■ကျောင်းသားငယ်များအပါအဝင် ပြည်သူ ၅ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရခဲ့သောဗုံးကြဲမှုအတွက် NUG ပြင်းထန်စွာရှုတ်ချ
အိမ်သွင်/People’s Spring
ကလေးငယ်သုံးဦးအပါအဝင် ဒေသခံပြည်သူ ငါးဦး သေဆုံးခဲ့သည့် ကနီမြို့နယ် ကျောက်လှေကားရွာကိုလေကြောင်းမှ ဗုံးကြဲမှုအပြီး နှစ်ရက်အကြာတွင် စစ်ကောင်စီက ယမန်နေ့(ဒီဇင်ဘာ ၁၈ ရက်)ည တွင် ထပ်မံ၍ Y12လေယာဉ်ဖြင့် ဗုံးထပ်မံကြဲခဲ့သည်။
ကျောက်လှေကားရွာကို ဒီဇင်ဘာလ ၁၈ရက်ည ၈နာရီခန့်တွင် ထပ်မံတိုက်ခိုက်ခြင်းဖြစ်သည်။
” အရင်ကY 12ပတ်ပြီးမှ fighterလာတာ။ ခုတော့Y12ကအများကြီးချတာ။ဘာလာလာကြောက်နေရပြီ” ဟု ကျောက်လှေကားရွာ ဒေသခံတစ်ဦးကပြောသည်။ ဗုံးကြဲမှုကြောင့်ထိခိုက်ပျက်စီးမှုအခြေအနေကို တိတိကျကျမသိရသေးပေ။
ဒီဇင်ဘာလ၁၆ရက်ညက ကျောက်လှေကားရွာကို Y12လေယာဉ်ဖြင့် ဗုံး ၁၈လုံးကြဲချတိုက်ခိုက်မှုတွင်ကလေးငယ် သုံးဦးအပါအဝင် ဒေသခံ ငါးဦးသေဆုံးခဲ့ပြီး ဆယ်ဦးဒဏ်ရာရရှိခဲ့သည်။
သေဆုံးသူများမှာ ကျောက်လှေကားကျေးရွာမှ ကြားကာလပညာရေး ပြည်သူ့အခြေပြုကျောင်းများတွင် ပညာသင်ယူနေသော မောင်ဇင်ကိုချစ် (Grade-6)၊ မမေမြတ်နိုး(Grade-7)၊ မရွှေဇင်ဝင်း (Grade-12) တို့နှင့် ဒေသခံနှစ်ဦး၊ စုစုပေါင်းငါးဦး သေဆုံးခဲ့သည်။ ထို့အပြင် ကျောင်းသူကျောင်းသား ခြောက်ဦးအပါအဝင်ပြည်သူ (၁၀) ဦးထိခိုက်ဒဏ်ရာရခဲ့သည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ပညာရေးဝန်ကြီးဌာနသည် ကလေးသူငယ်များနှင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့ရမှုအတွက် မိသားစုနှင့်ထပ်တူ ကြေကွဲဝမ်းနည်းရပြီး အကြမ်းဖက်စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင်ထုတ်ပြန်သည်။
ထို့အပြင် စစ်ရေးပစ်မှတ်မဟုတ်သော နေရာများအား တိုက်ခိုက်ခံရပြီး ကလေးသူငယ်များ သေဆုံးခဲ့ရသည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးလွန်မှုဖြစ်စဉ်များကို အသေးစိတ် မှတ်တမ်းတင်လျက် တရားမျှတမှုကို နည်းလမ်းအမျိုးမျိုးဖြင့်ဖော်ဆောင်နိုင်ရန် ဆောင်ရွက်သွားမည်ဟုလည်ယ ဖော်ပြထားသည်။