စက်တင်ဘာ-၂၄၊ ၂၀၂၅။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲဆန့်ကျန်တဲ့လုပ်ငန်းတွေကို ကရင်လူငယ်တွေနဲ့ မဟာမိတ်လူမျိုးစုလူငယ်တွေ ချိတ်ဆက် ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ကရင်လူငယ်အစည်းအရုံး(KYO)က သဘောထားထုတ်ပြန်လိုက်ပြီး ပြည်သူတရပ်လုံးအနေနဲ့လည်း စစ်အုပ်စု ရွေးကောက်ပွဲ ပူးပေါင်းပါဝင်ခြင်းမပြုဘဲ ၀ိုင်းဝန်းတိုက်ဖျက်တားဆီးရန် တိုက်တွန်းလိုက်ပါတယ်။
“သောင်းကျန်းသူမင်းအောင်လှိုင်ခေါင်းဆောင်သည့် စစ်ကော်မရှင်မှ ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲအပေါ် ကရင်လူငယ်အစည်းအရုံး၏ ထုတ်ပြန်ချက်”ဆိုသည့် KYO၏ စက်တင်ဘာ ၂၃ရက်နေ့စွဲပါ သဘောထား ထုတ်ချက်ကို ကရင်အမျိုးသားအစည်းအရုံး(KNU)ဗဟိုက ဖော်ပြခဲ့တာပါ။
စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ လူမျိုးပေါင်းစုံပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှုတွေကို ဖုံးကွယ်ဖျောက်ဖျက်နိုင်ဖို့ နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဒီမိုကရေစီကိုအမည်ခံအလွဲသုံးစား လုပ်ပြီး ပြည်သူကို လိမ်လည်လှည့်ဖျားတဲ့ အတုအယောင် ရွေးကောက်ပွဲသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

Public Service Announcement
မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်အုပ်စု အပါအဝင်ခေတ်အဆက်ဆက် တိုင်းပြည်အာဏာရ အုပ်စိုးသူတွေဟာ ပြည်သူလူထုဘဝလုံခြုံမှုနဲ့ဖွံ့ဖြိုးတိုးတက်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့တဲ့အပြင် အခုအချိန်ထိ လူမျိုးပေါင်းစုံ ပြည်သူလူထုတွေကိုမတရားဖမ်းဆီးနှိပ်စက်၊ မုဒိန်းကျင့်၊ မီးရှိ၊ သတ်ဖြတ်မှုများ ကျူးလွန်ကာ အရပ်သားပြည်သူနဲ့ ဆိုင်တဲ့ ဘာသာရေး အဆောက်အဦတွေ၊စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကိုနိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်ကာ ပြည်သူတွေရဲ့ ဘဝဆင်းရဲတွင်း သို့ နက်သထက်နက်အောင် လုပ်ဆောင်နေမှာ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ပြည်သူအပေါ် ရက်စက်ကြမ်းကြုတ်တဲ့စစ်အစိုးရအဆက်ဆက် အမွေဆိုးကို ဆက်ခံတဲ့မင်းအောင်လှိုင်ခေါင်းဆောင်တဲ့စစ်အုပ်စုကကျင်းပမယ့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်မယ်ဆိုရင် ပြည်သူတွေ ပိုမိုဆိုးရွားတဲ့ဆင်းရဲဒုက္ခနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပြီး တိုင်းပြည် ပိုပျက်စီးသွားနိုင်တယ်လို့ KYO အသိပေးပါတယ်။
အဲဒီလို အခြေအနေ ရောက်အောင်တွန်းပို့မယ့် အာဏာရှင်စနစ်ကို အားပေးထောက်ခံတဲ့ သမိုင်းတရားခံအဖြစ် ကျန်ရစ်မှာ ဖြစ်တယ်လို့လည်း သတိပေးထားပါတယ်။
