Connect with us

Hi, what are you looking for?

သတင်း

ရခိုင်မှာ လူ ၂ သန်းလောက် အငတ်ဘေး ကြုံလာနိုင်တယ်လို့ ကုလသမဂ္ဂ အရာရှိဆို

ရခိုင်ပြည်နယ်ထဲမှာ ပြည်သူ ၂ သန်းလောက်ဟာ လာမယ့် လပိုင်းတွေအတွင်း ငတ်မွတ်မှု အန္တရာယ်ကြီး ကျရောက်လာမယ့် ခြိမ်းခြောက်မှု ကြီးကြီးမားမား ရှိနေတယ်လို့ ကုလသမဂ္ဂ ထိပ်တန်း အရာရှိ တစ်ဦးက သတိပေးခဲ့ပါတယ်။

(ရခိုင်ပြည်နယ်မှ စစ်​ဘေး​ရှောင် ပြည်သူများကို ၂၀၂၃ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)
(ရခိုင်ပြည်နယ်မှ စစ်​ဘေး​ရှောင် ပြည်သူများကို ၂၀၂၃ နှစ်ကုန်ပိုင်းက​တွေ့ရစဥ်။ဓါတ်ပုံ-CJ)

-People’s Spring

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ စတင်လာတာ တစ်နှစ်လောက် ကြာမြင့်လာခဲ့ပြီဖြစ်ပြီး အဲဒီအတွင်း ဒေသရဲ့ စီးပွားရေးဟာ လုံးဝဥဿုံ ပြိုကျသွားပြီလို့ ကုလသမဂ္ဂရဲ့ လက်ထောက် အတွင်းရေးမှူးချုပ်နဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP)ရဲ့ ဒေသဆိုင်ရာ ဒါရိုက်တာ ကန်နီ ဝစ်နာရာဂျာက Guardian သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

စစ်ပွဲကြောင့် ဒေသရဲ့ စီးပွားရေးနဲ့ စားနပ်ရိက္ခာ ထုတ်လုပ်နိုင်စွမ်းတွေ ဆိုးဆိုးရွားရွား ကျဆင်းသွားပြီး မိသားစု အများအပြားဟာ ဆိုးရွားတဲ့ ဆာလောင်မွတ်သိပ်မှု ပြဿနာနဲ့ စတင် ရင်ဆိုင်နေရပြီဖြစ်ကြောင်း၊ ပုံမှန်ဆိုရင် တိရစ္ဆာန် အစာအဖြစ် အသုံးပြုတဲ့ ဖွဲနုကို ဝမ်းစာအဖြစ် စားသောက်နေရတဲ့ မိသားစုတွေ ရှိလာကြောင်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ ဘယ်အစိတ်အပိုင်းမှာမှ အခုလိုမျိုး စီးပွားရေး အခြေခံတွေအားလုံး ပြိုလဲသွားတာ မမြင်ဖူးကြောင်း၊ လက်ရှိ အခြေအနေအတိုင်း ၂၀၂၅ ခုနှစ်မှာ ဆက်ဖြစ်နေမယ် ဆိုရင်တော့ ရခိုင်ဒေသခံ ၂ သန်းလောက်ဟာ အငတ်ဘေးဆိုတဲ့ အဆင့်ထိ ကြုံသွားနိုင်ခြေ ရှိနေကြောင်း၊ အခုတောင်မှ မိသားစုတွေ အများကြီးဟာ နေ့စဉ် ရိက္ခာခွဲတမ်းကို လျှော့ချတာ၊ တစ်နေ့ကို ထမင်းတစ်နပ်ပဲ စားတာမျိုး နည်းလမ်းတွေကို မဖြစ်မနေ ရွေးချယ်နေရကြောင်း သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရခိုင်ပြည်နယ်ထဲမှာ ငွေချေးယူ သုံးစွဲဖို့ လိုအပ်သူတွေ အများအပြား ရှိနေပေမယ့် ငွေကြေးထုတ်ချေးသူတွေ ကိုယ်တိုင်တောင် ငွေအရင်းအမြစ် နည်းပါးနေပြီလို့လည်း ဝစ်နာရာဂျာက ပြောပါတယ်။ UNDPရဲ့ သုတေသန အစီရင်ခံစာ တစ်စောင်မှာတော့ ပြီးခဲ့တဲ့နှစ်မှာ စစ်ပွဲတွေ စတင်လာချိန် ကတည်းက ဒေသ လူဦးရေ ထက်ဝက်လောက်နဲ့ ညီမျှတဲ့ လူပေါင်း ၁.၄ သန်းလောက်ဟာ မိသားစုတွေရဲ့ ပျမ်းမျှ လစဉ်ဝင်ငွေဟာ ၆၆၆၀၀ ကျပ်ကနေ ၄၆၆၂၀ ကျပ်ကို လျော့ကျသွားမှုမျိုး ကြုံနေရတယ်လို့ ဖော်ပြထားပါတယ်။

