ဇူလိုင်-၁၅၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring
မြို့နယ်အများအပြားကို လေကြောင်းတိုက်ခိုက်မှုဆက်တိုက်ပြုလုပ်နေသည့် စစ်ကောင်စီက ယနေ့ နေ့လယ်ပိုင်းတွင် TNLA ထိန်းချုပ်ဒေသ မိုင်းငေါ့မြို့နယ်ခွဲကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
မိုင်းငေါ့မြို့နယ်ခွဲ မန့်ပင့်ရွာလမ်းခွဲ တံတားကြီးအနီးကို နေ့လယ် ၁နာရီခန့်တွင် ဂျက်ဖိုက်တာဖြင့် ဗုံးကြဲသွားခြင်းဟု ဒေသခံအချို့က ပြောသည်။
“ပစ်ပြီးပြီးချင်း မြို့ကိုဖြတ်ပျံသွားတယ်။ ကျတာက နှစ်နေရာလို့ ပြောကြတယ်။ ဘာတွေဖြစ်ကုန်လဲ မသိနိုင်သေးဘူး”ဟု မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement
ပြီးခဲ့သည့် မေလ ၅ရက်နှင့် ၁၂ရက်ကလည်း မိုင်းငေါ့မြို့နယ်ခွဲကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခဲ့သည်။ မိုင်းငေါ့မြို့နယ်ခွဲသည် ကျောက်မဲမြို့နယ်၌ ပါဝင်သည်။ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းကာလ ၂၀၂၄ ဒီဇင်ဘာတွင် TNLAက သိမ်းယူထားခြင်းဖြစ်သည်။
စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲ၊ မိုးကုတ်မြို့၊ သီပေါ၊ နောင်ချ်ိုမြို့တို့ကိုလည်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည်။ ယမန်နေ့က သီပေါမြို့ကို ဗုံးကြဲရာ အရပ်သားနှစ်ဦးသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့သည်။


















































