Connect with us

Hi, what are you looking for?

သတင်း

သုံးတစ်ရှစ်၊ မနေ့ကနဲ့ ဒီနေ့မန္တလေး

ပုဂံညောင်ဦးကအပြန် ရန်ကုန်ကိုတန်းမပြန်သေးဘဲ မြို့မန္တလာ​ဘက် ခရီးဆက်ဖြစ်တယ်။ ပုဂံအသွားတုန်းက ကြည့်မြင်ခွင့်မရတဲ့ မန္တ​လေးတိုင်းဘက်ခြမ်း အမြန်လမ်းအခြေ အနေကို သိလိုစိတ်စောနေခဲ့ပါတယ်။

အာရုဏ်ဦး/People’s Spring

ပုဂံညောင်ဦးကအပြန် ရန်ကုန်ကိုတန်းမပြန်သေးဘဲ မြို့မန္တလာ​ဘက် ခရီးဆက်ဖြစ်တယ်။ ပုဂံအသွားတုန်းက ကြည့်မြင်ခွင့်မရတဲ့ မန္တ​လေးတိုင်းဘက်ခြမ်း အမြန်လမ်းအခြေ အနေကို သိလိုစိတ်စောနေခဲ့ပါတယ်။

သည်လိုနဲ့ ဇန်နဝါရီလ ဒုတိယပတ်ရဲ့ တစ်ခုသောမနက်မှာ ညောင်ဦးကနေ မန္တလေးကို တိုက်ရိုက်ပြေးဆွဲတဲ့ ဘတ်စ်တစ်စီးနဲ့ လိုက်လာခဲ့တယ်။ မိတ္ထီလာ-ကျောက်ပန်းတောင်းလမ်းကတဆင့် အမြန်လမ်း (၂၈၅)မိုင်ကိုတက်တော့ မွန်းလွဲ ၂ ချက်ခွဲလောက်ရှိပြီ။

ရန်ကုန်-ပုဂံခရီးစဥ်တုန်းက အမြန်လမ်းကို အဲ ဒီ မိုင်တိုင်(၂၈၅)တင် နှုတ်ဆက်ခဲ့ရတာ။ အခုပုဂံကနေ မန္တလာမြေဘက် ခရီးဆက်တော့ အဲဒီရဲ့ပြောင်းပြန်။ တနည်းဆို အမြန်လမ်းအ သုံးပြုရတဲ့ ခရီးစဥ်ရဲ့အစပါပဲ။ ကားဆရာဟာ အရှိန်ပိုတင်ပြီး မန်းရွှေမြို့တော်ဆီ ခပ်မြန်မြန်လေး ခရီးနှင်ခဲ့ပါတော့တယ်။

Public Service Announcement

Public Service Announcement

□လူငယ့် မော်ကွန်း

မိုင်တိုင်(၃၀၀) နားရောက်တဲ့အခါ ခရီးသည်တွေရဲ့ ကျန်းမာရေးအလို့ငှာ ကားကိုဘေးချရပ်ပေးပါတယ်။ ခရီးသည်သုံးပုံနှစ်ပုံလောက်ကားပေါ်ကဆင်းပြီး အညောင်းအညာဖြေ၊ ခြေဆန့်လက်ဆန့်လုပ်၊ တပိုတပါး သွားသူ သွားကြတယ်။ ကိုယ်တိုင်ကတော့ ဘတ်စ် ကားနဲ့အနည်းငယ်လှမ်းတဲ့အထိ လမ်း လျှောက်လာလိုက်တယ်။ ပြီးမှ တစ်နေရာမှာရပ်ရင်း ကြောခိုင်းထွက်လာတဲ့ ဘတ်စ်ကားရှိရာ လှည့်ကြည့်နေဖြစ်တယ်။

အဲဒီအချိန် ဖြစ်ရပ်တစ်ခုကို သတိရမိလျက်သား ဖြစ်သွားတယ်။ တခြား ဟုတ်ပါရိုးလား။ ဟောဒီအမြန်လမ်းမကြီးပေါ် ရပ်တန့်ထားတဲ့ ယာဥ်ကြီးငယ်တွေ၊ ယာဥ်တွေပေါ်ကဆင်းလာပြီး စုပြုံရပ်နေကြတဲ့ ခရီးသွားတွေ။ ပြီးတော့ တွေ့ရတဲ့မြင်ကွင်းကြောင့် ခရီးသွားပြည်သူတွေဟာ အံ့သြမင်သက် ဖြစ်ခဲ့ကြတယ်။ သူတို့ရှေ့မှာတော့ မတ်မတ်ရပ်နေကြတဲ့ ယူနီ ဖောင်းအပြည့်နဲ့ PDF ရဲဘော်လေးတွေ။

