မတ်-၁၉၊၂၀၂၅။ ဟန်နွေ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ရွှေကျင်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ပြီး တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်ကိုလည်း စစ်ကောင်စီတပ်က ဒရုန်းဖြင့် တိုက်ခိုက်ခဲ့၍ ပြည်သူများထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများရှိကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။
KNU ညောင်လေးပင်ခရိုင်( ခလယ်လွီထူခရိုင်၊) ရွှေကျင်မြို့နယ်(ဆောထိမြို့နယ်) သက်တူးကုန်းရွာကို စစ်ကောင်စီက မတ်လ ၁၅ရက် နေ့လည်တွင် ပေါင်(၃၀၀) ဗုံးသီး နှစ်လုံးဖြင့် လာရောက်ပစ်ခတ်ခဲ့ရာ အသက် (၅၀)အရွယ် အမျိုးသားတစ်ဦးဒဏ်ရာရခဲ့ပြီး နေအိမ်နှင့် စာသင်ကျောင်း ပျက်စီးခဲ့ဟု အသိပေးသည်။
မတ်လ ၁၄ရက်ကလည်း စစ်ကောင်စီတပ် ခလရ(၂၆၄)တပ်ရင်းမှ ၁၂၀မမ သုံးလုံးပစ်ခတ်ရာ ကညင်ကျွန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ပြည်သူအချို့ နေအိမ်ပျက်စီးခဲ့သည်ဟုဆိုသည်။

Public Service Announcement
စစ်ကောင်စီတပ်မှ ပြည်သူလူထုများအား ပစ်မတ်ထားပြီး အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်နေခြင်းကြောင့် ညောင်လေးပင်ခရိုင်အတွင်း နေထိုင်သော အရပ်သားများအနေဖြင့် အသက်ရှင်သန်ရေးအတွက် စိုးရိမ်ကြောက်ရွံ့ မှုများစွာဖြင့် ရုန်ကန်နေထိုင်နေကြရသည်ဟု KNUက ထုတ်ပြန်သည်။
စစ်ကောင်စီတပ်သည် KNU တပ်မဟာ(၁)နယ်မြေ ကျိုက်ထိုမြို့နယ်ကိုလည်း ဒရုန်း တိုက်ခိုက်မှု ပြုလုပ်ခဲ့၍ နေအိမ်နှင့် စိုက်ပျိုးပင်များ ထိခိုက်ပျက်စီးခဲ့ဟု KNU ဗဟိုက မတ်လ ၁၈ရက်တွင် ထုတ်ပြန်သည်။
မတ်လ ၁ရက်ကလည်း ကျိုက်ထိုမြို့နယ်၊ ပျဥ်းကတုံးကုန်း သုသာန်နှင့် ဧက(၁၀၀) ကျောက်မိုင်း နေရာများကို စစ်ကောင်စီက ဒရုန်းဗုံးသီး (၆)လုံး ကြဲချခဲ့ရပြီး လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့ဟု ဆိုသည်။ ထိုသို့တိုက်ခိုက်ခဲ့၍ နေအိမ်အချို့ ပျက်စီးကာ ကျိုက်ထိုမြို့နယ် ခရဲကျေးနယ်အုပ်စု စစ်ကွင်းရွာ၊ မုက္ခမော့ရွာ၊ သုံးခွရွာ အနောက်ဘက်ခြမ်းတွင် အရပ်သားပြည်သူ စိုက်ပျိုးပင်များ ထိခိုက်ပျက်စီးမှုရှိခဲ့သည်ဟု ဆိုသည်။
ထို့ပြင် မတ်လ ၄ရက်မှ ၆ရက်အထိ စစ်ကောင်စီသည် တပ်မဟာ(၁) နယ်မြေကို လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးအမြောက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ အရပ်သားပြည်သူများ ထိတ်လန့် ကြောက်ရွံ့ခဲ့ကြရကြောင်း ထုတ်ပြန်သည်။
စစ်ကောင်စီသည် KNU အုပ်ချုပ်နယ်မြေများရှိ ကျေးရွာများပစ်မှတ်ထားသည့် လေကြောင်း လက်နက်ကြီး ၊ ဒရုန်း တိုက်ခိုက်မှုများ ဆက်တိုက်ကျူးလွန်လျက်ရှိပြီး အရပ်သား ပြည်သူ သေဆုံးထိခိုက်မှုများ မကြာခဏ ဖြစ်ပေါ်နေသည်။
