စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များကို နိုင်ငံရေးနည်းလမ်းဖြင့် ဆွေးနွေးရန် ကမ်းလှမ်းကြောင်း ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပင် စစ်ကောင်စီကရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ကို ယနေ့ (စက်တင်ဘာ ၂၇ရက်) မနက်အစောပိုင်း၌လေကြောင်းမှ ထပ်မံ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၂ဦးထက်မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။
ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိရာ စက်တင်ဘာ မနက် ၃နာရီ ခွဲခန့်မှစ၍ ဗုံးကြဲတိုက်ခိုက်မှု သုံးကြိမ်ပြုလုပ်ခဲ့ရာ ရပ်ကွက်(၁) ပြည်သူ့ဆေးရုံရှေ့ရှိမြို့မစျေး အပါအဝင် အရပ်သား ပြည်သူနေအိမ်များ ထိမှန်ကာ အထိအခိုက် ပျက်စီးမှုများပြားခဲ့သည်ဟုသိရသည်။
“လောလောဆယ်တော့ ရပ်ကွပ်(၁) နယ်မြေ(၈)ထဲက အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးသေဆုံးတယ်လို့ သတင်းရရှိထားတယ်။ ဒဏ်ရာရရှိတဲ့သူတွေများတယ်လို့ ပြောတယ် အတိအကျတော့ မသိသေးဘူး။ဒီနေ့မနက် ကျရောက်တဲ့နေရာက အဓိက အရပ်သား ပြည်သူလူထုတွေရှိတဲ့နေရာပဲဖြစ်နေတယ်။ဒါကို စစ်ကောင်စီက ရည်ရွယ်ချက်ရှိ သိသိကြီးနဲ့ ဆက်လက်ပြီးတော့ အရပ်သား ပြည်သူလူထုတွေရှိတဲ့နေရာတွေကိုပဲ ဗုံးကြဲတိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗန်းရှင်းကိုလည်း ချိုးဖောက်ရာရောက်တယ် နိုင်ငံတကာ
စစ်ရာဇဝတ်မှုကို လည်း ထပ်လောင်းပြီးတော့ ကျူးလွန်တယ်လို့ ကျနော်တို့က အဲဒီလို ရှုမြင်တယ်။” ဟု ရှမ်းမြောက်ဒေသ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
စစ်ကောင်စီသည် စက်တင်ဘာ ၂၄ရက် နှင့် စက်တင်ဘာ ၂၅ရက် မနက်အစောပိုင်းများတွင်လည်း လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ဦးသေဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦးများစွာ ထိခိုက်ပျက်စီးခဲ့သည်။
လက်ရှိ အခြေအနေ မှာ ရှမ်းမြောက်ပြည်သူများအနေဖြင့် ခိုကိုးရာမဲ့ အခြေအနေ ရင်ဆိုင်နေရကြောင်း ဒေသခံက ပြောသည်။
“ ဒါတွေကို နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကုလသမဂ္ဂအပါအဝင်ပေါ့ဒါတွေအားလုံးက တိတ်ဆိတ်နေတာ ဝမ်းနည်းဖို့ကောင်းတယ်” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီသည် စစ်ရေးရှုံးနိမ့်ကာ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် မြို့ရွာများကို ယခု စက်တင်ဘာလအတွင်း လေကြောင်း တိုက်ခိုက်မှုများ တိုးလုပ်ခဲ့ရာ ယခုလအတွင်း ပြည်သူ ရာချီသေဆုံးခဲ့ရသည်။ စက်တင်ဘာ ၂၆ ရက်နေ့ကပင် ရက္ခိုင်ပြည်နယ် သံတွဲမြို့ရှိ စစ်ရှောင်များ ခိုလှုံရာနေရာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ ကလေးငယ်နှင့် သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူ ၁၄ဦးထက်မနည်းသေဆုံးကာ ၂၅ဦး ဒဏ်ရာရရှိခဲ့သည်။
တဖက်တွင်စစ်ကောင်စီက တော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်လုပ်ရပ်များရပ်တန့်ပြီး နိုင်ငံရေးပြသာနာကို နိုင်ငံရေးနည်းလမ်းဖြင့်ဖြေရှင်းရန်ကမ်းလှမ်းသည်ဆိုကာ စက်တင်ဘာ ၂၆ ရက် ညပိုင်းတွင်ထုတ်ပြန်ခဲ့သည်။ထိုသို့ထုတ်ပြန်ပြီး နာရီပိုင်းအကြာမှာပင် စစ်ကောင်စီက MNDAA သိမ်းပိုက်ထိန်းချုပ်ထားသော လားရှိုးမြို့ကို ဗုံးထပ်ကြဲခြင်းဖြစ်သည်။