Connect with us

Hi, what are you looking for?

သတင်း

ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို ထောက်ခံအားပေးတာ မလုပ်ဖို့ နိုင်ငံတကာကို CRPH ထပ်မံ တောင်းဆို

အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးအား လူမဆန်စွာ လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံ အားပေးတာ မလုပ်ဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့ဆေးရုံကို စစ်တပ်လေကြောင်းတိုက်ခိုက်အပြီး ပျက်စီးမှုများ။ ဓာတ်ပုံ - ANP

ဒီဇင်ဘာ-၁၃၊ ၂၀၂၅။ ဆန်အောင်/People’s Spring

အကြမ်းဖက်စစ်အုပ်စုက ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်ရှိ ပြည်သူ့ဆေးရုံကြီးအား လူမဆန်စွာ လေကြောင်းတိုက်ခိုက်ခဲ့မှုအပေါ် ရှုတ်ချကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ်ပြန်ခဲ့ပြီး ရာဇဝတ်မှု ကျူးလွန်နေတဲ့ စစ်အာဏာရှင်တွေကို နိုင်ငံတကာအနေနဲ့ ထောက်ခံ အားပေးတာ မလုပ်ဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။

မြောက်ဦးမြို့ရှိ ပြည်သူ့ဆေးရုံကို စစ်အုပ်စုက ဒီဇင်ဘာ ၁၀ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့မှာ လေကြောင်း ဗုံးကြဲခဲ့လို့ ပြည်သူ ၃၀ ကျော်သေဆုံးကာ ၇၀ကျော် ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်အပါအဝင် စစ်ကောင်စီက ပြည်သူကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အပေါ် CRPH အခုလို တောင်းဆိုခဲ့တာပါ။လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းကြေကွဲရပြီး ထိခိုက်ဒဏ်ရာရရှိသူများ အမြန်ဆုံး သက်သာပျောက်ကင်းပါစေဟုလည်း ဖော်ပြထားပါတယ်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အား ကမ္ဘာတစ်ဝှမ်းက ဆင်နွှဲကျင်းပနေချိန်တွင် ယင်းအစုအလိုက်အပြုံလိုက်သတ်ဖြတ်မှုအား အချိန်ကိုက်ကျူးလွန်လုပ်ဆောင်ခြင်းဟာ မတော်တဆ ဖြစ်စဉ်မဟုတ်ဟုလည်း ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

“လူမဆန်သောလုပ်ရပ်သည် လူ့အသက်များကို လုံးဝတန်ဖိုးမထားမှု၊ အရပ်သားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို ငြင်းပယ်မှု၊ နိုင်ငံတကာဥပဒေများကို မလေးစားမှုနှင့် မြန်မာပြည်သူတို့၏ ဒီမိုကရေစီစိတ်ဆန္ဒကို ဖျက်ဆီးရန် ဆိုးရွားသော ကြိုးပမ်းမှုတစ်ခု ဖြစ်ပါသည်။ ယင်းသို့ လုပ်ဆောင်မှုများသည် ၎င်းတို့ ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တာဝန်ခံမှုနှင့်ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ရနေခြင်းအပြင် နိုင်ငံအချို့က အကြမ်းဖက်စစ်တပ်ကို လွဲမှားစွာ ထောက်ခံအားပေးနေခြင်းတို့ကြောင့်ဖြစ်သည်ကို မိမိတို့ လေးလေးနက်နက် အသိပေးလိုပါသည်”လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်အာဏာသိမ်းမှုနဲ့ အကြမ်းဖက်စစ်တပ်က ကျူးလွန်နေသော ရာဇဝတ်မှုများအပေါ် နိုင်ငံတကာအသိုက်အဝန်းက စဉ်ဆက်မပြတ်ရှုတ်ချနေပေမယ့် စစ်ကောင်စီဟာ လူမဆန်တဲ့ လုပ်ရပ်တွေ ရပ်တန့်ခဲ့ခြင်းမရှိတဲ့အပြင် အတုအယောင်ရွေးကောက်ပွဲ ကတဆင့် လူသတ်လိုင်စင်ကို ပြောင်ပြောင်တင်းတင်း ကျင့်သုံးဖို့ ကြိုးပမ်းနေကြောင်းလည်း CRPHက ထုတ်ပြန်ပါတယ်။

ဒါကြောင့် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရာဇဝတ်သား စစ်အာဏာရှင်တွေကို ဘယ်နည်းလမ်းနဲ့မျှထောက်ခံအားပေးခြင်းမပြုဖို့ တောင်းဆိုထားပါတယ်။

