■”ကျောင်းကိုတည့်တည့်ပစ်သွားတာ။အလယ်တန်းကျောင်းဆိုတော့ထိခိုက်မှုအရမ်းများတယ်။ ကလေးတွေရော၊ ဆရာမတွေရော။ ပဇီကြီးလိုပဲဗျာ” -ဒေသခံတဦး
မေ-၁၂၊၂၀၂၅။ကဖေး/People’s Spring
ဒီပဲယင်းမြို့နယ်၊ အိုးထိမ်းကွင်းရွာစာသင်ကျောင်းကို စစ်ကောင်စီက ယနေ့(မေ-၁၂) နံနက် ၁၀နာရီဝန်းကျင်တွင် လေကြောင်းမှ ဗုံးကြဲ၍ ကလေးငယ်နှင့် ဆရာမများ ထိခိုက်သေဆုံးမှုများပြားပြီး စစ်ကောင်စီသည် ပဇီကြီးလေကြောင်းတိုက်ခိုက်မှုကဲ့သို့ နောက်ထပ်စစ်ရာဇဝတ်မှုကို ကျူးလွန်လိုက်ကြောင်း ဒေသခံများကပြောသည်။
“ကျောင်းကိုတည့်တည့်ပစ်သွားတာ။အလယ်တန်းကျောင်းဆိုတော့ထိခိုက်မှုအရမ်းများတယ်။ ကလေးတွေရော၊ ဆရာမတွေရော။ ပဇီကြီးလိုပဲဗျာ”ဟု ဒေသခံတစ်ဦးကပြောသည်။

Public Service Announcement
ထိခိုက်သေဆုံးမှုများပြားပြီး စိုးရိမ်စရာအခြေအနေဖြစ်ကြောင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တဦးကပြောသည်။ကျောင်းသားနှင့် ဆရာ၊ဆရာမများအပါအဝင်ထိခိုက်သေဆုံးမှူများသော်လည်း အသေးစိပ်ကိုမူမသိရသေးပေ။
မေ ၁၂ရက်နေ့ မွန်းလွဲ ၁နာရီခန့်အထိထပ်မံ ရရှိသော သတင်းအရ ကျောင်းသား၊ကျောင်းသူ အနည်းဆုံး ၁၁ဦးသေဆုံပြီး ထိခိုက်ဒဏ်ရာရသူ ၅၀ခန့်ရှိကြောင်း ဒေသခံတစ်ဦးကပြောသည်။ သေဆုံးသူအရေအတွက်တိုးလာနိုင်သည်ဟုလည်း၎င်းကဆက်ပြောသည်။
ဒေသခံများသည် ရှာဖွေကယ်ဆယ်ရေးများပြုလုပ်စဥ် နောက်ထပ်လေကြောင်းအန္တရာယ်ကိုလည်းစိုးရိမ်နေကြရသည်ဟု ဒေသခံအချို့ကပြောသည်။
အဆိုပါစာသင်ကျောင်းသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG ) ၊ပညာရေးဝန်ကြီးဌာန၏ကြားကာလပညာရေး စနစ်ဖြင့် ဒေသခံကျောင်းသား၊ကျောင်းသူများကိုပညာသင်ကြားပေးနေသောကျောင်းဖြစ်သည်ဟုသိရသည်။
စစ်ကောင်စီက အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်မှုများအတွင်း တစ်ကြိမ်တည်းတွင် လူသေဆုံးမှုအများဆုံးဖြစ်ခဲ့သည့် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့၊ ပဇီကြီးရွာလေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်သည် ၂၀၂၃ ဧပြီလ ၁၁ရက်က ဖြစ်ပွားခဲ့သည်။
ထိုစဥ်က ရုရှားနိုင်ငံထုတ်တိုက်လေယာဉ် YAK-130 ဖြင့် ပေါင် ၅၀၀ ဖျက်အားပြင်းဗုံးနှစ်လုံးကိုကြဲချတိုက်ခိုက်ခဲ့ပြီးMI-35 ရဟတ်ယာဉ်ပေါ်မှ စက်သေနတ်များဖြင့်ပတ်ချာလည်ပျံသန်းပစ်ခတ်ခဲ့သည်။ ကလေးငယ် ၄၀၊ အမျိုးသမီး ၂၄ ဦးအပါအဝင် အရပ်သား ၁၆၈ဦး သေဆုံးခဲ့သည်။ ၅၀ထက်မနည်းသည် ကိုယ်လက်အင်္ဂါများဆုံးရှုံးခဲ့ပြီး မသန်စွမ်းဘဝရောက်ခဲ့သည်။
