ဇူလိုင်-၃၁၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဆီယံနှင့် ၎င်း၏အဖွဲဝင်နိုင်ငံများအနေဖြင့် အာဏာသိမ်းစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံမှု ပံ့ပိုးကူညီမှုများအားလုံးကို ရပ်တန့်ရန် အပါအဝင် အချက်သုံးချက်လုပ်ဆောင်ရန် အချိန်ကောင်းဖြစ်ကြောင်း အရပ်ဘက်အဖွဲ့ ၂၃၀ ကျော်က ယနေ့ (ဇူလိုင် ၃၁ရက်)တွင် ထုတ်ပြန်သည်။
ထို့ပြင် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေးပါဝင်သက်ဆိုင်သူများနှင့် တရားဝင်မှုရှိသောကိုယ်စားလှယ်များကို တရားဝင်နှင့် အနှစ်သာရရှိရှိ ထိတွေ့ဆက်ဆံရန်၊ မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာ ရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီနှင့် ရေရှည်တည်တံ့ခိုင်မြဲသော ငြိမ်းချမ်းရေးအတွက် ၎င်းတို၏ စုပေါင်းရည်မှန်းချက်နှင့် စိတ်ပိုင်းဖြတ်မှုကို ပံ့ပိုးကူညီပေးရန် ပြတ်သားပြီး အနှစ်သာရရှိသော လုပ်ဆောင်ချက်ကို လုပ်ဆောင်ရန် အရပ်ဘက်အဖွဲ့များက တိုက်တွန်းတောင်းဆိုသည်။
မြန်မာ၊ ဒေသတွင်းနှင့် နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၂၃၇ ဖွဲ့ ထောက်ခံလက်မှတ်ရေးထိုးထားသည့် ယခုသတင်းထုတ်ပြန်ချက်တွင် စစ်ကောင်စီ ကြိုးပမ်းနေသည့် အတုအယောင်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး လက်မခံကြောင်း အရပ်ဘက်အဖွဲ့အစည်းများ၏ သဘောထားကိုရှင်းလင်းစွာ ထပ်မံအသိပေးထားသည်။

Public Service Announcement
အာဆီယံက မြန်မာစစ်အုပ်စု၏ အမည်ခံရွေးကောက်ပွဲသည် “ဦးစားပေးကိစ္စ” မဟုတ်သကဲ့သို “မည်သည့်ပြဿနာကိုမျှ ဖြေရှင်းနိုင်မည်မဟုတ်ဘဲ အခြေအနေများကိုသာ ပိုမိုဆိုးရွားလာစေလိမ့်မည်” ဟု ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ရာ စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲ အစီအစဥ်ကို အာဆီယံမှ ရှုတ်ချသည့် ခြေလှမ်းသည် မှန်ကန်သော လမ်းကြောင်းပေါ်ရှိ ခြေလှမ်းတစ်ခုဖြစ်ကြောင်း အသိမှတ်ပြုခဲ့ဟု ထုတ်ပြန်သည်။
အာဆီယံ ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် မလေးရှားနိုင်ငံက အချိန်ကြာလင့်နေပြီဖြစ်သည့် စစ်အုပ်စု၏ အတုအယောင် ရွေးကောက်ပွဲအပေါ် လင်းလင်းပြတ်သားစွာ ရှုတ်ချမှုလုပ်ရပ်ကို လုပ်ဆောင်ခြင်းအားဖြင့် အခြေခံမူ ခိုင်မာပြီး အလွန်ပင်အရေးကြီးသည့် ခြေလှမ်းတခုကို အာဆီယံ ကိုယ်စား လုပ်ဆောင်ခဲ့ခြင်းဖြစ်ဟု ဖော်ပြထားသည်။
ယခု လုပ်ရပ်သည် မြန်မာနိုင်ငံ၏ အကျပ်အတည်း အပေါ် ပိုမိုခိုင်မာပြီး ပိုမို၍တာဝန်ယူမှုရှိသည့်ချဉ်းကပ်မှု တရပ်ရှိလာစေရေး အတွက်အာဆီယံ၏ ရပ်တည်ချက်တွင် အလွန်ပင် အရေးကြီးသော အပြောင်းအလဲတရပ် ဖြစ်သကဲ့သို့ လာမည့်အောက်တိုဘာတွင်ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးတွင် ပိုမိုခိုင်မာပြတ်သားသောလုပ်ဆောင်မှု ခြေလှမ်းများကို ဆက်လက်ဖော်ဆောင်မည်ဟု မျှော်လင့်ကြောင်း အရပ်ဘက်အဖွဲ့များ၏ ထုတ်ပြန်ချက်၌ ပါရှိသည်။
