ဩဂုတ်-၁၊၂၀၂၅။ဆဏ်း/People’s Spring
ကရင်နီပြည်နယ်မှာ တော်လှန်ရေး ရဲဘော်တွေနဲ့ အနုပညာရှင်တွေပါဝင်ရိုက်ကူးထားတဲ့ ပြုံးပြုံးလေး ရုပ်ရှင်ကို ဩဂုတ်လအတွင်း ဩစတေးလျ နိုင်ငံမှာ ပထမဆုံးရုံတင်ပြသမှာဖြစ်ပါတယ်။
ဩဂုတ် ၁၀ ရက်မှာ ဩစတေးလျနိုင်ငံ ဆစ်ဒနီမြို့က Bryan Brown Theatre မှာ ပထမဆုံးပွဲစဉ်အနေနဲ့ ပြသမှာဖြစ်ပြီး ဒီကားမှာပါဝင်သရုပ်ဆောင်ထားတဲ့ မင်းမော်ကွန်းကိုယ်တိုင်တတ်ရောက်မယ်လို့ ပြုံးပြုံးလေး ရုပ်ရှင်ပေ့ခ်ျမှာ အသိပေးထားပါတယ်။
“ပွဲဦးထွက်ဖြစ်တဲ့အပြင် သူတို့ချစ်တဲ့ပရိတ်သတ်များအတွက် ကိုကျော်က လူကိုယ်တိုင်လာရောက်နှုတ်ဆက်မှာဖြစ်သလို ကိုပေါက်ကလဲ Zoom နဲ့ Sydney ချစ်ပရိတ်သတ်ကြီးနဲ့ တွေ့ဆုံစကားပြောကြမှာ ဖြစ်တာကြောင့် လွတ်မသွားသင့်တဲ့ပွဲတစ်ပွဲပါနော်။ ” လို့ ကြေညာထားပါတယ်။

Public Service Announcement
ဒီရုပ်ရှင်ကိုဩစတေးလျနိုင်ငံအပါအဝင် နိုင်ငံငါးနိုင်ငံမှာ ပြသဖို့ စီစဉ်ထားပြီး ဩဂုတ် ၂၄ မှာ ဂျပန်နိုင်ငံ တိုကျို ၊ စက်တင်ဘာ ၈ မှာ ဆွီဒင်နိုင်ငံ Hallsberg ၊ အောက်တိုဘာ ၄ မှာ ကနေဒါနိုင်ငံ Toronto နဲ့ နိုဝင်ဘာ ၈ မှာ အမေရိကန်နိုင်ငံ ၊ နယူးယောက်မှာ ပြသပေးမှာဖြစ်ပါတယ်။
ဒီရုပ်ရှင်မှာ မင်းမော်ကွန်း ၊ ကိုပေါက်တို့နဲ့ အတူ မြေပြင်က တော်လှန်ရေးရဲဘော်တွေပါဝင်ထားပြီး အလွှာပေါင်းစုံက ပြည်သူတွေနဲ့ အတူ ပါဝင်ရပ်တည်ပေးနေတဲ့ မြေပြင်ရဲဘော်တွေရဲ့ ဖြစ်ရပ်မှန် ဘဝတွေကို အခြေခံရိုက်ကူးထားတယ်လို့ ဆိုပါတယ်။
မင်းမော်ကွန်းက မြေပြင်ကရဲဘော်တွေနဲ့ အတူဖရူဆို၊ဒီမောဆို၊ဖားဆောင်းမြို့တွေမှာ အခြေပြုရိုက်ကူးခဲ့တာဖြစ်ပြီး ဒါရိုက်တာကိုပေါက်ကိုယ်တိုင် ဖားဆောင်းမြို့သိမ်းတိုက်ပွဲတွေကြား မှာရိုက်ကူးခဲ့တယ်လို့ အသိပေးထားပါတယ်။
ဒီရုပ်ရှင်ကရလာတဲ့ ငွေတွေကိုတော့ မြေပြင်ကို ရာနှုန်းပြည့် စီးဆင်းသွားမယ်လို့ ရုပ်ရှင်ရဲ့ ဖေ့စ်ဘွတ်ခ်ပေ့ခ်ျကနေ ကြေညာထားပါတယ်။


















