ပဇီကြီးလေကြောင်းတိုက်ခိုက်မှုအပါအဝင် ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားများသေဆုံးခဲ့သည့် တိုက်ခိုက်မှုများကို ၎င်းတို့ ကျူးလွန်ခဲ့ကြောင်း စစ်ကောင်စီက ပြီးခဲ့သည့် မတ်လအတွင်းနေပြည်တော်သို့ရောက်ရှိနေသည့် အယ်ဂျာဇီးရား သတင်း ထောက်၏အင်တာဗျူးတွင် ပထမဆုံးအကြိမ်ဝန်ခံခဲ့သည်။
PDFများကို တိုက်ခိုက်သည်ဆိုပြီး ကလေးများအပါအဝင် အရပ်သားများထိခိုက်သေဆုံးနေ
သည်ကို လက်ခံပါသလားဟု အင်္ဂလိပ်လို မေးသည်ကို ဗိုလ်ချုပ်ဇော်မင်းထွန်းက ” ကလေးတွေအများကြီး ပါတယ်ဆိုတာက သူတို့က သောင်းကျန်းသူအဖွဲ့အစည်းတွေနဲ့ ဆက်စပ်နေတဲ့ အုပ်စုတွေထဲ ပတ်သက်နေလို့ပါ။ အဲတော့ ဟုတ်တယ် ကျနော်တို့ တိုက်ခိုက်ခဲ့တယ်” ဟု စစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာလိုဖြေသွားသည်။
၎င်းက ” တိုက်ခိုက်မှုဆိုမှတော့ဘေးထွက်ဆိုးကျိုးရှိမှာပဲလေ။ ဒါက စစ်ရဲ့သဘောပဲ။ ငြင်းဆန်လို့ မရပါဘူး။ရှင်းပါတယ်။ အကြမ်းဖက်မှုတွေနဲ့ အကြမ်းဖက်သမားတွေကို မထောက်ခံရင် တိုက်ခိုက်ခံရစရာ အကြောင်းမရှိပါဘူး”ဟုထပ်မံဖြေကြားသွားသည်။
ငလျင် အကြောင်းပြပြီး အပစ်ရပ်ကြေညာထားသည့် စစ်ကောင်စီက လေကြောင်းဗုံးကြဲမှုများ၊ မြေပြင်စစ်အင်အား တိုးချဲ့မှုများ ရပ်တန့်ခြင်းမရှိဘဲ နေပြည်တော်နှင့် ရန်ကုန်မှလွဲ၍ ကျန်တိုင်းနှင့် ပြည်နယ်များတွင် အရပ်သားပြည်သူများ၊လူအစုလိုက်အပြုံလိုက်ရှိသောနေရာများကိုပစ်မှတ်ထားပြီးဗုံးကြဲ မှုများ ဆက်တိုက်ပြုလုပ်နေသည်။
ဧပြီလ ၁၂ ရက်နှင့် ဧပြီလ ၂၃ ရက်ကလည်း ဒီပဲယင်းမြို့နယ်မှ ကြခတ်ကျေးရွာဘုန်းကြီးကျောင်းနှင့် ကျေးရွာတစ်ရွာကို လေကြောင်းမှ ဗုံးကြဲရာ ကိုရင် ၃ ပါးအပါအဝင် ဆယ် ဦး သေဆုံးခဲ့သည်။
ဒီပဲယင်းမြို့မှ စစ်ကောင်စီစခန်းများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက၂၀၂၄ခုနှစ်၊ ဩဂုတ်လ ၁၅ ရက်နေ့ မှစတင် တိုက်ခိုက်ခဲ့ပြီး ဩဂုတ်လ ၁၈ ရက်နံနက်၌ တမြို့လုံးကိုသိမ်းပိုက်နိုင်ခဲ့သည်။ သို့သော် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန်ပြုလုပ်ပြီး စစ်ကူများပို့၍ မြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည်။စစ်ကောင်စီသည် ဒီပဲယင်းမြို့မရဲစခန်း၊ အထကကျောင်းနှင့် နေရာတချို့၌တပ်စွဲထားပြီး မြို့ကို ထိန်းချုပ်ထားနိုင်သော်လည်း မြို့နယ်အတွင်းရှိ ဒေသအများစုကိုတော်လှန်ရေးအဖွဲ့များကထိန်းချုပ်ထားသည်။