ဒါ့အပြင်အာဏာသိမ်းစစ်တပ်ထံသို့ လေယာဉ်ဆီ၊ လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ တင်ပို့ရောင်းချတာကိုလည်း ချက်ချင်းရပ်တန့်ဖို့တောင်းဆိုခဲ့သလို စစ်တပ်ရဲ့လူမဆန်သော ရာဇဝတ်မှုတွေကို လူသိရှင်ကြားထုတ်ဖော်ကန့်ကွက်ပြီး အာဏာသိမ်းစစ်တပ်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ပေးဖို့ CRPHက ထပ်လောင်းတောင်းဆိုခဲ့ပါတယ်။

စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေးအတွက်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များအပါအဝင် တော်လှန်ရေးအင်အားစုတစ်ရပ်လုံးက မဆုတ်မနစ် ကြိုးပမ်းနေတာဟာလည်း စစ်တပ်ရဲ့ ပြစ်ဒဏ်မှကင်းလွတ်စွာ လူမဆန်သော အကြမ်းဖက်မှုများကိုအဆုံးသတ်နိုင်ရေးနဲ့ ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက်ဖြစ်ကြောင်း အသိပေးပါတယ်။

စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အသက်ဆုံးရှုံးခဲ့ရသူများအပါအဝင် မြန်မာပြည်သူတစ်ရပ်လုံးအတွက် တရားမျှတမှုရရှိရေး၊ စစ်အာဏာရှင်စနစ် အဆုံးသတ်နိုင်ရေး၊ စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေနဲ့အတူ ဆက်ကြိုးပမ်းမယ်လို့လည်း CRPHက ထုတ်ပြန်ပါတယ်။

မြောက်ဦးဆေးရုံ စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့မှုအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနကလည်း ကြေညာချက်ထုတ်ပြန်ထားရာ စစ်တပ်လုပ်ရပ်ဟာ ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions) ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။ စစ်ကောင်စီဟာ လူ့ဘီလူးဝါဒ ကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ (၄) နှစ် ကျော် ကာလအတွင်း ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ် တမင်ပစ်မှတ်ထား တိုက်ခိုက်နေခြင်းအပေါ် ခုလို ဖော်ပြခဲ့တာပါ။

သေဆုံးထိခိုက်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူများအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ သူ့တို့ရဲ့ လက်ပါးစေကြံရာပါတွေကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကာ လူစိတ်ပျောက်နေသော အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်နေသူများ၊ ထောက်ခံအားပေးနေသူတွေအနေနဲ့ ကိုယ့်လုပ်ရပ်တွေကို ရပ်တန်းက ရပ်ကြဖို့ ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရုရှားနဲ့ အိမ်နီးချင်းနိုင်ငံအချို့က စစ်အာဏာရှင်သက်ဆိုးရှည်အောင် အားပေးနေသလိုတွေ့ရပြီး အာဏာသိမ်းစစ်ကော်မရှင်အပေါ် စစ်ရေးအကူအညီပေးမှုနဲ့ နည်းပညာပံ့ပိုးမှုတွေ ပြုလုပ်ခဲ့လို့ ရရှိပြီးသား ပြည်သူ့ထိန်းချုပ်နယ်မြေ အချို့ ပြန်လည်လက်လွှတ်ခဲ့ရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားပါတယ်။

သတင်း

ကိုရီးယားရောက် မြန်မာတွေအနေနဲ့ စစ်အာဏာရှင်ကျဆုံးချိန်အထိ လူထုတော်လှန်ရေးမှာပါဝင်သွားမယ်လို့ စစ်အုပ်စုရွေးကောက်ပွဲ ဆန့်ကျင်ရေး ပူးပေါင်းလှုပ်ရှားမှု ကော်မတီက အသိပေးပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော်တွေ အနေနဲ့ အမိန့်နာခံ၊ ကျင့်ဝတ်၊ စည်းကမ်းလိုက်နာပြီး ရန်သူစစ်ကောင်စီကို ပြတ်သားစွာ တိုက်ခိုက်ကြဖို့ PDF အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးက ပြောကြားလိုက်ပါတယ်။

သတင်း

CRPHနဲ့ NUGကိုတရားဝင် အသိအမှတ်ပြုဖို့၊စစ်တပ် ရွေးကောက်ပွဲအသိအမှတ်မပြုဖို့၊ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ စစ်တပ်ကို အရေးယူဖို့ တောင်းဆို