ကျော်ဇော/People’s Spring
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် ဆိုင်ကယ်များဖြင့် ကင်းလှည့်ထွက်လာသည့် စစ်ကောင်စီတပ်သားများအား ဆွဲမိုင်းအပါအဝင် လက်နက်ငယ်များဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၁၊ တပ်ခွဲ ၃ နတ်စစ်သည်တပ်ခွဲမှ တပ်ခွဲမှူးက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာလ ၁၂)ညနေ ၅နာရီခွဲခန့်က နတ်တလင်းမြို့နယ်၊ လယ်မအင်းကျေးရွာအနီးသို့ ဆိုင်ကယ်ခုနစ်စီးဖြင့် ကင်းပတ်လာသော စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တိုက်ခိုက်မှုအတွင်း ဆိုင်ကယ်သုံးစီးမိုင်းထိမှန်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားနှစ်ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ အခြားထိခိုက် ဒဏ်ရာရသူများလည်းရှိကြောင်း နတ် စစ်သည် တပ်ခွဲမှူးက ပြောသည်။

Public Service Announcement
“စကစ နှစ်ယောက်ပွဲချင်းပြီး သေပါတယ်။ အလောင်းနဲ့ဆိုင်ကယ်ကိုတော့ ဖောကားနဲ့ (နတ်တလင်း)မြို့ဘက် ပြန်သယ်သွားပါပြီ”ဟု ၎င်းက ရှင်းပြသည်။
ဆိုင်ကယ်ခုနစ်စီး အင်အား ၁၄ ဦးဖြင့် လှည့်ကင်းပတ်လာသော စစ်ကောင်စီတပ်သားများသည် ဒမငယ်ကျေးရွာရှိ စစ်ကောင်စီတပ်အထိုင်စခန်းမှ တပ်သားများဖြစ်ကြောင်း စုံစမ်းသိရသည်။
အဆိုပါ ဒမငယ်စစ်တပ်စခန်းမှ စစ်ကောင်စီတပ်သားများသည် နတ်တလင်းမြို့နယ် ဆီဆုံကုန်းကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ် ခြင်း၊ ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်ခြင်းများလုပ်ဆောင်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံး၍ ကလေးငယ်အပါအဝင် ပြည်သူရှစ်ဦးခန့် ထိခိုက်ဒဏ်ရာများရခဲ့သည်။