ပြောမယ်ဆို ရုပ်ရှင်ဇာတ်လမ်းတစ်ခုကို အနှေးကွက်နဲ့ ပြန်ကြည့်နေရသလို ကျနော့်အသိအာရုံထဲ တစ်ကွက်ချင်း၊ တစ်ကန့်ချင်း တဖြတ်ဖြတ်ပေါ်နေတော့တယ်။ ရပ်နားချိန်ပြည့်လို့ ဘတ်စ်ကားပေါ်တက်ပြီး ခရီးဆက်လာရတော့လည်း အဲဒီဖြစ်ရပ်လေးအခြေတည်ရာ မိုင်တိုင်(၃၁၈)ဆီ စိတ်ရောက်နေပြန်ပါတယ်။

သိပ်တော့ ကြာကြာမစောင့်လိုက်ရဘူး။ဘတ်စ်ကားဟာ အဲဒီမိုင်တိုင်နား တဖြေးဖြေးနဲ့ နီးသထက်နီးလာခဲ့တယ်။ မိုင်တိုင်တစ်ခုပြီးတစ်ခုကျော်လာရင်း ဟော… မိုင်တိုင်(၃၁၇) တောင် ရောက်ခဲ့ပြီ။ အဲဒီမိုင်တိုင်ရဲ့ ၃ ဖာလုံအကွာ(၃၁၇/၃)မှာတော့ စစ်ကောင်စီရဲ့ ခါးတက္ကုန်းရဲကင်းဆိုတာကို တွေ့ရတယ်။

နောက် မိုင်တိုင်(၃၁၉/၆)မှာ စစ်တပ်ဘန်ကာနှစ်ခု၊ ရှေ့ကိုလွန်လာတော့ မိုင်တိုင် (၃၂၃)နား ဘုသာရွာသို့ဆိုတဲ့ လမ်းညွှန်ဆိုင်းဘုတ်နဲ့ကပ်လျက်မှာ ရဲကင်းတစ်ခု၊ မိုင်တိုင်(၃၂၅/၄)မှာတော့ နွားထိုးကြီးလမ်းခွဲရှိပြီး ရဲစခန်းတစ်ခုလည်း ရှိနေပါတယ်။

လမ်းခွဲကနေ နွားထိုးကြီးမြို့နဲ့ (၁၅)မိုင်၊ မန္တလေးမြို့နဲ့က (၄၂)မိုင် ကွာဝေးတယ်လို့ လမ်းညွှန်ဆိုင်းဘုတ်မှာ ဖတ်ရတယ်။ ဒီလိုဆိုတော့ ​မြင်းခြံခရိုင်တပ်ရင်း(၃)ခေါ် နွားထိုးကြီးပြည်သူ့ကာကွယ်ရေတပ်ဖွဲ့(NPDF) ဝင် ရဲဘော်လေးတွေ မိုင်တိုင်(၃၁၈)နား ပြည်သူနဲ့တွေ့ဆုံခဲ့တာဟာ တကယ့်အန္တရာယ်ဇုန်ထဲမှာဆိုတာ သိလာရတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့နေရာနဲ့ ဘယ်ညာ တစ်မိုင်ဝန်းကျင်သာ ဝေးတော့တာကြောင့်ပါ။ အခုလို ရဲဝံ့စွန့်စား လုပ်နိုင်ဖို့ဆိုတာ တော်ယုံလူစွမ်းနိုင်မယ် မထင်ဘူး။ လူငယ်တွေမို့သာ။

နွားထိုးကြီး PDF ရဲ့ မှတ်တမ်းတွေကို ပြန်ကြည့်ရင် အခုလို အမြန်လမ်းပေါ်တက်ပြီး ပြည်သူနဲ့ မတွေ့ခင်ကတည်းက မိုင်တိုင် (၃၁၈)နဲ့ (၃၁၉)ကြားမှာ မိုင်းဆွဲတာအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တာ (၅) ကြိမ်ထက်မနည်း ရှိခဲ့ပြီ။

□ဧည့်ဝတ်ကျေတဲ့ မန္တ​လေးသားတွေ

နွားထိုးကြီး လမ်းခွဲကတဆင့် မန်းမြို့တော်ဘက် ခရီးဆက်လာလိုက်တာ ညနေ ၅ နာရီလောက် ယာဥ်ဝန်းသစ်ဆီ ရောက်လာပါတော့တယ်။ ယာဥ်ဝန်းသစ်လို့သာဆိုရတာ အမှန်တော့ တံ ခွန်တိုင်အဝိုင်းမြောက်ဘက်မှာရှိတဲ့ လက်ရှိယာဥ်ဝန်းကို ၂၀၁၈ မှာ ယာယီယာဥ်ရပ်နားစခန်းအဖြစ် စပြီးအသုံးပြုခဲ့တာပါ။ ယခင်ယာဥ်ဝန်းဟောင်းဖြစ်တဲ့ ကျွဲဆည်ကန်ကားဝန်း(ချမ်းမြရွှေပြည်)ကို ပြုပြင်အဆင့်မြှင့်မှာ​မို့ ယာဥ်ဝန်းသစ်အနေနဲ့ တံခွန်တိုင်အဝိုင်းနား ရွှေ့ခဲ့တာလည်း ဖြစ်ပါတယ်။