ဒါကြောင့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို မပူးပေါင်းဘဲ ၀ိုင်းဝန်း တိုက်ဖျက်ကြဖို့တိုက်တွန်ရင်း KYO အနေနဲ့လည်း ပြည်သူတစ်ရပ်လုံးနဲ့အတူ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ သက်ဆိုးရှည်ရေးကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်တိုက်ဖျက်သွားမယ်လို့ ကြေညာခဲ့ပါတယ်။
“ စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲ အပေါ်မှာ ကျနော်တို့ ကရင်လူငယ်တွေရဲ့ သဘောထားကတော့ ဒီထုတ်ပြန်ထားတဲ့ ကြေညာချက်ဖော်ပြချက်အတိုင်းပေါ့နော်။ တပ်မဟာ(၄) မြိတ်-ထားဝယ်ခရိုင်ကျတော့ ကျနော်တို့ရဲ့ ဗဟို ထုတ်ပြန်ချက်အတိုင်း အဲဒီလိုပဲ ကျနော်တို့ သဘောထားရှိတာပေါ့။ အခု စစ်ကောင်စီလုပ်မယ့်ရွေးကောက်ပွဲကတော့ ကျနော်တို့ ဝင်ပြီး မပူးပေါင်းဖို့လိုအပ်တာပေါ့နော်”လို့ KNU မြိတ်-ထားဝယ်ခရိုင် KYO အတွင်းရေးမှူး စောအယ်ထီးကော်က ပြောပါတယ်။
KNUဟာစစ်အုပ်စုရွေးကောက်ပွဲလက်မခံကြောင်း အသိပေးထားသလို KNUလက်အောက်ခံခရိုင်၊တပ်မဟာတွေ၊ စစ်ဘက်ရဲဘက်တာဝန်ရှိသူတွေနဲ့ ကရင်လူငယ်တွေရဲ့ ရွေးကောက်ပွဲအပေါ် ဆန့်ကျင်တိုက်ဖျက်မယ့်သဘောထားတွေကို ဆက်တိုက်ဖော်ပြ အသိပေးလျက်ရှိပါတယ်။
ဒါ့အပြင် အခြား တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ၊ ဖက်ဒရယ်ယူနစ်တွေနဲ့အတူ ပူးတွဲ ကြေညာချက်တွေထုတ်ပြန်ပြီး စစ်အာဏာရှင်စနစ်သက်ဆိုးရှည်စေဖို့ လုပ်ဆောင်မယ့် စစ်အုပ်စုရဲ့ ရွေးကောက်ပွဲကို တိုက်ဖျက်သွားမယ့်အကြောင်း KNUက အသိပေးထားပါတယ်။
KNU ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောလစ္စတန်က စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဟာ အာဏာရှင်တွေ သက်ဆိုးရှည်ရေးနဲ့ နိုင်ငံတော်ကို ခြယ်လှယ်တာ တရားဝင်ဖြစ်ရေး ကြိုးပမ်းမှုလို့ ပြောကြားထားပါတယ်။
“တဖက်က ထွက်ပေါက်ဖြစ်သလို တဖက်ကလည်း ပြည်သူလူထုအတွက် ထောင်ခြောက်ပေါ့။ကျနော်တိုတော်လှန်ရေးရေးဘက်ကကြည့်ရင်လည်း ထောင်ခြောက်အနေနဲ့ပေါ့။ သူ့ရဲ့ထွက်ပေါက်အနေနဲ့ မဖြစ်မနေ ပြုလုပ်ရတဲ့ ပွဲပဲလို မြင်တယ်”လို့ ပဒိုစောလစ္စတန်ကပြောပါတယ်။
ပြည်သူတွေအနေနဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကြောင့် ဖြစ်ပေါ်လာမယ့်အကျိုးဆက်ကို ကြိုတွေးဖို့လည်း သူက တိုက်တွန်းပါတယ်။
“သူ့ရဲ့အုပ်ချုပ်မှုကိုအသိအမှတ်ပြုသလိုမျိုး မဲဆန္ဒပေးမိတယ်ဆိုရင် ဖြစ်ပေါ်လာမယ့် အကျိုးဆက်က ကိုယ့်ပဲ ကိုယ်နိုင်ငံသူ နိုင်ငံသားတွေပဲ ပြန်ခံရမှာ။ ပြောချင်တာက ကိုယ့်ကိုယ်ကို ပြန်သတ်မိသလို ကိုယ့်ရဲ့နိုင်ငံသူ နိုင်ငံသား အားလုံးကိုလည်းဒုက္ခသုက္ခရောက်အောင် ပေးမိတဲ့ ဆန္ဒသဘောထားတခုအနေနဲ့သာလျင်ပါသွားမယ်ဆိုတာကို သတိချပ်ပြီးတော့ အဲဒါကို ကန့်ကွက်မယ် ကိုယ့်ရဲ့ နည်းပရိယာယ် အစွမ်းရှိသမျှတော့ ကိုယ်ကတော့ဆန့်ကျင်ပြီးတော့ မဲမပေးဘူး ၊ မဲပေးခြင်းကို အားမပေးဘူး အဲဒီလိုဖြစ်အောင်တော့ ဆောင်ရွက်စေချင်တဲ့ ကျနော့်သဘောထားရှိတယ်”လို့ ပဒိုစောလစ္စတန်က ပြောကြားထားပါတယ်။


















































