စက်တင်ဘာ−၉၊ ၂၀၂၅။ ထားမြတ်/People’s Spring
မြန်မာနိုင်ငံ၏ အခြေအနေမှန်များ၊ မြန်မာပြည်သူလူထု၏ဆန္ဒများကို မျက်ကွယ်ပြုပြီး စစ်အုပ်စု၏ တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ် ရှုမြင်အားပေးနေကြသည့် နိုင်ငံအချို့အနေနဲ့ဖြင့် တရားမဝင် အတုအယောင်ရွေးကောက်ပွဲအပေါ် ယုံကြည်ကိုးစားမှု မပြုမိကြရန် သတိပေး တိုက်တွန်းလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေး ဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားသည်။
NUGက ပုံမှန်ပြုလုပ်လျက်ရှိသည့် ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်းအစီအစဉ် ကို ယနေ့ စက်တင်ဘာ ၉ရက်တွင် ပြုလုပ်ခဲ့ရာ အထက်ပါအတိုင်း သတိပေးခဲ့ခြင်းဖြစ်သည်။
” ပြည်သူလူထုရဲ့ အခြေခံရပိုင်ခွင့်နဲ့ လွတ်လပ်ခွင့်တွေကို ငြင်းပယ်ရုံသာမက ထိပါး နှောက်ယှက် ဖျက်ဆီးနေတဲ့ ဘယ်လိုအာဏာရှင်စနစ်မျိုးအောက်မှာမှ ဒီမိုကရေစီဟာ မထွန်းကားနိုင်ကြောင်းကို သမိုင်းက ဖော်ပြလျက် ရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေဟာ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ နယ်မြေအစိတ်အပိုင်းတွေကို စိုးမိုးအုပ်ချုပ်လျက်ရှိပါတယ်။ အမျိုးသားညီညွတ်ရေး အစိုးရ အနေနဲ့ ဒေသတွင်းလုံခြုံရေး၊ လူသားချင်းစာနာထောက်ထားမှုအကူအညီနဲ့ ဘုံနယ်နိမိတ်တွေကို ဘေးကင်း လုံခြုံစွာ စီမံခန့်ခွဲရေးတို့အတွက် အိမ်နီးချင်းနိုင်ငံများနဲ့ အပြုသဘောဆောင်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ ပြုလုပ်သွားဖို့ အဆင်သင့်ရှိပါတယ်”ဟုလည်း ဦးနေဘုန်းလတ်က ပြောသည်။

Public Service Announcement
အကြမ်းဖက်စစ်အုပ်စုကို ထိတွေ့ဆက်ဆံအားပေးနေခြင်းထက် ပြည်သူလူထု ထောက်ခံမှုရှိသည့် အမျိုးသားညီညွတ်ရေးအစိုးနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံခြင်းကသာ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး စစ်မှန်သောလမ်းကြောင်းပေါ်ကို ရောက်ရှိနိုင်မည်ဟု ဦးနေဘုန်းလတ်က ပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ မှတ်တမ်းများအရ စစ်တပ်သည် ၎င်းတို့ အာဏာတည်မြဲရေးနှင့် ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရေးအတွက် တရားမဝင်အတုအယောင်ရွေးကောက်ပွဲတခု ဖြစ်လာရန် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်များကို ထင်သလို ဖျက်ဆီးချနင်းတော့မည်မှာ ထင်ရှား ဟုလည်း ဦးနေဘုန်းလတ်က ပြောသည်။
” ဒါကို နိုင်ငံတကာအနေနဲ့ သိမြင်ကြဖို့နဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့လည်း သတိကြီးကြီးထားပြီး ညီညီညွတ်ညွတ်နဲ့ ရင်ဆိုင်ကျော်ဖြတ်ကြဖို့ ပြောကြားလိုပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
စစ်အုပ်စုသည် တရားမဝင် အတုအယောင်ရွေးကောက်ပွဲတခုကို ဇွတ်အတင်းပြုလုပ်နိုင်ရန် ၂၀၂၅ ဇူလိုင် ၃၁ရက်က ဖွဲ့စည်းပုံအချို့ကိုပြောင်းလဲပြီး စစ်ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆတိုး ကျူးလွန်လာနေကြောင်း ဦးနေဘုန်းလတ်က ပြောသည်။
လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန၏ အချက်အလက်များအရ အကြမ်းဖက်စစ်တပ်သည် ဩဂုတ်လအတွင်း မတရားဖမ်းဆီးထိန်းသိမ်းခြင်း၊ အဓမ္မစစ်သားစုဆောင်းခြင်း၊ ကလေးစစ်သားစုဆောင်းခြင်း၊ အဓမ္မအလုပ်စေခိုင်းခြင်း၊ တရားမဲ့သတ်ဖြတ်ခြင်း၊ အင်အားသုံးနေရပ် စွန့်ခွာစေခြင်း၊ အိုးအိမ်စည်းစိမ်များ ဖျက်ဆီးခြင်း၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခြင်း၊ ညှင်းပမ်းနှိပ်စက်ခြင်း၊ လွတ်လပ်စွာရေးသား ထုတ်ဖော် ပြောဆိုခွင့်ကို ထိပါးခြင်း စသည့် လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်စဉ် (၆၅၆) ခုအထိ ကျူးလွန်ခဲ့ဟု ဆိုသည်။
ဩဂုတ်လအတွင်း ၅ဦးနှင့်အထက် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ် (၂၂)ခုကို စစ်ကောင်စီက ကျူးလွန်ခဲ့ရာ ယင်းဖြစ်စဉ်များ၌ ပြည်သူ ၂၂၅ဦးသေဆုံးခဲ့ဟု NUG က အသိပေးသည်။
“၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ဩဂုတ်လအထိ လစဉ် လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ရှိခဲ့ပေမယ့် ဖြစ်စဉ်အရေအတွက်နဲ့ လူသေဆုံးမှုအရေအတွက်တွေကတော့ ဩဂုတ်လမှာ ပိုပြီးများ လာတာဖြစ်ပါတယ်။ လေကြောင်းတိုက်ခိုက်မှုကို ကြည့်မယ်ဆိုရင်လည်း ဩဂုတ်လ တလတည်းအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု အကြိမ်ပေါင်း (၄၉၃) ကြိမ်ရှိခဲ့ပြီး အဲဒီ့တိုက်ခိုက်မှုတွေကြောင့် သေဆုံးသူ (၂၇၈) ဦး ရှိခဲ့ပြီး သေဆုံးသူတွေထဲမှာ အသက် (၁၈) နှစ်အောက် ကလေးငယ် (၄၄) ဦးနဲ့ အသက်အရွယ် ပိုင်းခြားမရသူ (၄၆) ဦးပါဝင်ပါတယ်” ဟု ဦးနေဘုန်းလတ်က ပြောသည်။
အဆိုပါတိုက်ခိုက်မှုများတွင် စစ်ကောင်စီလေတပ်သည် အရပ်သားပစ်မှတ်များ၊ စာသင်ကျောင်းများ၊ ဆေးရုံ များနှင့် ဘာသာရေး အဆောက်အဦများကိုပါ ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ ဩဂုတ်လအတွင်း စာသင်ကျောင်း (၁၅)ကျောင်း၊ ဆေးရုံဆေးခန်း (၆) ခုနှင့် ဘာသာရေးအဆောက်အဦ (၃၆) လုံး ပျက်စီးခဲ့ဟု အသိပေးသည်။


















