ကျနော့်အဖို့ လွန်ခဲ့တဲ့ ၂၀၁၆-၁၇ လောက်အ ထိ မန္တလေးမြို့ကြီးနဲ့ လူးလာခေါက်တုံ ရှိခဲ့ပေမယ့် နောက်ပိုင်းနှစ်တွေမှာ သိပ်မရောက်ဖြစ်တော့ဘူး။ အဲ ၂၀၁၉ မှာ အလုပ်ကစီစဥ်ပေးတဲ့ကားနဲ့ နောက်တစ်ခေါက်ထပ်ရောက်ဖြစ်သေးတယ်။ သို့ပေမဲ့ ညအိပ်ယုံဝင်အိပ်တာဖြစ်လို့ မန်းကမိတ်ဆွေတွေနဲ့ မဆုံလိုက်ရ။

အခုတစ်ခေါက် မန္တလေးရောက်တော့လည်း ရင်နှီးခင်မင်ရတဲ့ မိတ်ဆွေနှစ်ယောက်နဲ့ ဆုံခွင့်မရပြန်ပါဘူး။ ကျနော့်မိတ်ဆွေနှစ်ယောက်မှာ တစ်ယောက်က အိမ်ထောင်သည် ကလေးနဲ့။ နောက်တစ်ယောက်ကတော့ လူပျိုလူလွတ်။

ပုံမှန်ဆို မန္တလေးရောက်တဲ့အခါတိုင်း သူတို့နဲ့ မဆုံဖြစ်တဲ့အခေါက်ရယ်လို့ မရှိခဲ့ဘူး။ ကျွဲဆည်ကန်ကားဝန်း ရောက်ခါနီးပြီဆိုထဲက သူတို့ဆီဖုန်းဆက် အချိန်းအချက်လုပ်ထားပြီ။ အိမ်ထောင်မပြုရသေးတဲ့ ကျနော့်မိတ်ဆွေကတော့ လူလွတ်ပီပီ လမ်းက ခပ်များများရယ်။ သူက နောက်ကျမှ ရောက်ရောက်လာလေ့ရှိတယ်။

သားမယားရှိတဲ့ အိမ်ထောင်သည် မိတ်ဆွေက တော့ ကျွဲဆည်ကန်ကားဝန်းအထိ အကြိုထောက်နေကျ။ မီးခိုးတလူလူထွက်နေတဲ့ စီးတော်ယာဥ် တရုတ်ထုတ်ဆိုင်ကယ်လေးနဲ့ အ ခေါက်တိုင်း လာလာကြိုတယ်။

တခါသား ညသန်းခေါင်အထိ အိပ်မပျော်တာနဲ့ တောင်သမန်ရွှေအင်းဆီ လေညှင်းခံထွက်ချင်တယ်ပူဆာတော့ စီးတော်ယာဥ်တက်ခွပြီး လိုက်ပို့ရှာတယ်။ အဲလို အပို့ကောင်းလို့လည်း ကြုံးပတ်လမ်းနဲ့ တော်လှန်ရေး(၁၆)ကွေ့နားရောက်တဲ့အခါ ဆိုင်ကယ်မှောက်ပါလေရော။

ကျနော့်မှာတော့ ပွန်းယုံခြစ်ယုံပါပဲ။ မိတ်ဆွေမှာတော့ ဒူးတွေကွဲ၊ တံတောင်တွေပြဲပြီး မျက် နှာပါ အနည်းငယ်စုတ်သွားတယ်။ ဒါလည်း မနက်ကျတော့ ကျနော့်ကို တစ်ယောက်ထဲ ပစ်မထားဘူး။ ဒဏ်ရာတွေ ဆေးထည့် ပတ် တီးစည်းပြီး တည်းခိုတဲ့နေရာ ရောက်အောင်လာတာပါပဲ။ သူ့ကြည့်တော့ ​လမ်းသွားရင် ထော့နဲ ထော့နဲ နဲ့ပါ။

□ခေတ်ကြေးမုံ

အခုတခေါက် မန်းမြေရောက်တော့ အထက်မှာဖော်ပြခဲ့သလို ကျွဲဆည်ကန်အစား ယာဥ်ရပ်နားစခန်းဟာ နေရာသစ်ဆီ ပြောင်းသွားခဲ့ပြီ။ ပြီးတော့ ကျနော့်မိတ်ဆွေနှစ်ယောက်ဟာလည်း ဘဝရဲ့အချို့အကွေ့ကိုယ်စီနဲ့။

