ရဲခေါင်း/People’s Spring
တိုက်ပွဲများအတွင်း ခြေ၊လက်ပြတ်၍ ပြင်းထန်စွာထိခိုက်ဒဏ်ရာရရှိခဲ့သော ရဲဘော်များအား ထောက်ပံငွေပေးအပ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ DMO Local PDFက ယနေ့(ဒီဇင်ဘာ ၂ ရက်)တွင် ထုတ်ပြန်သည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးဖြင့် တိုက်ခိုက်မှု၊ ထိတွေ့တိုက်ပွဲများနှင့် မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ရှိ DMO Local PDFမှ ရဲဘော် ၁၉၉ ဦး ရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါထိခိုက်သူများအနက်မှ ခြေပြတ်၊ လက်ပြတ်၊ မျက်လုံးအစားထိုးနှင့် အသည်း၊ အဆုတ်၊ ကျောက်ကပ်၊ ဦးခေါင်းစသည့် ကိုယ်အင်္ဂါအစိတ်အပိုင်းများ ပြင်းထန်စွာထိခိုက်ဒဏ် ရာရရှိခဲ့သူ ရဲဘော်၊ရဲမေ ၃၈ဦးကို ကျပ်သိန်း ၆၀ခန့် ထောက်ပံ့ခဲ့ကြောင်း အသိပေးသည်။

Public Service Announcement
“ဗဟိုကော်မတီကနေ ဦးစီးပြီးလုပ်တာပါ။အဓိကတော့ ထိခိုက်ဒဏ်ရာရတဲ့ရဲဘော်တွေအတွက် တစ်စုံတစ်ရာ အထောက်အပံ့ ဖြစ်စေဖို့ ပါပဲ”ဟု DMO Local PDF တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

ထိခိုက်ဒဏ်ရာရရဲဘော်များအား ထောက်ပံ့ငွေပေး အပ်နိုင်ရေး ကူညီလှူဒါန်းပေးခဲ့သော ပြည်တွင်း၊ပြည်ပမှ ပြည်သူများကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း DMO Local PDF က ဖော်ပြသည်။
စစ်တပ်အာဏာသိမ်းအပြီးတွင် ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ၂၀၂၁ မေလ ၆ရက်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို၊ DMO Local PDF တပ်ဖွဲ့တွင် အင်အား ၂,၀၀၀ခန့်ရှိနိုင်ကြောင်း ကရင်နီစစ်ရေးလေ့လာသူအချို့က သုံးသပ်ထားသည်။


















































