ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ မြို့ချောင်း-စိန်ကန့်လန့် ရိုးမဖြတ်ကျော်လမ်းပိုင်းတွင် စစ်ကောင်စီတပ်စစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုဝင်ဘာ ၂၇ ရက် နံနက် ၆နာရီခွဲက မြို့ချောင်း-စိန်ကန့်လန့် ပဲခူးရိုးမဖြတ်လမ်း ခါချဥ်တောင်ပေါ်သို့ တက်လာသည့် အင်အား (၈၀)ခန့်ပါ စစ်ကောင်စီတပ် စစ်ကြောင်းကို ဥတစ်လုံးတောင်အနီး၌ တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဘက်မှ (၄၀)ဦးခန့် နေရာတွင် သေဆုံးပြီး (၁၅)ဦးထက်မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လက်နက်ကြီး လက်နက်ငယ်များဖြင့် အပြန်အလှန် ပစ်ခတ်မှု မိနစ်(၃၀)ခန့် ဖြစ်ပွားခဲ့ရာ ရဲဘော်တစ်ဦး မစိုးရိမ်ရဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း (၃၈၀၂)မှ တာဝန်ရှိသူက ပြောသည်။
“မိုင်းက ကျနော်တို့ ၃တန်းတွဲပေါ့။ တတန်းကို အသေးက ၁၀လုံး၊ အကြီးက ၃လုံးပါတယ်။ အဲဒါမျိုး ၃ တန်းပေါ့။ ဒီကောင်တွေ မိုင်းကွင်းထဲ ဝင်လဲဝင် မိုင်းလဲရှာနေတဲ့အချိန် ကျနော်တို့ကောက်ဆွဲ(မိုင်းခွဲ)လိုက်တာ”ဟု ၎င်းက ဆက်ပြောသည်။
ထို့နောက် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၃၀ခန့်ဖြစ်ပွားပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာလာရာ စစ်ကောင်စီတပ်မှ သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများအား ပြန်သယ်ရန် ရိုးမအစပ်ရှိ ဘန့်ဘွေးကုန်ရွာနှင့် ရွာသာယာရွာများမှ ကားသမားနှင့် ဆိုင်ကယ်သမားများကို ပေါ်တာဆွဲဖမ်းဆီးမှုများရှိခဲ့သည်ဟု ဆိုသည်။
စစ်ကောင်စီတပ်သားများသည် ဘန့်ဘွေးကုန်းမှ ကိုဟန်ထွန်းနှင့် ၎င်း၏အစ်ကို၊ ရွာသာယာမှ ကိုဇေယျာမျိုး၊ ကိုစိုင်းသူအောင်နှင့် ကိုကျော်မင်းထွဠ် ဆိုသူတို့ကို ဖမ်းဆီးသွားသည်ဟု စုံစမ်းသိရသည်။
ထို့အပြင် စစ်ကောင်စီတပ်က သေဆုံးနှင့် ဒဏ်ရာရသူ များကို ပြန်လည်သယ်ဆောင်မည်ပြုစဥ် ကားနှင့်မဆံ့သောကြောင့် ရုပ်အလောင်းအချို့ကို တိုက်ပွဲဖြစ်ပွားရာတောင်စောင်းမှ ခြောက်ထဲသို့ တွန်းချခဲ့သည်များလည်းရှိသည်ဟု တပ်ရင်း ၃၈၀၂မှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
“ဒီကောင်တွေပြန်ဆုတ်သွားတဲ့အချိန်မှာ နယ် မြေရှင်းလင်းရေးမလုပ်ရသေးလို့ အလောင်းတွေတော့ မတွေ့ရသေးဘူး။ ဒါပေမဲ့ အဲဒီအနီးဝန်းကျင်မှာ အပုတ်နံ့တွေ တော်တော်ထွက်နေတယ်”ဟု ၎င်းက ဆက်ပြောသည်။
အထက်ပါ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေအား လူထုနွေဦးမှ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိတွင် စစ်ကောင်စီလက်ကျန်စစ်ကြောင်းမှာ မင်းလှမြို့ ခလရ(၁)တပ်သို့ ပြန်လည်ဆုတ်ခွာသွားကြောင်း စုံစမ်းသိရသည်။
ထို့အပြင် တိုက်ပွဲများ ဖြစ်လာနိုင်ပြီး စစ်တပ်က လူသားဒိုင်းအဖြစ် ပေါ်တာဆွဲဖမ်းဆီးခြင်းများ ပြုလုပ်နေ၍ ပြည်သူများအနေနှင့် ၎င်းတို့အနီး သွားလာနေထိုင်ခြင်းများ မပြုလုပ်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက အသိပေးထားသည်။