Connect with us

Hi, what are you looking for?

သတင်း

ပေါက်နယ်က စစ်တပ်စစ်ကြောင်းရှေ့ဆက်ရွေ့နိုင်ရန် လေကြောင်းမှ အပြင်းအထန်ဗုံးကြဲ

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)သို့ အားဖြည့်မည့် စစ်ကြောင်းရွေ့နိုင်ရန် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲနေသည်။

ဗုံးကြဲနေသည့် စစ်ကောင်စီ၏ Y-12 လေယာဥ်ကို အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင်မှ မှတ်တမ်းတင်ထားစဥ်

ဇွန်-၁၈၊ ၂၀၂၅။ ရဲခေါင်/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)သို့ အားဖြည့်မည့် စစ်ကြောင်းရွေ့နိုင်ရန် စစ်ကောင်စီက လေကြောင်းမှ အပြင်းအထန်ဗုံးကြဲနေသည်။

မြေပြင် အင်အား ၄၀၀ကျော်နှင့် ယာဥ်အစီးရေ ၁၀၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းသည် ပခုက္ကူမြို့အခြေစိုက် တပ်မ-၁၀၁ မှ ဇွန်လ ၁ ရက်ကတည်းက ပေါက်မြို့နယ်ဘက်သို့ ထွက်လာခြင်းဖြစ်သည်။

ကားဖြင့် သုံးနာရီဝန်းကျင်ခရီးသာရှိသည့် ပခုက္ကူ-ပေါက် လမ်းပိုင်းကို နှစ်ပတ်ကျော်ကြာသည်အထိ ထိုစစ်ကြောင်း၏ ဦးတည်ရာသို့ တိုးမပေါက်သေးကြောင်း ဒေသခံစစ်ဘက်သတင်းရင်းမြစ်များက ဆိုသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့ကတော့ သူတို့ကားတန်းစလှုပ်လာတယ်။ အဲဒါကြောင့်လည်း မနက်ကတည်းက လမ်းကြောင်းကြိုရှင်းတဲ့ပုံစံမျိုးနဲ့ လေကြောင်းကနေ ဗုံး ဆယ်နဲ့ချီကြဲနေတယ်”ဟု ပေါက်မြို့နယ်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ကမ္မ-ရေပြာလမ်းပိုင်းကို Y-12 လေယာဥ်ဖြင့် ယနေ့(ဇွန် ၁၈ ရက်) နံနက် ၆ နာရီ ၃၆ မိနစ်မှ ၇ နာရီ ၂ မိနစ်အထိ ဗုံးအလုံးရေ ၃၀ ခန့်​ကြဲခဲ့ကြောငး အညာမြေအရပ်ဖက်အဖွဲ့အစည်း-မြိုင် က အသိပေးသည်။

“စကစဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူများကိုသာ တိုက်ခိုက်နိုင်တဲ့ အရည်အချင်းရှိတာ ဖြစ်တဲ့အတွက် ပြည်သူများ စကစ ရန်မှ ကင်းဝေးဖို့ရာ လေကြောင်းသတိ မြေပြင်စစ်ကြောင်း သတိတို့ဖြင့် အမြဲနားစွင့်နေကြပါ”ဟု ထိုအဖွဲ့တာဝန်ရှိသူက တိုက်တွန်းသည်။

စစ်ကောင်စီစစ်ကြောင်း ဦးတည်ချက်နေရာဟု ခန့်မှန်းရသော ပေါက်မြို့နယ်မှ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄)သို့ မရောက်ရှိစေရေးအတွက် ဒေသတွင်းတပ်ပေါင်းစုက ကြားဖြတ်ပိတ်ဆို့တိုက်ခိုက်မှုကြောင့် တိုက်ပွဲများလည်း မကြာခဏ ဖြစ်နေကာ နှစ်ဖက်ထိခိုက်မှုရှိသည်။