အဲဒီထဲမှာ လူလွတ်မိတ်ဆွေက စစ်အုပ်စုအာ ဏာသိမ်းတဲ့ ၂၀၂၁ နှစ်ဝက်လောက်ကတည်း က အွန်လိုင်းမှာရော ဖုန်းနဲ့ပါ အဆက်အသွယ်မရတာ ခုချိန်ထိပဲ။ သူ့အသိသူတွေထံ စုံစမ်းကြည့်ပေမယ့် သူတို့နဲ့လည်း အဆက်အသွယ်မရဘူးလို့ ဆိုကြတယ်။

အိမ်ထောင်သည် မိတ်ဆွေကတော့ စစ်အုပ်စုရဲ့ မတရားဖမ်းဆီးခြင်းခံရလို့ အခုထိ အကျဥ်းထောင်ထဲမှာ။ ဇနီးနဲ့ကလေးကတော့ မန္တလေးမှာ ဆက်နေဖို့အဆင်မပြေလို့ နယ်က ဆွေမျိုးတွေထံ ခိုလှုံနေကြတယ်။ သူတို့သား အမိထံ မများလှတဲ့ငွေကြေးအချို့ တစ်ကြိမ်နှစ်ကြိမ်မက ကူပံ့နိုင်ခဲ့ပေမယ့် တာဝန်မကျေသေးဘူးလို့ ကိုယ့်ကိုကိုယ် သတိပေးနေမိတယ်။

ခုအချိန် အဲဒီမိတ်ဆွေနှစ်ယောက်သာ ရှိနေရင် မန်းရွှေမြို့တော်က အဖြစ်အပျက်တွေကို စေ့ စုံအောင် ကြားသိခွင့်ရမှာ။ ပြီးတော့ မဆုံဖြစ်ခဲ့တဲ့ နှစ်ဟောင်းကအကြောင်းတွေ၊ ကြုံရဆဲ အသစ်အသစ်သောအကြောင်းအရာတွေကို စကားတွေ ဖောင်ဖွဲ့နေမိကြမယ် ထင်ပါရဲ့။

ခုအခါ စိတ်ကူးနဲ့ လက်တွေ့ဟာ ခြားနားခဲ့ပြီ။ ယာဥ်ဝန်းထဲရောက်လို့ ကားပေါ်ကဆင်းပြီး အထုပ်အပိုးတွေဆွဲထွက်လာရင်း ရင်ထဲ ဟာ တာတာကြီး။ ခါတိုင်းလို လာကြိုမယ့် မိတ် ဆွေကြီးရှိမနေတော့ ကိုယ့်ဟာကိုတံခွန်တိုင်အဝိုင်းနား လမ်းလျှောက်လာခဲ့လိုက်တယ်။

အိုးဝေတစ်စီး ၁၂,၀၀၀ ကျပ်နဲ့ ငှားပြီး အမရပူရမြို့နယ်ထဲက ကြိုချိတ်ထားတဲ့ တည်ခိုးခန်းဆီ ဆက်သွားတယ်။ တကယ်တော့ အိုဝေဆ ရာက ၁၃,၀၀၀ တောင်းတာ။ လျှော့ပါဦးဆို စစ်တော့မှ ၁၀၀၀ လျှော့ပေးပြီး နှစ်ဦးနှစ်ဘက် စျေးတည့်သွားတယ်။

ကျနော်တည်းဖြစ်တဲ့ တည်းခိုခန်းက သိပ်အ ကောင်းကြီးတော့ မဟုတ်ဘူး။ ရေချိုးခန်းအိမ်သာမပါရင် တစ်ခန်းကျပ် ၁၇,၀၀၀ တဲ့။ အိမ်သာရေချိုးခန်းတွဲလျှက် နဲနဲကျဥ်းတဲ့အခန်းက ကျပ် ၂၂,၀၀၀ တဲ့။ အဲ နောက်တစားကတော့ အသင့်အတင့် ကျယ်တယ်။ အိမ် သာရေချိုးခန်းလည်းတွဲလျှက်ပါတယ်။ အ ခန်းခကကျပ် ၂၈,၀၀၀ ပါတဲ့။ ဒါနဲ့ အဲဒီအတန်အသင့်ကျယ်တဲ့အခန်းပဲ ယူဖြစ်လိုက်တယ်။

အခန်းထဲ အထိုးအပိုးတွေနေရာချ၊ ကိုယ်လက်သန့်စင်ပြီးတဲ့အခါ ထမင်းဖိတ်​ကျွေးမယ့် အသိမိသားစုထံ ဆက်သွယ်လိုက်တယ်။ အမှန်ဆို ကိုယ့်အတွက် တကူးတကန့် လုပ်မနေစေချင်ဘူး။ သူတို့တတ်နိုင်တာနဲ့ အဆင် ပြေသလိုလုပ်ကိုင်ကျွေးမှာကို မစားဘဲနေရင် စိတ်မကောင်းဖြစ်မှာကြောင့်သာ။

