ကရင်နီပြည်နယ်၊ မော်ချီးဒေသအတွင်း လေကြောင်းသတိပေးချက်များကို ကရင်နီအမျိုးသားများစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)က ထုတ်ပြန်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လ ၇ရက်က ပထမဆုံးအကြိမ် လေကြောင်းတိုက် ခိုက်ခံရမှုအပြီး မော်ချီးဒေသတွင်းရှိ ဗျူဟာ၊တပ်ရင်း၊တပ်ခွဲများ အပါအဝင် ဒေသခံပြည်သူနှင့် စစ်ရှောင်များအတွက် လေကြောင်းရန်ကာကွယ်ရေးကို ညွှန်ကြားခြင်းဟု သိရသည်။
သက်ဆိုင်ရာ တပ်စခန်း၊နေအိမ်၊စစ်ရှောင်စခန်းများတွင် ဗုံးခိုကျင်းများတူးရန်၊အကြောင်းမဲ့ ရပ်ဝေးရပ်နီး ခရီးသွားလာခြင်းမပြုလုပ်ရန်၊အရေးပေါ်ကိစ္စရပ်ကြောင့် သွားလိုပါက သက်ဆိုင်ရာသို့ အကြောင်းကြားရန် သတိပေးထားသည်။

Public Service Announcement
ထို့အပြင် လူစု၊လူဝေးမပြုလုပ်ရန်နှင့် လူစုလူဝေးများသောနေရာများကို ရှောင်ရှားရန်၊အစည်းအဝေး ကိစ္စရပ် များဆောင်ရွက်မှုတွင် မော်တော်ကား၊ဆိုင်ကယ် များကို စုဖွဲ့မထားရန် ဖော်ပြသည်။
တပ်သားများတာဝန်ဖြင့် သွားလာပါက ယူနီဖောင်းဝတ်ဆင်ပြီး ကိုယ်ပိုင်သေနတ်ယူဆောင်ရန်၊လေကြောင်း တိုက်ခိုက်မှုဖြစ်ပွားပါက ဖြစ်စဥ်သတင်းကို အွန်လိုင်းပေါ် လုံးဝမတင်ရန် အပါအဝင် နယ်မြေလုံခြုံရေး၊ စစ်ရေးသတင်းများကို သက်ဆိုင်ခြင်းမရှိသည့် လူပုဂ္ဂိုလ်များသို့ ပြောဆိုခြင်းကိုလည်း တားမြစ်ထားသည်။
ကရင်နီအမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့(KNSO)သည် ကရင်နီပြည်၊ မော်ချီးဒေသအတွင်း အခြေစိုက်ထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခု ဖြစ်သည်။
မြန်မာစစ်တပ်နှင့် ၂၀၀၂ နိုဝင်ဘာ ၉ရက်တွင် ငြိမ်းချမ်းရေးယူခဲ့သော်လည်း အရပ်သားများအား အကြမ်းဖက်သတ်ဖြတ်မှု၊အင်အားသုံးရက်စက်မှုများကြောင့် စစ်ကောင်စီကို တိုက်ခိုက်မည်ဟု ၂၀၂၄ ဧပြီ ၁၀ရက်တွင် KNSOက ကြေညာခဲ့သည်။
မတ်လ ၇ရက်တွင် စစ်ကောင်စီက မော်ချီးအမှတ်(၂)ဂိတ် ပတ်ဝန်းကျင်ကို လေကြောင်းမှတိုက်ခိုက်ခဲ့ပြီး အရပ်သားနှစ်ဦးသေဆုံးခဲ့ကာ ၁၀ဦးဝန်ကျင်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီအရပ်ဘက်အဖွဲ့အစည်းအချို့က အသိပေးထားသည်။
ခဲမဖြူနှင့် အဖြိုက်နက်သတ္ထုများထွက်ရှိရာ မော်ချီးဒေသကို ကရင်နီတပ်ပေါင်းစုက ၂၀၂၄ ဇန်နဝါရီ ၂၇ရက်က အလုံးစုံထိန်းချုပ်ထားခဲ့ခြင်း ဖြစ်သည်။မော်ချီးမြို့အနီးရှိ ဖားဆောင်းမြို့အခြေစိုက် စစ်ကောင်စီတပ်နှစ်ခုကိုလည်း ကရင်နီတပ်ပူးပေါင်းတပ်များက ပိတ်ဆို့ထားသည်။
