Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီရွေးချယ်ပွဲဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲကို လုံးဝလက်မခံကြောင်း KNU ကြေညာ

စစ်တပ်ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီရွေးချယ်ပွဲဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး လုံးဝလက်မခံကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

ဓာတ်ပုံ - KNU/KNLA တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-KNU

■‘အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံ’ မဖြစ်ဖို့ သတိပေး

သြဂုတ်-၂၆၊ ၂၀၂၅။ People’s Spring

စစ်တပ်ဦးဆောင်ပြုလုပ်မယ့် ရွေးကောက်ပွဲဟာ စစ်တပ်ကို အကျိုးပြုမယ့် လူနဲ့ပါတီရွေးချယ်ပွဲဖြစ်တဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်ပြီး လုံးဝလက်မခံကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဒီနေ့ ထုတ်ပြန်ကြေညာပါတယ်။

စစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ ဥပဒကြောင်းအရ တရားမဝင်ခြင်း၊ ပြည်သူအားလုံးပါဝင်နိုင်တဲ့ အခြေအနေမှာ မရှိခြင်းနဲ့ လိုသလိုအဖြေထုတ်နိုင်တဲ့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်တို့ကြောင့် KNU က လုံးဝလက်မခံကြောင်း ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

“ထုတ်ပြန်ချက်မှာပါရှိတဲ့ အတိုင်း စစ်တပ်​ရွေးကောက်ပွဲကို လုံးဝအသိအမှတ်မပြုဘဲ ဆန့်ကျင်တိုက်ဖျက်သွားမှာဖြစ်တဲ့အတွက် အဲဒါကိုလုံးဝဂရုမစိုက်ဘဲ ကိုယ့်နယ်​မြေထဲမှာလာလုပ်ရင်​တော့ ဖြစ်​ပေါ်လာမယ့် နောက်ဆက်တွဲ ပြဿနာအားလုံးကို ကျ​နော်တို့ဘက်က လုံးဝတာဝန်မယူပါဘူးခင်ဗျ”လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက People’s Spring ကို ပြောပါတယ်။

အဲဒီရွေးကောက်ပွဲဟာ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေရေးအတွက်သာဖြစ်ပြီး လက်ရှိ နိုင်ငံရေး အကြပ်အတည်းရဲ့ အဖြေမဟုတ်ကြောင်းနဲ့ ရွေးကောက်ပွဲကြောင့် နိုင်ငံတွင်း ပဋိပက္ခကို ပိုမိုပြင်းထန်လာစေရုံသာမက ဒေသတွင်း မတည်ငြိမ်မှုကိုပါ ဆက်လက်ဖြစ်ပေါ်လာစေမှာဖြစ်ကြောင်း KNU က သတိပေးပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်တပ်က ရွေးကောက်ပွဲကျင်းပဖို့ ကြိုးစားခြင်းဟာ အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ဖို့ မျက်ကွယ်ပြုခြင်းဖြစ်တယ်လို့လည်း KNU က ဆိုပါတယ်။

နိုင်ငံရေးပါတီတွေအနေနဲ့ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပါဝင်ခြင်းမှာ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ စနစ်သစ် တည်ဆောက်မှုအတွက် အဟန့်အတား ဖြစ်စေမယ်လို့ KNU က ထပ်မံ သတိပေးပါတယ်။

ဒါ့အပြင် ပြည်သူလူထုနဲ့ နိုင်ငံရေးပါတီတွေအနေနဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး၊ စစ်တပ်အာဏာသိမ်းယူမှု တရားဝင်မှုရရှိစေရေးနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒကို ပြန်လည်အသက်သွင်းတဲ့အတုအယောင် ရွေးကောက်ပွဲမှာ ပါဝင်ခြင်းက ‘အဆိပ်ပင်ရေလောင်းတဲ့ သမိုင်းတရားခံ’ ဖြစ်သွားနိုင်တာကြောင့် နည်းလမ်း ပေါင်းစုံသုံးကာ ရှောင်ရှားနိုင်ကြရေး ကြိုးပမ်းကြဖို့ KNU က တိုက်တွန်းပါတယ်။

အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို ကရင်အမျိုးပြည်သူလူထုတွေ၊ ကရင်လက်နက်ကိုင် အဖွဲ့အစည်းတွေ၊ ကရင်နိုင်ငံရေး အင်အားစုတွေ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုတရပ်လုံးက ပါဝင်ခြင်း မပြုကြဘဲ အကြမ်းမဖက်သော နည်းလမ်းတွေနဲ့ ဆန့်ကျင်သွားဖို့လည်း KNU က တိုက်တွန်းပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲတဲ့ နိုင်ငံရေးအဖြေကို ဦးတည်တဲ့ အားလုံးပါဝင်သော နိုင်ငံရေးတွေ့ဆုံမှုက ရရှိတဲ့ သဘောတူညီမှုနဲ့ ရေးဆွဲပြဌာန်းအတည်ပြုမယ့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖွဲ့စည်းပုံ အခြေခံဥပဒေအသစ်နဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲကသာ နက်ရှိုင်းစွာ အမြစ်တွယ်နေတဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပဋိပက္ခတွေ အဆုံးသတ်နိုင်မယ်လို့ KNU အနေနဲ့ အပြည့်အဝ ယုံကြည်တယ်လို့ ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

အာဏာသိမ်းစစ်ကောင်စီရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ရာဇဝတ်မှု ကျူးလွန်ခြင်းတွေကြောင့် ကရင်ပြည်နယ်အတွင်း အစုလိုက်၊အပြုံလိုက် နေရပ်စွန့်ခွာရတာ ပိုများလာကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ မြိတ်-ထားဝယ် ခရိုင်ဘုတ်ပြင်းမြို့နယ်ကို စစ်တပ်က လေကြောင်း ထပ်မံတိုက်ခိုက်ခဲ့လို့ ပြည်သူ ၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။