နာရီဝက်လောက်နေတော့ သားအမိသားဖသုံးယောက် ကျနော့်ထံ ပေါက်ချလာတယ်။ ပြီး စ ကားစမြီပြောရင်း သူတို့အိမ်ဘက် လမ်း လျှောက်သွားလိုက်ကြတယ်။ အမှန်က ကျနော် စရိတ်သက်သာအောင် သူတို့ဆီ တည်းစေချင်တာ။ သို့ပေမဲ့ သူတို့နေရတာက ကိုယ် ပိုင်အိမ် မဟုတ်ဘူး။ အလုပ်ကစီစဥ်ပေးတဲ့ ခြံဝန်းတစ်ခုထဲ တဲအိမ်ထိုးနေကြရတာ။ ဖြစ် ချင်တော့ ကျနော်ရောက်မလာခင် တစ်ပတ်လောက်က သူတို့ဝန်းထဲ ညဘက်ဝင်စစ်လို့ ဧည့်စာရင်းမတိုင်မိတဲ့နှစ်ယောက် ပါသွားဖူးတယ်။

အဲဒီဖြစ်ရပ်နောက်ပိုင်း သူတို့သူဌေးက ညအိပ်ညနေ ဧည့်လက်မခံဖို့ အမိန့်ထုတ်လိုက်တယ်။ သည်တော့ ကျနော့်ကို ညအိပ်တည်းခိုဖို့ သူတို့ မပြောသာတော့ဘူး။ ဒါကြောင့် စားသောက်ပြီးတဲ့အခါ တည်းခိုရာဆီ ပြန်ခဲ့လိုက်တယ်။ သူတို့မိသားစုလည်း ကျနော်နဲ့အတူ အခန်းထိ လိုက်ပို့ပေးတယ်။

ရပ်ကွက်ထဲကနေ လမ်းမကြီးပေါ်ထွက်လာတော့ ည ၇ နာရီခွဲလောက်ရှိပြီ။ အိမ်ဆိုင်တချို့ ဆက်ဖွင့်ထားပေမယ့် လမ်းမကြီး ဘေးဝဲယာက ဆိုင်အများစုတော့ ပိတ်သွားကြပြီ။ ခရီးသွားရင်း နှာစေးချောင်းဆိုးဖြစ်ချင်လာလို့ တွေ့ခဲ့တဲ့ဆေးဆိုင်ဘက် လျှောက်လာလိုက်တာ သူလည်း ပိတ်ထားပြီ။ ခုကာလ မန္တလေးမြို့မှာရှိတဲ့ ဆိုင်တွေက ည ၇ နာရီကျော် ၈ နာရီလောက်ဆို ပိတ်ကြပြီ။ ခါတိုင်းလို ညဥ့်နက်တဲ့အထိ မဖွင့်ကြတော့ဘူးတဲ့။

အဲ တစ်ခုတော့ ရှိရဲ့။ နောက်နေ့မနက် ၆ ခွဲ ၇ လောက် မနက်စာစားဖို့ ထွက်လာတော့ လမ်း မတန်းက ဆိုင်တော်တော်များများ ဖွင့်ထားပြီ။ မန်းသူမန်းသားတွေ ဝီရိယကောင်းချက်။ မြို့တော်ရန်ကုန်မှာဆို ဆိုင်အများစုက မနက် ၈ နာရီနောက်ပိုင်းမှ ဖွင့်လေ့ရှိတာ။ တချို့ မ နက် ၉ နာရီအထိ ဆိုင်ခင်းလို့ မပြီးတတ်သေးဘူး။ ဒါလည်း သူ့အထာနဲ့သူပါပဲ။

□လွမ်းမပြေခဲ့

မန္တလေးရောက်ပြီး ဒုတိယရက်မှာ မြို့ထဲ လျှောက်သွားဖြစ်တယ်။ ဆိုင်ကယ်က တစ်စီးထဲ၊ ကလေးရောလူကြီးပါ လူကငါးယောက်။သည်တော့ အိုးဝေတစ်စီးငှားမှ တော်ရော့မယ်ဆို စျေးညှိလိုက်တာ နေ့တပိုင်းကို ကျပ် ၆၀,၀၀၀ တဲ့။

အရင်ဆုံးသွားကြမှာက ဦးပိန်တံတားရှိရာ တောင်သမန်ရွှေအင်းဆီ။ အဲဒီကမှ မဟာမြတ်မုနိဘုရားကြီး၊ ပြီးမှ စျေးချိုဘက်ဆက်သွားမယ်။ စျေးချိုကနေ အမရပူရဘက် ပြန် လာရင်း ကျောက်စိမ်းဘုရား ခဏဝင်မယ်လို့ အစီအစဥ်ချလိုက်တယ်။