တစ်ဖက်မှာတော့ အာရက္ခ တပ်တော် (AA)နဲ့ စစ်ခင်းတိုက်ခိုက်နေတဲ့ မြန်မာ စစ်ကောင်စီဟာ ဖြတ်လေးဖြတ် ဗျူဟာအရ ရခိုင်ပြည်နယ်ရဲ့ ကုန်သွယ်ရေး လမ်းကြောင်းတွေကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့နေတာကြောင့် ကုန်စည်တွေ ဝင်ရောက်မှု ရပ်တန့်ကုန်ပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ လူသုံးကုန်တွေ အရမ်းရှားပါးကုန်ပါတယ်။ အကျိုးဆက်အဖြစ် စျေးတွေလည်း အဆမတန် မြင့်တက်ကုန်တယ်လို့ UNDP အစီရင်ခံစာက ထောက်ပြထားခဲ့ပါတယ်။ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ကို နိုင်ငံရဲ့ တခြားဒေသ အားလုံးနဲ့ အဆက်အသွယ် ဖြတ်တောက်ပြီး ထီးတည်းရပ်တည်ရအောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေကြောင်း ဝစ်နာရာဂျာက ပြောပါတယ်။

လက်ရှိမှာတော့ စစ်ပွဲတွေကြောင့် ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာ မွတ်ဆလင်တွေ အပါအဝင် လူပေါင်း ၅၁၁၀၀၀ လောက်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပြီး အလှူရှင်တွေ၊ စစ်ရှောင်ရာ ဒေသက လူ့အဖွဲ့အစည်းတွေ၊ လူသားချင်း စာနာမှု အေဂျင်စီတွေအပေါ် အမှီပြုပြီး ရှင်သန် ရပ်တည်နေရပါတယ်။ ဒါပေမဲ့ ပဋိပက္ခတွေနဲ့ စစ်ကောင်စီရဲ့ ဖိအားပေးမှုတွေကြောင့် ရခိုင်ပြည်နယ်ကနေ အန်ဂျီအို အဖွဲ့အစည်းတွေ စွန့်ခွာနေရတဲ့ အခြေအနေက အကူအညီ လိုအပ်နေသူတွေရဲ့ ဒုက္ခတွေကို ပိုမို ကြီးထွားလာစေတယ်လို့လည်း UNDPက ထောက်ပြထားပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ရသေ့တောင်မြို့နယ်၊ မိုးစဲကျွန်း၊ ကူတောင်ကျေးရွာကနေ ကျောက်တော်မြို့ဆီ စျေးဝယ်သွားတဲ့ စက်လှေတစီးဟာ ဒီကနေ့ မနက်ပိုင်းမှာ ပုဏ္ဏားကျွန်းမြို့အနီး နစ်မြှုပ်သွားခဲ့တာကြောင့် စက်လှေ ပေါ်လာသူ ၈ ဦး သေဆုံးပြီး ၂ ဦး ပျောက်ဆုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့စစ်တွေမြို့အနီးဝန်းကျင်က စစ်တပ်စခန်း​တွေကို ထိုးစစ်ဆင်တာဟာ ရွှေမင်းဂံရေတပ်စခန်းနားကနေ ဒေသကွပ်ကွဲမှုစစ်ဌနချုပ်(ဒကစစစ်တွေ)နဲ့အနီးဆုံးမှာရှိတဲ့ နာရီကန်ကျေးရွာနားထိ ရောက်လာခဲ့ပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

အာဏာ သိမ်းစစ်တပ်ဟာ ကျောက်ဖြူမြို့နယ် တောင်မော်ဦးရေတပ်စခန်းကို ယမန်နေ့ (ဇွန် ၈ )ကစစ်သင်္ဘောသုံးစီးနဲ့ စစ်ကူအင်အားသုံးရာဝန်းကျင် ထပ်မံဖြည့်တင်းခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောကြပါတယ်။