စက်တင်ဘာ−၂၂၊၂၀၂၅၊မေ/People’s Spring
စစ်ကိုင်းငလျင်ကြီးကြောင့်ထိခိုက်ပြိုပျက်မှုအားလုံး မပြုပြင်နိုင်သေးချိန်မှာ မန္တလေးမြို့က ဈေးဆိုင်ခန်း တွေအကုန်လုံးကို စက်တင်ဘာလကုန်နောက်ဆုံးထားပြီး မှန်တံခါးတပ်ဆင်ဖို့ စစ်ကောင်စီရဲ့မန္တလေးစည်ပင်ကအမိန့်ထုတ်ပြန်ထားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စက်တာဘာ ၁၁ ရက် ရက်စွဲပါ ထုတ်ပြန်ချက်မှာ ဆိုင်ခန်းအတွင်းမှာပဲပစ္စည်းရောင်းချရန်၊ဆိုင် ဆိုင်းဘုတ်အရွယ်အစား၊အနိမ့်အမြင့် တပြေးညီ တပ်ဆင်ပြီး ပြုပြင်ဖွင့်လှစ်ရောင်းချဖို့၊ ဆိုင်ရှေ့မှာ အမိုး၊အဖီတွေမပြုလုပ်ဖို့၊ ဆိုင်ဝင်ပေါက်မှာ (၄×၇)ပေ မှန်တံခါးဝင်ပေါက်ဆောက်လုပ်အသုံးပြုဖို့ ၊တံခါးမတခု တပ်ဆင်ဖွင့်လှစ်ရောင်းချပေးဖို့နဲ့ ဆိုင်ရှေ့သန့်ရှင်းရေး နေ့စဉ်ဆောင်ရွက်ပေးဖို့ စတာတွေ သတ်မှတ်ထားတာကို စစ်ကောင်စီရဲ့မန္တလေးစည်ပင် ဥက္ကဌကိုယ်စား ၊တွဲဖက်အတွင်းရေးမှူး သက်နိုင်ထွန်း ကလက်မှတ်ထိုးထားတဲ့စာမှာတွေ့ရပါတယ်။
ဆိုင်ရှေ့မှန်ကန်တာနဲ့(၄×၇)ပေအဝင်ပေါက် ဖောက်လုပ်တပ်ဆင်တာကို စက်တင်ဘာလဆန်းပိုင်းကနေ စက်တင်ဘာ ၃၀ရက်မှာအပြီးတပ်ဆင်ရမယ်လိုဖိအားပေးထားပါတယ်။

Public Service Announcement
မန္တလေးမြို့မှာ မတ်လ၂၈ ရက်က ၇.၇အဆင့်ရှိ ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပြီးတဲ့ နောက် မန္တလေးဈေးချိုအရှေ့ခြမ်းကတိုက်ခန်းတွေ အားလုံး ဖြိုလိုက်ရတဲ့ဆိုင်ခန်းတွေ အပါအဝင် ဆိုင်ခန်းအများစုဟာ ပြန်လည် ပြုပြင် ရေးလုပ်ငန်း တွေမပြီးစီးသေးချိန်မှာ စစ်ကောင်စီက ယခုလို အမိန့်ထုတ်ခဲ့တာလို့သိရပါတယ်။
“မိန်းထဲက ၇၃လမ်းမ ပေါ်မှာ တောင်အခုထိ ပြန်မဆောက်ရ သေးတဲ့ဆိုင်ခန်း တွေရှိတယ်။ငလျင်ထိတဲ့ ဆိုင်ခန်းတွေ အတွက်ဘာကူညီမှုမှသာမပေးတာ။ဒီဟာက သိပ်မကြာဘူး ခေါင်းစဉ်အမျိုးမျိုးနဲ့ဒဏ် ကြေးလာအုံးမယ်”လို့ မန္တလေး မြို့ကဆိုင်ခန်းရှင်တဦးက ပြောပါတယ်။
မန္တလေး မြို့မှာ ငလျင်ဒဏ်ကြောင့် မန္တလေးမြို့ ဈေးချိုတော်အပါအဝင်၊New Oceanနဲ့ ၊၇၃လမ်း၊မိန်းတက္ကသိုလ်လမ်းပိုင်းအထိ ဆိုင်ခန်းအများစု ပျက်စီးထားပြီး ပြန်လည်မဖွင့်လှစ်နိုင်သေးတဲ့ ဆိုင်ခန်းတွေရှိနေပါသေးတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ ပြင်ဦးလွင်မြို့လမ်းမဘေးက စျေးဆိုင်ခန်းတွေကိုလည်း မှန်တံခါးတွေ ပြင်ဆင်တပ်ကြဖို့ အမိန့်ထုတ်ထားပါသေးတယ်။ လမ်းမဘေးက စျေးဆိုင်းလေးတွေကိုလည်း ဖယ်ရှားခိုင်းထားပါတယ်။
မြို့သာယာလှပရေးအကြောင်းပြပြီး စျေးဆိုင်တွေ မှန်တံခါးတပ်ခိုင်းတာဟာ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က အမိန့်နဲ့ ပြောဆိုလာတာလို့ ပြင်ဦးလွင်မြို့ခံတွေက ပြောပါတယ်။
” သူနိုင်ငံခြားက တရုတ်တို့ ဘာတို့က ပြန်လာပြီဆို အဲဒီက သူမြင်ခဲ့တာကို စိတ်ကူးယဉ်ပြီး ဒီကလူတွေ လိုက်လုပ်ခိုင်းတာ။ဖြစ်နိုင်လား၊မဖြစ်နိုင်လားဆိုတာ မသိဘူး။ စိတ်ကူးယဉ်ပြီး လုပ်ခိုင်းတာ”လို့ ပြင်ဦးလွင်မြို့ခံတဦးက ပြောပါတယ်။
မန္တလေးမြို့က ပြည်သူတဦးကတော့ အာဏာသိမ်းခေါင်းဆောင်နဲ့စစ်ခေါင်းဆောင်တွေဟာဗေဒင်ယတြာကို ယုံကြည်အားကိုးသူတွေဖြစ်တာကြောင့် ဆိုင်ခန်းတွေကို တပြေးညီမှန်တံခါးတက်ခိုင်းတာဟာ ယတြာချေဖို့လုပ်တာလည်းဖြစ်နိုင်တယ်လို့ပြောပါတယ်။
မန္တလေးမြို့မှာဆိုရင်လည်း ဖျက်အားပြင်းစစ်ကိုင်းငလျင်ကြီးကြောင့်ပြည်သူထောင်ချီသေဆုံးပြီး အဆောက်အအုံရာပေါင်းများစွာပျက်စီးပြိုကျခဲ့လို့ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အကူအညီတွေမရလို့ ကိုယ်ပိုင်အစီအစဥ်နဲ့ရုန်းကန်နေကြရတယ်လို့ ဒေသခံအချို့ကပြောပါတယ်။ငွေကြေးမတက်နိုင်သူတွေဟာ နေထိုင်စားသောက်ဖို့တောင် မနည်းရုန်းကန်နေရတယ်လို့ဒေသခံပြည်သူအချို့ကပြောပါတယ် ။




















