မန်းရွှေမြို့တော်ရဲ့ မနက်ကောင်းကင်မှာ ငါး ကြင်းကွက်သဏ္ဍန် တိမ်ဆိုင်တိမ်လိပ်တွေ အကွက်လိုက် အကွက်လိုက် နေရာယူ မင်းမူထားတယ်။ မနက် ၈ နာရီလောက်ထိ နေ ရောင်ခြည်ရဲ့ ထွေးပွေ့မှုကို မရနိုင်ခဲ့ဘူး။ အဲဒီအစား ဆောင်းလရာသီရဲ့ မြောက်ပြန်လေအ သွေးမှာ အေးစက်စိုထိုင်းမှုကို ခံစားရစေတယ်။

၉ နာရီလောက် ဦးပိန်တံတားပေါ်ရောက်လာလေမှ မနက်နေခြည်ရဲ့ စီးကြိုထွေ့ပွေ့မှုမှာ နွေးနွေးရှိန်းရှိန်း ရှိတော့တယ်။ တံတားရဲ့ဘယ်ညာ အင်းရေပြင်ဘက် လှမ်းမျှော်ကြည့်တဲ့အခါ တစတစ ပိုမိုတိမ်ကောလာနေတဲ့ တောင်သမန်ရဲ့ ကျန်းမာရေးကို သတိထားမိတယ်။

အင်းရေကျသွားလို့ ကုန်းမို့မို့တွေပေါ်နေတဲ့ နုံးတင်မြေနုတွေမှာ မြေပဲ၊ ပြောင်းနဲ့ နေကြာစိုက်ခင်းတွေကို စိမ်းစိမ်းစိုစို မြင်တွေ့ရတယ်။ ကျနော် နောက်ဆုံးရောက်ဖြစ်တဲ့ လွန်ခဲ့သောရှစ်နှစ်က တွေ့မြင်ခွင့်ရတဲ့ သစ်ပုတ်ပင်အိုကြီးကတော့ အင်းပြင်ကျယ်ထဲ ရှိမနေတော့ပါဘူး။ ကျနော် ရောက်ခဲ့စဥ်ထဲက အဲဒီသစ်ပုတ်ပင်အိုဟာ အခေါက်အသားတွေကွာကျပြီး အရိုးပြိုင်းပြိုင်းထနေပါပြီ။

ရှူ့ခင်းရှူ့ကွက်တွေကို အပြေးတပိုင်းခံစားရင်း အတိတ်နေ့စွဲတွေဆီ စိတ်ကရောက်ရောက်သွားသေးတယ်။ အချိန်ကိုငဲ့နေရတော့မိတ်ဆွေတွေနဲ့အတူ အမှတ်တရတွေရှိခဲ့တဲ့ တောင်သမန်ကို အလွမ်းနဲ့ပဲ နှုတ်ဆက်ခဲ့လိုက်တယ်။

ကျုံးပတ်လမ်းအတိုင်း ပြန်ထွက်လာတဲ့အခါ တောင်သမန်လမ်းကြား(တော်လှန်ရေး ၁၆) နားရောက်တော့ ယာဥ်စစ်အဖွဲ့တွေကို ခပ်လှမ်းလှမ်းထဲက မြင်နေရတယ်။ ဒီအခါ အိုးဝေဆရာက တစ်ယောက်လောက် လမ်းဆင်းလျှောက်ပေးဖို့ မေတ္တာရပ်တယ်။ တဆက်တည်းမှာ အဲလိုမှမလုပ်ရင် သတ်မှတ်ဦးရေ (သုံးဦး)ထက်ပိုတင်လို့ ကျပ် ၃၀,၀၀၀ ဒဏ်ရိုက်ခံရမှာလို့ သူက ရှင်းပြတယ်။

တောင်သမန်လမ်း ကြားကတဆင့် လမ်းမကြီးဘက် ထွက်လာတဲ့အခါ စစ်ကိုင်း- မန္တလေးလမ်းပေါ် ရောက်လာတယ်။ လမ်းမကြီးအတိုင်း တခဏမျှမောင်းနှင်ပြီးတဲ့နောက် ချမ်းမြသာစည်ရဲစခန်းနဲ့ တံပဝတီရပ်ကွက်အုပ်ကြီးရုံးကို အတားအဆီးနဲ့ အကာအရံများကြားမှ လှမ်းတွေ့ရတယ်။

