ဆိုင်းမင်း/People’s Spring
အာဏာရှင်ဟောင်း ဦးသန်းရွှေရဲ့ သမက်ဖြစ်သူ ဒေါက်တာနေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းမှု ပျက်ပြားအောင် လူမှုကွန်ရက်ကနေ လှုံ့ဆော်တာကြောင့် ဖမ်းဆီးလိုက်ပြီလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
စစ်ကောင်စီရဲ့ ထုတ်ပြန်ချက် က ရန်ကုန်မြို့ ၊မရမ်းကုန်းမြို့ နယ်မှာ နေထိုင်တဲ့ ဒေါက်တာနေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေ ၆ နာရီ ခွဲမှာ မန္တလေး၊ ပြည်ကြီးတံခွန် ရဲစခန်းမှာ ဖမ်းဆီး အမှုဖွင့်ထားတယ်လို့ ဆိုထားပါတယ်။

Public Service Announcement
ဒေါက်တာနေစိုးမောင်ကို ဖမ်းဆီးရတဲ့ တိကျတဲ့ အကြောင်းရင်းကိုတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ မဖော်ပြပါဘူး။
အခုလို စစ်ကောင်စီက ထုတ်ပြန်ချက်မထုတ်ခင် ကတည်းက ဒေါက်တာနေစိုးမောင်ကို စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) က ဖမ်းဆီးစစ်ဆေးနေတယ်လို့ စစ်တပ်ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်တစ်ခု ဖြစ်တဲ့ စွမ်းရည်ထက် ချန်နယ် က အောက်တိုဘာလ ၁၃ ရက်ကသတင်းဖြန့်ခဲ့တာရှိပါတယ်။
ဒေါက်တာနေစိုးမောင် ကို NLD ပါတီ ဒုတိယဥက္ကဋ္ဌ ၊ မန္တလေးတိုင်းဝန်ကြီးချုပ်
ဒေါက်တာဇော်မြင့်မောင်ရဲ့ နာရေးရက်လည်ကနေ အပြန်မှာ ဖမ်းဆီးတာလို့ စစ်တပ်ဝါဒဖြန်ချန်နယ်က ဆိုထားခဲ့ပါတယ်။
စစ်တပ်ဝါဒဖြန့် ချန်နယ်က သတင်းဖြန့်ဝေရာမှာ မန္တလေး ကျုံးဘေးမှာ လမ်းလျှောက်နေတဲ့ဒေါက်တာနေစိုးမောင်ရဲ့ ဓာတ်ပုံ ၊ ဒေါက်တာနေစိုးမောင်ရေးသားထားတဲဖေ့ဘွတ်ခ်ပို့စ်တစ်ခုကိုပါ screenshot ယူပြီး ပူးတွဲ ဖော်ပြထားပါတယ်။
ဖေ့ဘွတ်ခ် screenshot ကတော့ ဒေါက်တာဇော်မြင့်မောင်ရဲ့ လက်ထက်မှာ မန္တလေးမြို့ကြီးSmart City ဖြစ်အောင် ကြိုးပမ်းခဲ့တာ ၊ ပြည်သူတွေကို ပျော်ရွှင်အောင်ထားနိုင်တာတွေကိုလေးစားသမှုနဲ့ ဂါရဝပြုတဲ့အကြောင်း ရေးသားထားတာပါ။
ဒေါက်တာနေစိုးမောင်ကို ဘယ်နေရာမှာ ဖမ်းဆီး ထားတယ်ဆိုတာ စစ်တပ်ဝါဒဖြန့် ချန်နယ်ကထည့်သွင်းဖော်ပြတာတော့မရှိပါဘူ။
စစ်ကောင်စီကို လူမှုကွန်ရက်ကနေ ဝေဖန်ရေးသားမှုတွေ ပြုလုပ်တဲ့ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ် ကိုဖမ်းဆီး ချိန်က ဒေါက်တာနေစိုးမောင်ကို လည်း တပါတည်း ဖမ်းဆီးဖို့စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက လှုံ့ဆော်တာတွေ ရှိခဲ့ပါတယ်။
စစ်တပ်ဆန့်ကျင်သူတွေကို ဒေါက်တာနေစိုးမောင်က အားပေးထောက်ခံတာကြောင့် ပြင်ပမှာလွှတ်မထားသင့်တော့ဘဲ ဖမ်းဆီးထောင်ချဖို့ နာမည်ကြီး ဟန်ငြိမ်းဦး တယ်လီဂရမ် ချန်နယ်ကလှုံ့ဆော်ခဲ့ဖူးပါတယ်။
စစ်တပ်မှာ ဒုတိယဗိုလ်မှူးကြီး၊ တပ်မတော်ဆေးတက္ကသိုလ်မှာလည်း ကထိကဖြစ်ခဲ့သူဒေါက်တာနေစိုးမောင်က ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို မဲပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်အာဏာသိမ်း ပြီးနောက် စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်သူတွေနဲ့ အတူ လမ်းပေါ်မှာ ဒေါက်တာနေစိုးမောင်ကိုတွေ့ခဲ့ရပါတယ်။


















































