Connect with us

Hi, what are you looking for?

သတင်း

အာဆီယံအနေနဲ့ စစ်အုပ်စုရွေးကောက်ပွဲ တရားဝင်မှုရဖို့ လုပ်မပေးဖို့ NUGပြော

အရပ်သားတွေအပေါ် စစ်တပ်ရဲ့ ရက်စက်မှုအပေါ် နှုတ်ဆိတ်နေခြင်း အဆုံးသတ်ဖို့ ၊ နိုင်/ကျဉ်းအားလုံး လွှတ်မြောက်ရေးတောင်းဆိုဖို့ နိုင်ငံတကာကို တိုက်တွန်း

အောက်တိုဘာ-၂၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

အာဆီယံအနေနဲ့ စစ်ကောင်စီက ဦးဆောင် ကျင်းပမယ့် ရွေးကောက်ပွဲကို တရားဝင်မှုရရှိစေဖို့ လုပ်ဆောင်ပေးခြင်းမပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တိုင်းရင်းသားမဟာမိတ်အဖွဲ့တွေ ပူးပေါင်း ဖော်ဆောင်နေတဲ့ လမ်းကြောင်းကို ထောက်ပံ့မှုပေးဖို့ အလေးအနက်ပြောကြားလိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၈ရက်မှာ ပြုလုပ်တဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာသို့ သတင်းစကားပြောကြားခြင်း အစီအစဉ်မှာ ဦးနေဘုန်းလတ်က အာဆီယံနဲ့ နိုင်ငံတကာကို အခုလို သတင်းစကား ထပ်မံ အသိပေး ပြောကြားခဲ့တာပါ။

မလေးရှားနိုင်ငံက ၂၀၂၅ အာဆီယံဥက္ကဌတာဝန်ထမ်းဆောင်စဉ်ကာလတွေအတွင်း မြန်မာနိုင်ငံဆိုင်ရာ အာဆီယံဥက္ကဌရဲ့ အထူးသံတမန်က မြန်မာ့အရေးသက်ဆိုင်သူတွေအားလုံးပါဝင်တဲ့ အစည်းအဝေးကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံရဲ့ အစိုးရဖြစ်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ မြန်မာနိုင်ငံရဲ့ လွှတ်တော်ဖြစ်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)၊ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများ(EROs)၊ အတိုင်ပင်ခံကောင်စီများ၊ ဖက်ဒရယ်ယူနစ်ကိုယ်စားလှယ်တွေနဲ့ အခြား ကိုယ်စား လှယ်အဖွဲ့များ စုစည်းတက်ရောက်ခဲ့ကြတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

ပြီးတော့ ဘုံသဘောတူညီချက် ငါးရပ်ကို အကောင်အထည်ဖော်ဆောင်ခြင်း၊ဒီမိုကရေစီကိုထိန်းသိမ်းခြင်းနဲ့စစ်တပ်ရဲ့အတုအယောင်ရွေးကောက် ပွဲတွေကို ပယ်ချခြင်း ဆိုင်ရာ ထုတ်ပြန်ချက်တခုကို တော်လှန်ရေးအဖွဲ့အစည်း (၂၀)က လက်မှတ်ရေးထိုးကာ ၂၀၂၅ အောက်တိုဘာ (၁၁)ရက်က ပူးတွဲထုတ်ပြန်ခဲ့ကြကြောင်း ဦးနေဘုန်းလတ်က ပြောပါတယ်။

ထုတ်ပြန်ချက်ထဲမှာပါဝင်တဲ့တောင်းဆိုချက်တွေဟာမြန်မာနိုင်ငံက ၂၀၂၀ ရွေးကောက်ပွဲကနေ ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Jure Legitimacy) ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးအင်အားစုတွေနဲ့ ရွေးကောက်ပွဲ မဟုတ်တဲ့ အခြားနည်းလမ်းတွေနဲ့ ရရှိသော လူထုထောက်ခံမှုအရ တရားဝင်မှု (De Facto Legitimacy) ကို ကိုယ်စားပြုကြ တဲ့ နိုင်ငံရေး အင်အားစုတွေရဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ထင်ဟပ် သော၊မြန်မာပြည်သူလူထုရဲ့အသံကိုကိုယ်စားပြုသော ဘုံတောင်းဆိုချက်တွေဖြစ်တယ်လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

ဒါကြောင့် အာဆီယံနဲ့ နိုင်ငံတကာအနေနဲ့ အလေးအနက်ထား ထည့်သွင်းစဉ်းစားဆောင်ရွက်ကြဖို့ ထပ်မံတိုက်တွန်းထားပါတယ်။

တောင်းဆိုချက်တွေကိုလည်းဦးနေဘုန်းလတ်ကထပ်မံပြောပြခဲ့ရာ အာဏာသိမ်းစစ်အုပ်စုက စီစဉ်တဲ့ ရွေးကောက်ပွဲတွေဟာ ဘုံသဘောတူညီချက်ငါးရပ် သို့မဟုတ် နိုင်ငံတကာ စံနှုန်းများအရ တရားဝင်မှု လုံးဝမရှိတာကြောင့် အဲဒီလို ရွေးကောက်ပွဲတွေကို ငြင်းပယ်ဖို့၊ အသိအမှတ်ပြုခြင်းကို ငြင်းဆိုဖို့ ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် လေကြောင်းနဲ့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်မှုတွေ ရပ်တန့်တာ၊ စောင့်ကြည့်ခြင်းနဲ့ သတင်းပို့တိုင်ကြားခြင်း ယန္တရားတွေကို အားကောင်းစေတာ၊ ပြည်တွင်း၊ ဒေသခံနဲ့ နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကာအကွယ်ပေးရေး ကွန်ရက်တွေကို ပံ့ပိုးပေးတာ အပါအဝင် အရပ်သားတွေအပေါ် အကြမ်းဖက်မှုများမှ ကာကွယ်ဖို့ လက်ငင်းအစီအမံတွေ ဆောင်ရွက်ရမယ်လို့လည်းတိုက်တွန်းပါတယ်။

နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေနဲ့ လူ့အခွင့် အရေးဥပဒေကို ပြင်းထန်စွာချိုးဖောက်မှုများမြောက်တဲ့စနစ်တကျ လေကြောင်းတိုက်ခိုက်မှုတွေ၊ အစုလိုက်အပြုံလိုက် သတ်ဖြတ်တာတွေနဲ့ အရပ်သားတွေ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အလုပ်သမားတွေကို တိုက်ခိုက်တာ အပါအဝင် စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုများအပေါ် နှုတ်ဆိတ်နေခြင်းကို အဆုံးသတ်ဖို့လည်း အာဆီယံနဲ့ နိုင်ငံတကာကို ထပ်မံ တိုက်တွန်းထားပါတယ်။

ဒါ့အပြင် ဥပဒေမဲ့ ဖမ်းဆီးထိန်းသိမ်း ခံထားရသော သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်၊ သတင်းထောက်တွေ၊ တက်ကြွလှုပ်ရှားသူတွေနဲ့ ရပ်ရွာခေါင်းဆောင်တွေ အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ အာဆီယံနဲ့ နိုင်ငံတကာက တောင်းဆိုဖို့လည်း တိုက်တွန်းပါတယ်။

လိုက်နာခြင်းနဲ့ တာဝန်ခံမှုကို အားဖြည့်ပေးတဲ့ သံတမန် အစီအမံများ၊ အာဆီယံအစည်းအဝေးတွေတက်ရောက်ခွင့်ကိုဆိုင်းငံ့တာ၊ညှိနှိုင်းဆောင်ရွက်သောနိုင်ငံတကာလုပ်ဆောင်ချက်တွေကတဆင့် အာဆီယံ ဘုံသဘောတူညီချက် ငါးရပ်ကို ဆက်လက်လိုက်နာမှုမရှိတာနဲ့ ဖီဆန်ခြင်းအတွက် စစ်အုပ်စုအား တာဝန်ခံစေဖို့ လုပ်ဆောင်ရန်လည်း တိုက်တွန်းထားပါတယ်။

စစ်တပ်ကကြိုးကိုင်ထားတဲ့ဟန်ပြနိုင်ငံရေးလှည့်စားမှု မဟုတ်တဲ့ ပြည်သူက တွန်းအားပေးသော၊ အားလုံးပါဝင်နိုင်မှုရှိသော၊ ဒီမိုကရေစီ နည်းကျသောလုပ်ငန်းစဉ်ကသာမြန်မာနိုင်ငံရဲ့ အနာဂတ်ကိုအမှန်တကယ် ဆုံးဖြတ်ပေးနိုင်မယ်လို့ တော်လှန်ရေးအင်အားစုတွေအားလုံးက ယုံကြည်ကြောင်းလည်း ဦးနေဘုန်းလတ်က ပြောကြားပါတယ်။

ဒါ့ကြောင့် NUG အနေနဲ့ မဟာမိတ်တိုင်းရင်းသားအဖွဲ့တွေအပါအဝင်၊ တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲကာ နိုင်ငံရေးအရ တရားဝင်ဆဲဖြစ်တဲ့ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲလျက် ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၁၁) မှာ ပြဌာန်းထားတဲ့ “တိုင်းပြုပြည်ပြု ညီလာခံက ရေးဆွဲအတည်ပြုထားသည့် ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို လူထုဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုပြဌာန်းခြင်းနဲ့ ရွေးကောက်ပွဲကျင်းပခြင်း” မူဘောင်အတိုင်း ရပ်တည်ကာ စနစ်ပြောင်းတော်လှန်ရေးကို ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဦးနေဘုန်းလတ်က ပြောကြားပါတယ်။

လက်ရှိမှာလည်း ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အခန်း(၃) နိုင်ငံရေးလမ်းပြမြေပုံ အဆင့် (၈) ဖြစ်တဲ့ ဖက်ဒရယ်အသွင်ကူးပြောင်းရေး အစီအမံဆိုင်ရာ အခြေခံဥပဒေ (AFTA) ကို တော်လှန်ရေးအင်အားစုတွေစုပေါင်းရေးဆွဲလျက်ရှိသလို စုပေါင်းဦးဆောင်မှု အတွက် ပိုမိုခိုင်မာအားကောင်းတဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်တွေ ရရှိနိုင်ရေးအတွက်လည်း တွေ့ဆုံဆွေးနွေးမှုတွေ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိနေကြောင်း အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

သတင်း

အရှေ့တောင်အာရှနိုင်ငံများအစည်းအရုံး(အာဆီယံ)နဲ့ကုလသမဂ္ဂ (UN) လိုနိုင်ငံတကာအဖွဲ့အစည်းတွေမှာတရုတ်နဲ့ မြန်မာကြားပူးပေါင်းဆောင် ရွက်မှုတွေမြှင့်တင်သွားမယ်လို့အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့တရုတ်နိုင်ငံခရီးစဉ်အတွင်းပူးတွဲထုတ်ပြန်ချက်မှာဖော်ပြလာခဲ့ပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