သံဘို နှင့် နတ်ဥယာဉ်ရွာတို့မှ စစ်ကောင်စီစစ်ကြောင်းသည် ပေ ၁,၀၀၀ ကျော်အမြင့်ရှိသည့် တက်မတောင်ကို ကျော်ဖြတ်နိုင်ရန် ကြိုးပမ်းနေရဆဲ ဖြစ်သည်။

“တက်မတောင်နဲ့ ရေပြာရွာကို ကျော်ရင်တော့ သူတို့(စကစ)စိုးမိုးနယ်မြေရောက်ပြီပြောရတယ်။ သူတို့အတွက် ရေပြာကို ရောက်ဖို့အဓိကပဲ။ အခု စကစ စစ်ကြောင်းရောက်နေတဲ့နေရာနဲ့က ရှစ်မိုင်လောက်ကျန်တယ်”ဟု အညာမြေတပ်ပေါင်းစု၏ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောထားသည်။

ယခုစစ်ကြောင်းသည် ပေါက်မြို့နယ် ကာကွယ်ရေးပစ္စည်းစက်ရုံကို အားဖြည့်ခြင်းအပြင် သီးခြားစစ်ရေးရည်မှန်းချက်များရှိနေကြောင်း ခန့်မှန်းမှုအချို့ရှိသည်။

စစ်နယ်ဖြန့်လာသည့် အာရက္ခတပ်တော် AA နှင့် ဒေသတွင်းတပ်ပေါင်းစုများ၏ စစ်ရေးအရှိန်ကို ကြိုတင်ကာကွယ်ရန်အတွက်လည်း ကပစ-၂၄ ကို အားဖြည့်ထားခြင်းဆိုသောသုံးသပ်ချက်လည်း ရှိလာသည်။

စစ်ကောင်စီစစ်ကြောင်းထိုးမှုအပါအဝင် လေကြောင်းတိုက်ခိုက်မှုများကြောင့် ပခုက္ကူနှင့် ပေါက်လမ်းပိုင်းရှိ ကျေးရွာ ၃၀ ခန့်မှ ပြည်သူသောင်းနှင့်ချီ စစ်ရှောင်ရသည်။

ထို့အပြင် စစ်ကောင်စီက ဖမ်းဆီးသတ်ဖြတ်ထားသည့် ပြည်သူများရှိခဲ့သည့်အပြင် လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူများကို စာရင်းကောက်ယူရန် အရပ်ဖက်လူမှုအဖွဲ့အစည်းအချို့က ကြိုးပမ်းနေရဆဲ ဖြစ်သည်။

ပေါက်မြို့နယ် မျှားပိုင်းကျေးရွာအနီးရှိသည့် ကပစ-၂၄ သည် လက်နက်ကြီးကျည် ၆၀ မမ၊ ၈၀ မမ နှင့် ၁၂၀ မမ တို့ကို အဓိကထုတ်လုပ်နေကြောင်း စစ်ဘက်သတင်းအချက်အလက်တွင် ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို စစ်ကောင်စီက ယနေ့(ဇူလိုင် ၁၈ရက်)နံနက် ၁၀နာရီခန့်တွင် လေကြောင်းမှ ထပ်မံ ဗုံးကြဲတိုက်ခိုက်သည်။

သတင်း

ကရင်နီပြည်နယ်၊ဒီးမော့ဆိုမြို့နယ်ကို စစ်ကောင်စီ က ယမန်နေ့နေ့လည် ၁ နာရီ မိနစ် ၂၀ ဝန်းကျင်တွင် လေကြောင်းမှဗုံးကြဲခဲ့သည်။

သတင်း

မကွေးတိုင်း၊ပေါက်မြို့နယ်က နယ်သတ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံအမျိုးသမီးတစ်ဦး သေဆုံးပြီး တစ်ဦးဒဏ်ရာရကာ နေအိမ်တွေ ပျက်စီးခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

Facebook