ဒီးဒီ/People’s Spring
မနက်ဖြန်ကျရောက်မည့် (၇၇)ကြိမ်မြောက်လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီက အကျဉ်းသားများ လွတ်ငြိမ်းခွင့်ပေးရာတွင် အသက်(၃၅)နှစ်အောက် စစ်မှုထမ်းဥပဒေဖြင့် အကျုံးဝင်သူများအား တပါတည်းခေါ်ဆောင်ထားရန် စီစဉ်နေသည်ဟု သတင်းထွက်နေကြောင်း တရားရေးအသိုင်းဝိုင်းထံမှ စုံစမ်းသိရသည်။
မနက်ဖြန် လွတ်လပ်ရေးနေ့တွင် စစ်ကောင်စီ၏ မတရားဖမ်းဆီးခံထားရသော နိုင်ငံရေးအကျဉ်းသားများအပါအဝင် အခြားပြစ်မှုများဖြင့် ဖမ်းဆီးခံထားရသူအများအပြားအား လွတ်ငြိမ်းခွင့်ပေးမည်ဟု တရားရေးအသိုင်းအဝိုင်းက ပြောသည်။
သို့သော် နောက်ဆက်တွဲအဖြစ် လွတ်ငြိမ်းတွင်ပါဝင်လာမည့် အသက် (၁၈)နှစ်မှ (၃၅)နှစ်ကြား အမျိုးသားများနှင့် အသက်(၁၈)နှစ်မှ (၂၇)နှစ်ကြား အမျိုးသမီးများအား စစ်မှုထမ်းဥပဒေဖြင့် အကျုံးဝင်သည်ဆိုကာ နေအိမ်သို့ ပြန်လွှတ်ပေးခြင်းမရှိဘဲ တပါတည်းခေါ်ဆောင်ထားရန် စစ်ကောင်စီအဖွဲ့က စီစဉ်နေသည်ဟု သတင်းထွက်ပေါ်နေသည်ဟု ၎င်းတို့က ပြောသည်။
” လွှတ်မှာကလည်း အများကြီးလွှတ်မယ်ကြားတယ်။ အဲထဲက နောက်ဆက်တွဲအနေနဲ့က စစ်မှုထမ်းဥပဒေနဲ့အကျုံးဝင်တဲ့လူငယ်တွေကို တခါတည်းခေါ်ပြီး စစ်မှုထမ်းခိုင်းမယ်လို့ သတင်းထွက်နေတယ်။ တကယ် လုပ်၊မလုပ်စောင့်ကြည့်ရမှာဘဲ”ဟု တရားလွှတ်တော်ရှေ့နေတစ်ဦးက ပြောသည်။ ထိုသို့သတင်းထွက်ပေါ်မှုကြောင့် ပြန်လွတ်လာရန်ရှိသည့် လူငယ်များ၏ မိဘများမှာ စိုးရိမ်နေကြသည်ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် ပုံမှန်အားဖြင့် လွတ်လပ်ရေးနေ့နှင့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့တို့တွင် အကျဉ်းသားများအား လွတ်ငြိမ်းခွင့်ပေးလေ့ရှိသည်။
မနက်ဖြန်လွတ်ငြိမ်းခွင့်ပေးရာတွင်လည်း မတရားဖမ်းဆီးခံထားရသော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာမှု သတင်းမကြားရကြောင်း အကျဉ်းထောင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
” ၅၀၅ သမားတွေပါမယ်။ သူတို့စွဲထားတဲ့ အကြမ်းဖက်နဲ့ ပြစ်မှုကြီးတွေမပါဘူး ကြားပါတယ်”ဟု ၎င်းက ပြောသည်။
အာဏာသိမ်းစစ်ကောင်စီသည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကလည်း အကျဉ်းသူ၊ အကျဉ်းသား ၉,၆၅၂ ဦး ငြိမ်းခွင့်ပေးခဲ့သည်။
လက်ရှိတွင် နိုင်ငံတဝန်းအကြီးအကျယ် စစ်ရှုံးနေသော စစ်ကောင်စီသည် လူငယ်များအား အဓမ္မဖမ်းဆီးခေါ်ဆောင်၍ စစ်မှုထမ်းရန် အတင်းဆွဲခေါ်နေသည်။
အသက် (၁၈)နှစ်ပြည့်ပြီးသူတိုင်း စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက ဖေဖော်ဝါရီ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။ ထို့နောက် စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စစ်သားစုဆောင်းပေးနေသည်။ လက်ရှိတွင် စစ်မှုထမ်းသင်တန်း အပတ်စဉ်(၈)ဖွင့်လှစ်ရန် ပြင်ဆင်နေပြီး လူသစ်စုဆောင်း၍မရသောကြောင့် စစ်ကောင်စီက လိုက်လံဖမ်းဆီးနေသည်။
စစ်ကောင်စီသည် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့မှ ၎င်းတို့ထိန်းချုပ်ဒေသများတွင် စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ဖမ်းဆီးနေသည်။
ရန်ကုန်မြို့တွင်လည်း စစ်မှုထမ်းရန် အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများ ရပ်ကွက်ရုံးများနှင့်ဆက်သွယ်ကြရန် စစ်ကောင်စီက ဖိအားပေးနေသည်။
ထို့ကြောင့် စစ်ကောင်စီ၏ မတရား စစ်မှုထမ်းစုဆောင်းခံရသူများ စစ်ကောင်စီတပ်အား စွန့်ခွာနိုင်ရေး ကူညီဆောင်ရွက်ပေးမည်ဟု ပြည်သူ့ရင်ခွင် – People’s Embrace က ထုတ်ပြန်ကြေညာထားသည်။
မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် စစ်ရှုံးနေသောစစ်ကောင်စီက လူငယ်များအား ရုပ်ပျက်ဆင်းပျက် မတရားစုဆောင်းဖမ်းဆီး၍ စစ်မှုထမ်းစေသည့် ဖြစ်စဉ်များမြင့်တက်နေကြောင်း၊ မတရားစစ်မှုထမ်းစုဆောင်းခံရသူများအနက် ပြည်သူ့ရင်ခွင်သို့ လာရောက်ဆက်သွယ် အကူအညီ တောင်းခံမှုကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များ၊ EROs များနှင့် မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများပူးပေါင်း၍ ခေါ်ထုတ်ကယ်ဆယ်ခဲ့သော မတရားစစ်မှုထမ်း စုဆောင်းခံရသူများတွင် အသက်မပြည့်သော ကလေးသူငယ်များထိ ပါဝင်နေသည်ကို တွေ့ရှိရကြောင်း ပြည်သူ့ရင်ခွင် – People’s Embraceက အသိပေးထားသည်။