သြဂုတ် – ၂၆ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring
အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်ပံ့ပိုးတာတွေမပြုလုပ်ဖို့ KNUတပ်မဟာ (၅)ကတားမြစ် လိုက်ပြီး လိုက်နာမှုမရှိရင် အရေးယူမယ်လို့ ဒီနေ့ သြဂုတ်လ ၂၆ ရက်မှာထုတ်ပြန်လာပါတယ်။
စစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာနိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုတွေကနေ သဘောတူညီချက်ရပြီးကျင်းပတဲ့ရွေးကောက်ပွဲမဟုတ်တဲ့အပြင်ဖက်ဒရယ်ဒီမိုကရေစီအခြေခံ ဥပဒေနဲ့အညီ ကျင်းပမယ့်ရွေးကောက်ပွဲမဟုတ်တာကြောင့် မြန်မာနိုင်ငံရေး ပဋိပက္ခ တွေကို အဆုံးသတ်နိုင်မှာမဟုတ်ဘူးလို့ KNU တပ်မဟာ (၅ )ကဆိုပါတယ်။
ဒါအပြင် ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးကိုလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကနေ မရနိုင်ဘူးလို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

Public Service Announcement
ရွေးကောက်ပွဲဟာစစ်မှန်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘဲ စစ်ကောင်စီ ဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့ အသိုင်းအဝိုင်းတွေ၊ စစ်တပ်ထောက်ခံတဲ့နိုင်ငံရေးပါတီတွေအတွက်သာ အကျိုးကျေးဇူးသက်ရောက်စေမှာဖြစ်ပြီး တိုင်းရင်းသားတွေနဲ့ လူထုအတွက် အကျိုးကျေးဇူး ရမှာမဟုတ်ဘူးလို့ KNU တပ်မဟာ (၅) က သဘောထားပါတယ်။
အဲဒီရွေးကောက်ပွဲဟာ စစ်တပ်ရဲ့ တရားမဝင်အာဏာသိမ်းမှုကို တရားဝင်စေဖို့နဲ့ စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့သာ ဖြစ်တာကြောင့် KNU တပ်မဟာ (၅ )အနေနဲ့ အသိအမှတ်ပြုလက်ခံမှာမဟုတ်ဘူးလို့လည်း ထုတ်ပြန်ချက်မှာထည့်သွင်းထားပါတယ်။
ဒါကြောင့် ဖာပွန်ခရိုင် တပ်မဟာ ( ၅) ထိန်းချုပ်နယ်မြေထဲမှာရှိတဲ့ လူထုတွေ ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေ ၊ လူမှုအဖွဲ့အစည်း တွေ ၊ ဘာသာရေးခေါင်းဆောင်တွေအနေနဲ့ စစ်ကောင်စီရဲ့ရွေးကောက်ပွဲမှာ တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက် ပြီး ပါဝင်ပံ့ပိုးတာမျိုးမလုပ်ဖို့ သတိပေးထားပါတယ်။
သတိပေးချက်ကို လိုက်နာမှုမရှိရင်တော့ ခေါ်ယူအသိပညာပေးတာ ၊ သင့်တော်တဲ့ ခေါ်ရာဆီ ခေါ်ယူထိန်းသိမ်းတာ ၊ နယ်နှင်ဒဏ်ပေးတာ တွေ လုပ်ဆောင်သွားမယ်လို့ KNU တပ်မဟာ (၅ ) က ဆိုထားပါတယ်။
KNU အဖွဲ့အစည်းတစ်ခုလုံးအနေ နဲ့လည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကိုလက်မခံသလို ရွေးကောက်ပွဲမဖြစ်မြောက်ရေးဟာ တစ်မျိုးသားလုံးရဲ့တာဝန်ဖြစ်တယ်လို့ KNU ဥက္ကဋ္ဌ က အခုလအတွင်း တရားဝင်ထုတ်ဖော်ပြောကြားထားပါတယ်။


















































