မေ ၇၊၂၀၂၅။ ကဖေး၊မိုးမိုး/People’s Spring
ငလျင်ဘေးကြောင့်ဆိုကာ အပစ်ရပ်ကြောင်းထပ်မံသက်တမ်းတိုးထားသည့် စစ်ကောင်စီက ယနေ့(မေလ ၇ရက်)နံနက်အစောပိုင်းတွင် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်နှင့် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ကောလင်းမြို့နယ်အရှေ့ခြမ်းရှိ ရှောက်ပင်ခြုံကျေးရွာကို နံနက် ၁နာရီ ၉မိနစ်ခန့်နှင့် မင်းတပ် မြို့နယ်တနေရာကို နံနက် ၁နာရီကျော်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သတင်းရင်းမြစ်များက ပြောသည်။
တံတားဦးမှတပ်လာသော ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲခြင်းဖြစ်ပြီး မြေပြင်စစ်ရေးလုပ်ရှားမှုမရှိဘဲ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်ခြင်းဟု ကောလင်း ကောလင်းပြည်သူ့ကာကွယ်ရေးတပ်မတော်(KLPDF) က ထုတ်ပြန်သည်။

Public Service Announcement
နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း သတင်းရရှိသည်။
“ဘာတိုက်ပွဲမှ မရှိပါဘူး။ စစ်ရေးပစ်မှတ်လည်း မဟုတ်ပါဘူး”ဟု ဒေသ သတင်းရင်းမြစ်က ကောလင်းနယ် လေကြောင်း တိုက်ခိုက်ခံရမှုကို ပြောသည်။
စစ်ကောင်စီသည် ဧပြီလအတွင်းကလည်း ကောလင်းမြို့နယ်ကို လေကြောင်း တိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့ရာ ပြည်သူ ၃ဦး သေဆုံးခဲ့သည်ဟုဆိုသည်။
ထို့အပြင် ချင်းကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် မင်းတပ်မြို့ကိုလည်း စစ်ကောင်စီက ယနေ့(မေ ၇ရက်) န့နက်စော ၁နာရီ ၂၀မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခဲ့ပြီး ထိခိုက်မှုကို မသိရသေးကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)၏ သတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ချိန်သည် ရန်ကုန်နှင့် မန္တလေးမြို့တွင် ငလျင်လှုပ်ရှားမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေချိန်ဖြစ်သည်။
” ငလျင်သတင်းစောင့်ကြည့်ရင် လေကြောင်းနဲ့တိုက်ခိုက်တဲ့ သတင်းတွေ့တယ်။ ရင်တွေ တလှပ်လှပ်တုန်တာ။ စိတ်တွေအရမ်းပင်ပန်းတယ်”ဟု ရန်ကုန်မြို့မှ အိမ်ထောင်ရှင်မျိုးသမီးတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် မတ်လ ၂၈ရက်က လှုပ်ခတ်သော ငလျင်ကိုအကြောင်းပြ၍ မေလ ၆ရက် မှ မေလ ၃၁ရက်အထိကို အပစ်ရပ်စဲကြောင်း ထပ်မံထုတ်ပြန်ခဲ့သည်။ ယင်းနေ့မှာပင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်ဒေသများကို လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။
အဆိုပါ အပစ်ရပ်ကာလမတိုင်ခင် ဧပြီ ၂ရက်မှ ဧပြီလကုန်အအထိလည်း စစ်ကောင်စီက အပစ်ရပ်ကြေညာခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုများ၊မြေပြင်စစ်ကြောင်းထိုးမှုများ ဆက်လက်ပြုလုပ်ခဲ့သည်။
ငလျင်လှုပ်ခဲ့သည့် မတ်လ၂၈ ရက်မှ မေ၂ ရက်အထိ ၃၆ ရက်အတွင်း စစ်ကောင်စီက လေ ကြောင်းတိုက်ခိုက်မှု၂၈၂ ကြိမ်ပြုလုပ်ခဲ့ပြီး ပြည်သူ၂၇၆ ဦး သေဆုံးကာ ၄၅၆ ဦးဒဏ်ရာရခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