ကညနရဲ့ ယာဥ်မောင်သင်တန်းလွန်လာတော့ လမ်းတိုလေးတစ်ခုထဲ ချို့ကွေ့ဝင်လိုက်တဲ့အခါ မဟာမြတ်မုနိဘုရားကြီး အနောက်ဘက်မုခ်ကို ရောက်လာတယ်။ ဘုရားပေါ်တက်ဝတ်ပြုပြီး ခဏအကြာမှာ ပြန်ဆင်းခဲ့လိုက်တယ်။ ကျနော်တို့ဘုရားကြီးသွားတဲ့နေ့က ပိတ်ရက်တွေမဟုတ်ဘဲ ကြားရက်မို့ထင်တယ်။ ဘုရားလာဖူးတဲ့သူ သိပ်အများကြီး မတွေ့ရဘူး။ ရွှေသင်္ကန်းဝယ်ရတဲ့ ကောင်တာထိပ်ကနေ မုနိရုပ်ပွားတော်ရှေ့အထိ ဇင်္ကြန်ရဲ့ တဝက်လောက်သာ ဘုရားဖူးတွေရှိနေပါတယ်။

ယာဥ်ရပ်တဲ့နေရာပြန်ရောက်တော့ အသိအစ် ကိုမိသားစုတွေ အိုးဝေဆီပြန်မရောက်ကြသေးဘူး။ ဒါနဲ့ သူတို့စောင့်ရင်း အနီးကယူနီစံမှာ လက်ဘက်ရည်သောက်နေလိုက်မယ် စိတ် ကူးတယ်။ အိုးဝေဆရာကိုခေါ်တော့ အစပိုင်း မလိုက်တော့ဘူးချည်း ငြင်းနေသေးတာ။ လာပါဗျ တခုခုလိုက်သောက်ပါဦး မိတ်ဖြစ်ဆွေဖြစ်ပေါ့လို့ ပြောကာမှ ထလိုက်လာတယ်။

သူနဲ့ကျနော် စကားတွေအပြန်အလှန်ပြောဖြစ်ရင်း ရင်ဘတ်ချင်း ဂျက်ပင်ထိုးမိဟန်တူပါတယ်။ စထွက်လာထဲက စကားဟဟမပြောတဲ့ အိုးဝေဆရာဟာ နောက်ခရီးစဥ်တွေမှာ ကျနော်တို့ကို မန်းမြို့တော်နဲ့ပတ်သက်လို့ သိလိုတာ၊ သိသင့်တာတွေကို တရင်းတနှီး ပြောပြရှင်းပြလာတယ်။

ဘုရားကြီးကနေ ပြန်ထွက်လာတော့ ၈၄ လမ်း အတိုင်း စျေးချိုဘက်ဆက်သွားကြတယ်။ စျေးချိုနားရောက်ကာနီးလေ ၈၄ လမ်းမကြီးကိုဖြတ်ထားတဲ့ လမ်းတွေရဲ့နံပတ်ဟာ ငယ်လာလေလေ။ လမ်းမကြီးရဲ့ တဘက်တချက်မှာတော့ မန္တလေးမြို့ရဲ့ နာမည်ကြီးရွှေဆိုင်တွေ အတန်းလိုက်ရှိနေတယ်။

၈၄ လမ်းနဲ့ ၃၄ လမ်းထောင့်က ဇွဲထက်ရွှေဆိုင်ရှေ့ လမ်းရဲ့တစ်ဘက်မှာ ပုဝါအနီပတ်နဲ့ ရဲအ ချို့ကို လက်နက်အပြည့်အစုံနဲ့ တွေ့ရတယ်။ ပြီးတော့ မန်းမြန်မာစျေးချိုပလာဇာရှိရာ ၈၄ လမ်းနဲ့ ၂၈ လမ်းထောင့်မှာလည်း အလားတူရဲတွေ နေရာယူထားပါတယ်။

အခုလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဟိုနားရပ်၊ ဒီနားစောင့်နဲ့ ရှိနေတဲ့ကြားက မန္တလေးမြို့မှာ ရွှေဆိုင်၊ ပုဂ္ဂလိကဘဏ်၊ စျေးဆိုင်နဲ့ နေအိမ် ဓားပြတိုက်အနုကြမ်းစီးခံရတဲ့ ဖြစ်စဥ်တွေ မ ကြာခဏဖြစ်နေတာဟာလည်း အတွေးပွားစရာပါပဲ။

မန်းမြန်မာပလာဇာဘက်က ထွက်လာပြီး ၃၅ လမ်းကိုဖြတ်၊ မြို့ပတ်လမ်းပေါ်တက်တော့ နာမည်ကျော် ဂေါဝိန်ဆိပ်ကိုရောက်ပြီ။ အရင်က ဒီဆိပ်ကမ်းကို မြန်မာပြည်အထက်ပိုင်းနဲ့ အောက်ပိုင်းက မြို့တွေဆီ ကုန်စည်ကူးသန်းဖို့ အဓိကထား အသုံးပြုခဲ့တာ။

