Connect with us

Hi, what are you looking for?

သတင်း

ခေါပုတ်စခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးဒဏ်ရာရများဟု PDF တောင်ပိုင်း စစ်ဒေသ ထုတ်ပြန်

ဖမ်းမိစစ်ကောင်စီတပ်သား အရေအတွက်၊ လက်နက်ခဲယမ်းနှင့် နှစ်ဖက်ထိခိုက်ကျဆုံး အရေအတွက် အခြေအနေများ ဖော်ပြမထားပေ။

(ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲ၌ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)
(ခေါပုတ်တပ်စခန်းသိမ်းတိုက်ပွဲ၌ သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဥ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ)

ထားမြတ်/People’s Spring

ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခေါပုတ်တပ်စခန်းအား တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တောင်ပိုင်း စစ်ဒေသက ယနေ့(နိုဝင်ဘာ ၁ရက်)သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအင်အား ၂၀၀ခန့်ရှိ ခေါပုတ်စခန်းသည် ကရင်ပြည်နယ် ဖာပွန်မြို့နယ်တွင် တည်ရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ KNLA ပူးပေါင်းတပ်ဖွဲ့တို့က အောက်တိုဘာ ၂၄ရက်မှစ၍ ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ တိုက်ပွဲ ၆ရက်မြောက်နေ့ အောက်တိုဘာ ၂၉ရက်တွင် စခန်းကို အပြီးသတ်သိမ်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကို သိမ်းဆည်းရရှိခဲ့ဟု ထုတ်ပြန်သည်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဒဏ်ရာရသေဆုံးမှု များပြားပြီး စခန်းစွန့်ခွာထွက်ပြေးသူများလည်းရှိကာ တော်လှန်ရေးပူးပေါင်းအဖွဲ့က နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချိန်တွင် အချို့ကို ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

ဖမ်းမိစစ်ကောင်စီတပ်သား အရေအတွက်၊ လက်နက်ခဲယမ်းနှင့် နှစ်ဖက်ထိခိုက်ကျဆုံး အရေအတွက် အခြေအနေများ ဖော်ပြမထားပေ။

ခေါပုတ်စခန်းမှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သား ၂၀ကျော်ရှိနိုင်ပြီး ဖာပွန်ဗျူဟာစခန်းသို့ ပူပေါင်းနိုင်ရေး ကြိုးပမ်းနေကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၅)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးစောကလယ်ဒိုက ယမန်နေ့ အောက်တိုဘာ ၃၁ရက်တွင် ပြောကြားထားသည်။

“အခုထက်ထိတော့ သူပြန်ဝင်လို့မရသေးဘူး။ တောထဲမှာပဲ လှည့်နေသေးတယ်။ ဒီဘက်ကလည်း လိုက်ပြီးတော့ ရှာနေကြတာပေါ့နော်။ သူဘယ်လမ်းသွားမလဲဆိုတာ လိုက်ပြီးတော့ စောင့်နေကြတာရှိတယ်။ အခုကတော့ သူ့ဗျူဟာစခန်းအတွင်းကို ပြန်ဝင်လို့မရသေးဘူး” ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ဆက်ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများ ဖာပွန် ဗျူဟာသို့ ပြန်လည်ပူးပေါင်းနိုင်ရေး ခက်ခဲမည်ဟု၎င်းကဆိုသည်။

“သူတို့အင်အားကလည်း အခုလောက်ဆို သိပ်ပြီး မကျန်တော့ဘူးလေ။ တိုက်ပွဲထဲမှာ ကျတာတို့ ဘာတို့ အဲဒီလိုမျိုးဖြစ်နေတဲ့အပေါ်မှာလူအင်အား ဒီလောက်မရှိတော့ပါဘူး။ ခုန ရှေ့တန်းမှာရှိတဲ့ တာဝန်ရှိတဲ့သူတစ်ယောက်ကိုမေးကြည့်တော့ သူတို့ ခန့်မှန်းတာ ၂၀ ကျော်ကျော်လောက်ပဲ ကျန်အုံးမယ်လို့တော့ သူတို့ အဲဒီလိုပဲ ခန့်မှန်းတာပေါ့နော်” ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ရှင်းပြသည်။

ခေါပုတ်စခန်းသိမ်းတိုက်ပွဲမှ စစ်ကောင်စီတပ်၏ လက်နက်ကြီး လက်နက်ငယ်များစွာ ရရှိသော်လည်း အရေအတွက်ကို တရားဝင် သတင်းပေးပို့အကြောင်းကြားမှု မရသေးဟု ဗိုလ်မှူးကြီးစောကလယ်ဒိုက ပြောသည်။

