖွယ်အခမ်းအနားကို တောတွင်းတစ်နေရာ၌ ပြုလုပ်ခဲ့သည်။ ယင်းအခမ်းအနားကို တောင်ပိုင်းတိုင်းစစ်ဒေသ FFDF ဒရုန်းနည်းပညာ၊တိုက်ခိုက်ရေးတပ်ဖွဲ့ ၊...

သတင်း

စစ်ကိုင်း၊ မကွေးနှင့် တင်္နသာရီတိုင်းတို့တွင် တော်လှန်ပြည်သူများက ဦးဆောင်ပြီး ယနေ့ ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှုများ အသီးသီး ပြုလုပ်ခဲ့ကြသည်။

သတင်း

ဒီနေ့မှာ ကျရောက်တဲ့ အာဇာနည်နေ့ အခမ်းအနားကို စစ်ကောင်စီ ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ယခင်နှစ်တွေနည်းတူ တက်ရောက်ခွင့် မပေးခဲ့တာကို စစ်ကောင်စီက ထုတ်လွင့်တဲ့ အာဇာနည်နေ့ အခမ်းအနား မြင်ကွင်းအရ သိရပါတယ်။