ဒါပေမဲ့ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ထောက်ပို့ဆိပ်ကမ်းတစ်ခုအဖြစ် အသုံးပြုလာတာတွေ့ရပါတယ်။ ဂေါဝိန်ဆိပ်ကနေ ဧရာဝတီမြစ်​အတိုင်း ကချင်ပြည်နယ်ထဲ၊ ဧရာဝတီကမှ ချင်းတွင်းမြစ်ကိုဆန်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းကို လူသူလက်နက်နဲ့ ရိက္ခာတွေ ပို့တာ။

ဂေါဝိန်ဆိပ်ကိုလွန်လာတော့ ၄၁ ကုန်စိမ်းတန်းစျေး။ အခုနောက်ပိုင်း အဲဒီစျေးကို ဝေယံထွန်းစျေးလို့လည်း ခေါ်ကြတယ်။ နွေဦးကာလအစောပိုင်းက အဲဒီစျေးရှေ့နား စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုခံရပြီး သွေးသံရဲရဲနဲ့ လူဦးငယ်တစ်ဦးကို တွန်းလှဲနဲ့သယ်ထုတ်ခဲ့ရဖူးတယ်။ အဲဒီလူငယ်ဟာ ကိုဝယံထွန်းပါပဲ။ သူဟာ အဲဒီသေနတ်ဒဏ်ရာနဲ့ပဲ နွေဦးရဲ့အစအဦးမှာတင် ကျဆုံးခဲ့ရတယ်။ ဒါကြောင့် သူ့ကိုအမှတ်ရတဲ့အနေနဲ့ရော နွေဦးကိုဂုဏ်ပြုတဲ့သဘောနဲ့ပါ ၄၁ ကုန်စိမ်းစျေးကို ဝေယံထွန်းစျေးရယ်လို့ ခေါ်ဆိုသမုတ်ခဲ့ကြတာပါ။

မြို့ပတ်လမ်းကတဆင့် စစ်ကိုင်း-မန္တလေးလမ်းပေါ် ပြန်ရောက်လာပြီး နှာပေါက်အဝိုင်းနားရောက်လာတယ်။ အဝိုင်းပတ်နား အတား အဆီးတွေ အခိုင်အမာချထားတဲ့ စစ်ကောင်စီစစ်ဆေးရေးဂိတ်တစ်ခု ရှိပါတယ်။ ကျနော်တို့ ဦးတည်ရာက မြို့ပြင်ဘက်ဖြစ်လို့ သိပ်ပြီးအ စစ်မခံလိုက်ရဘူး။ မြို့တွင်းဝင်မယ့်ကားတွေကတော့ တားပြီးအစစ်ခံနေရတာ တန်းကိုစီလို့။ အဝိုင်းကိုပတ်လိုက်တော့လည်း နောက် ထပ်တစ်ဂိတ် ထပ်ရှိပြန်တယ်။ ဒီနေရာမှာလည်း ကုန်တင်တွဲကားနဲ့ ကားလေးအချို့ရပ် ပြီး အစစ်အဆေးခံနေရ တွေ့ရပါတယ်။

အဲဒီဂိတ်တွေလွန်လာတဲ့အခါ လုပ်လက်စ အ ဝိုင်းပတ်တစ်ခုကို ဖြတ်ပြီး စစ်ကိုင်း-မြစ်ငယ်လမ်းပေါ်က ကျောက်စိမ်းဘုရား ခဏဝင်ဖူးဖြစ်တယ်။ ပြီးမှ ရန်ကုန်-မန္တလေးလမ်းဘက်ပြန်လှည့်ပြီး တည်းခိုရာ အမရပူရမြို့နယ်ထဲပြန်ဝင်ခဲ့လိုက်တယ်။

ဒီတင် ကျနော့်ရဲ့ မန္တလေးခရီးစဥ်ဟာ အဆုံး သတ်ခဲ့ပါပြီ။ တကယ်တမ်း အဆုံးမသတ်နိုင်ခဲ့တာက ကျနော့်ရဲ့ အတွေးစိတ်ကူးတွေပါပဲ။ ဆန္ဒရှိသလို သွားခဲ့ရောက်ခဲ့ပြီးဖြစ်ပေမယ့် အ လွမ်းမပြေခဲ့ပါဘူး မြို့မန္တလာရေ…။ ။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

သတင်း

မန္တလေးမြို့မှာ စုံ/မစနစ်နဲ့ မော်တော်ယာဥ်တွေ ပြန်လည်ဖမ်းဆီးလာပြီး ယာဥ်အများအပြား ဖမ်း​ဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ စစ်ကောင်စီတပ်က လုံခြုံရေးအကြောင်းပြ ပိတ်ထားတဲ့လမ်းတွေကို ပြန်ဖွင့်ပေမယ့် တရုတ် ကောင်စစ်ဝန်ရုံး ရှေ့ကလမ်းကိုတော့ ဆက်လက်ပိတ်ဆို့ထားကြောင်း ဒေသခံ တွေကပြောပါတယ်။