“လက်နက်ခဲယမ်းတော့ တော်တော်လေးတော့ ရတယ်။ ဒါပေမဲ့ စာရင်းဇယား ပြုစုပြီးတော့ တရားဝင်အနေနဲ့ ကြေးနန်းနဲ့ တင်တာ မရှိသေးဘူး။ ရတော့ ရတယ် သူတို့ ပြောတာက။ ဒီဘက်ကနေ တအားပစ်တဲ့အခါ သူတို့ကလည်း မခံနိုင်လို့ ဒီလို ထားပြီး ပြေးတဲ့ ပုံစံမျိုး ထားပစ်ခဲ့ပြီးတော့ ပြေးတာပေါ့။သူတို့လည်းသယ်လို့ မနိုင်တော့ဘူးလေ။ သူတို့ကလည်း နိုင်သလောက်ပဲသယ်မှာပေါ့” ဟု ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောသည်။

စစ်ရေးတွင် ရှုံးနိမ့်သည့် စစ်ကောင်စီတပ်သည် အောက်တိုဘာ ၃၀ရက် မွန်းလွဲ ၃နာရီခန့်တွင် ဖာပွန်ခရိုင်(မူတြော်ခရိုင်) ရှိ ထီးဂေါ်ထာကျေးရွာအတွင်းသို့ ဂျက်တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အိမ်(၃)လုံးနှင့် ကျောင်းသူ/သားအဆောင်တစ်လုံးထိခိုက်ပျက်စီးသွားခဲ့ဟု KNU တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

ခေါပုတ်စခန်းတိုက်ပွဲဖြစ်ပွားချိန်ကလည်း စစ်ကောင်စီတပ်သည် အောက်တိုဘာ ၂၅ရက်ကလည်းဖာပွန်ခရိုင်ရှိ ဆောဘွဲဒဲကျေးရွာအတွင်းသို့ တိုက်လေယာဥ်ဖြင့် ဗုံးဆံ(၃)လုံးကြဲချခဲ့ရာ၌ ခရစ်ယာန်ဘုရားရှိခိုးကျောင်းဆောင်တစ်လုံးနှင့် အိမ်(၃)လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်သည်။ အောက်တိုဘာ ၂၆ရက်ကလည်း တိုက်ပွဲဖြစ်ပွားရာ ခေါပုတ်ဒေသသို့ စစ်ကောင်စီက Y-12 လောယာဉ်ဖြင့် ဗုံးစံအလုံး ၄၀ ခန့် လာရောက်ကြဲချ တိုက်ခိုက်ခဲ့သည်။ အောက်တိုဘာ ၂၅ရက်ကလည်း ခေါပုတ် စခန်းအနီးသို့ တိုက်လေယာဉ်၊ Y12 လေယာဉ်တို့ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ ခေါပုတ်စခန်းသည် နယ်စပ်တလျောက် အဓိကကျသော စခန်းတခုဖြစ်သဖြင့် စစ်ကောင်စီအတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟုဆိုသည်။ လက်ရှိအချိန်တွင် ဖာပွန်ရှိ စစ်ကောင်စီတပ်ရင်းဌာနချုပ်အချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက် ထိန်းချုပ်ထားပြီးဖြစ်ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၌ စစ်မှုထမ်းဆင့်ခေါ်ရာတွင် လူအစားထိုးအသုံးပြုရန်အတွက် စစ်အုပ်စုက လူငယ်များဖမ်းဆီးရောင်းချသည့်စျေးကွက် အကြီးအကျယ်ဖြစ်ပေါ်နေသည်။

သတင်း

မန္တလေး-မုံရွာလမ်းပေါ်က မြပုလဲဆီဆိုင်မှာတပ်စွဲထားတဲ့ စစ်တပ်က ယခုလို ပြည်သူတွေကို မိုင်းရှာခိုင်းခဲ့တာလို့ သိရပါတယ်။

သတင်း

ချင်းညီနောင်၊ မဟာမိတ် ရက္ခိုင့်တပ်တော်(AA)တို့ ပါဝင်သည့် ပူးပေါင်းတပ်များနှင့် ချင်းပြည်ကောင်စီ ပူးပေါင်းတပ်များအကြား ယခင်ကလည်း ပြဿနာအချို့ တိုက်ပွဲအချို့ ရှိခဲ့သည်။

သတင်း

ထို့ပြင် စစ်ကောင်စီတပ်မှ ထိခိုက်ဒဏ်ရာရရှိသူ ကိုးဦးအနက်နှစ်ဦးမှာ စိုးရိမ်ရကြောင်းသိရပြီး အဆောက်အဦးတစ်ခုနှင့် ကားတစ်စီးလည်းပျက်စီးသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။