စစ်အုပ်စုတွင် ရွေးကောက်ပွဲတရပ် ကျင်းပရန် ဥပဒေအရဖြစ်စေ နိုင်ငံရေးအရ ဖြစ်စေ တရားဝင်မှု မရှိကြောင်း ဖော်ပြသည်။
စစ်အုပ်စုသည် ထိုသို့ လုပ်ဆောင်နိုင်ရန် လိုအပ်သော ထိရောက်သည့် နယ်မြေ ထိန်းချုပ်မှုနှင့် စီမံ အုပ်ချုပ်ရေးဆိုင်ရာ ထိန်းချုပ်မှုတို့ ကင်းမဲ့နေသည့်အပြင် အမျိုးသားညီညွတ်ရေးအစိုးရနှင့်လူမျိုးစု ဖက်ဒရယ် ယူနစ်များ အပါအဝင် ဒီမိုကရေစီလိုလားသော မြန်မာ တော်လှန်ရေးအင်အားစုများက နိုင်ငံတဝန်း ထိရောက်သော ထိန်းချုပ်မှုများ ရှိနေပြီဖြစ်ဟု ဆိုသည်။
စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်တပ်၏ ဖိနှိပ်မှုကို တရားဝင်သဖွဝ်လုပ်ကြံ ဖန်တီးရန် စစ်အုပ်စုကို အားဖြည့်ပေးရန်ကြိုးပမ်းမှု သက်သက်သာ ဖြစ်ပြီး မြန်မာ ပြည်သူများ၏ ဒီမိုကရေစီ မျှော်မှန်းချက်များကို ယုတ်လျော့စေကာ အကြမ်းဖက်မှုသံသရာကိုသာ ဆက်လက် ရှည်ကြာစေမည်ဟုလည်း ဖော်ပြထားသည်။
ထို့ကြောင့် အာဆီယံအနေဖြင့် စစ်အုပ်စုက ပြင်ဆင်နေသည့် အတုအယောင် ရွေးကောက်ပွဲကို လူသိရှင်ကြား ရှုတ်ချရန်နှင့် အကူအညီများအားလုံးကို အဆုံးသတ်ရန် ထပ်မံတလဲလဲ တောင်းဆိုခဲ့ပြီးဖြစ်ရာ အမည်ခံ မဲပေးမှုအပေါ် အာဆီယံ၏ ခိုင်မာပြတ်သားသော ရှုတ်ချမှုကို အလေးအနက် ထား မှတ်သားလိုကြောင်း အရပ်ဘက်အဖွဲ့များက ထုတ်ပြန်သည်။
ထို့ပြင် အာဆီယံက စစ်အုပ်စု၏ အနိုင်ကျင့်ခြယ်လှယ်သည့် နည်းဗျူဟာများကို လက်သင့်မခံဘဲ ၅၈ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် စစ်အုပ်စု၏ အတုအယောင်ရွေးကောက်ပွဲကို ရှုတ်ချခဲ့ခြင်း၊ တီမောနိုင်ငံကို အဖွဲ့ဝင် နိုင်ငံအဖြစ်လက်ခံမည့်လုပ်ဆောင်ချက်သည် စစ်အုပ်စု အပေါ် ပိုမိုခိုင်မာပြီး အခြေခံမူများနှင့် ကိုက်ညီသည့်ရပ်တည်ချက် ရှိရမည့် အာဆီယံ၏ကတိကဝတ်ရှိမှုကို ထင်ရှားစွာ ပြဿလိုက်ခြင်းဖြစ်ကြောင်း အရပ်ဘက် အဖွဲ့အစည်းများက ထုတ်ပြန်ကာ မြန်မာပြည်သူများနှင့်အတူ ခိုင်မာစွာရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီ နှင့် ရေရှည်တည်တံ့ ခိုင်မဲသော ငြိမ်းချမ်းရေးအတွက် ပံ့ပိုးကူညီပေးရန် တိုက်တွန်းသည်။
တရားမဝင်စစ်အုပ်စု၏ ဖိအားနှင့် ဝင်ရောက်စွက်ဖက်မှုများရှိပါလျက် တီမောနိုင်ငံကို အာဆီယံ၏ အဖွဲဝင်အဖြစ် လက်ခံရန်ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်းလည်း အရပ်ဘက်အဖွဲ့များ၏ ယနေ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


















































