ဒီဇင်ဘာ-၃၁၊ ၂၀၂၅။ဟန်နွေ/People’s Spring
ကရင် အမျိုးသားအစည်းအရုံး(KNU)၊ မြိတ်ထားဝယ်ခရိုင် ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄)နဲ့ ပြန်လည် ပူးပေါင်းကြောင်းတနင်္သာရီမြို့နယ်အခြေစိုက် ထီးဆဲ့မယ့်ယွားစစ်ကြောင်းက ဒီဇင်ဘာ ၃၁ရက် မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ထီးဆဲ့မယ့်ယွားစစ်ကြောင်းက ကရင်ဘာသာနဲ့ထုတ်ပြန်ခဲ့တဲ့စာကို KNU မြိတ်ထားဝယ်ခရိုင်ကဖော်ပြထားပြီးမြိတ်ထားဝယ်ခရိုင် ပြောရေး ဆိုခွင့်ရှိသူ ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားကလည်း ဘာသာပြန်ရှင်းပြပေးပါတယ်။
“ဒီစာကအရင် KTLA ထီးဆဲ့မယ့်ယွား တပ်ရင်းပေါ့။အခုသူတို့က KNLA တပ်မဟာ(၄)လက်အောက် ပြန်ပူးပေါင်းကြောင်း သူတို့ ထုတ်ပြန်ကြေညာချက်ထုတ်တာပေါ့နော်” လို့ ပဒိုစောအယ်နားက ပြောပါတယ်။

Public Service Announcement
အဲဒီစစ်ကြောင်းဟာအခုလိုပြန်လည်ပူးပေါင်းဖို့ ၂၀၂၅ အောက်တိုဘာမှာ KNLA တပ်မဟာ(၄) ခေါင်းဆောင်တွေနဲ့ သဘောတူထားတာဖြစ်ပြီး နိုဝင်ဘာလမှာ KNLA ဘတ်တံဆိပ်တွေ ပြန်လည်တပ်ဆင်ခဲ့တာလို့ ရှင်းပြပါတယ်။
“KTLA တံဆိပ်ကို မသုံးတော့ဘူး တပ်မဟာ(၄) တံဆိပ်ပဲ ပြန်သုံးတယ်။အခု အဲဒီ သူတို့က တရားဝင် စာပြန်ထုတ်တာပေါ့နော်”လို့ ပဒိုစောအယ်နားက ပြောပါတယ်။
အရင်က KNLA တပ်ရင်း(၁၁)ရဲလက်အောက်ခံ စစ်ကြောင်းတခုဖြစ်တဲ့ ထီးဆဲ့မယ့်ယွားစစ်ကြောင်းဟာစစ်တပ်အာဏာသိမ်းစက KNLA တပ်မဟာ(၄)ကစစ်ရေးဖော်ဆောင်မှုမလုပ်တာနဲ့ပတ်သက်ပြီး သဘော ထားကွဲလွဲကာ သီးခြားရပ်တည်ရာမှ အခု ၂၀၂၅ နှစ်ကုန်ပိုင်းမှာ KNLA အတူ ပြန်လည်ရပ်တည်ခဲ့ခြင်းဖြစ်တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပြပါတယ်။
“အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ၂၀၂၁၊၂၂ အဲဒီ နှစ်နှစ်ဝန်းကျင်မှာ ကျနော်တို တပ်မဟာ(၄) လက်အောက်ခံ ရှိတဲ့ တပ်ရင်းတွေ စစ်ဆင်ရေးမဖော်ဆောင်တဲ့အပိုင်းရှိနေတော့အောက်ခြေကရဲဘော်တွေသော်လည်း ကောင်း ခေါင်းဆောင် တွေသော်လည်းကောင်း နားလည်မှု ကွဲလွဲတာပေါ့”လို ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်ရေးဖော်ဆောင်တာဟာကြိုတင်ပြင်ဆင်ပြီးမှလုပ်ဆောင်ဖို့ခေါင်း ဆောင်တွေရဲ့ စဉ်းစားချက်ကို အောက်ခြေက တပ်ရင်းတပ်ဖွဲတွေက နားလည်မှု ကွဲလွဲပြီး ထီးဆဲ့မယ့်ယွား စစ်ကြောင်းက ခွဲထွက်ပြီး KTLA တံဆိပ်တပ်ဆင်ခဲ့တာလို ဆိုပါတယ်။
ဒါပေမယ့်မြေပြင်လက်တွေ့မှာKTLA ဦးဆောင်မှု ဘာမှ မရ၊ စစ်ရေးဖော်ဆောင်မှုအပိုင်းမှာ KTLA ရဲ့ အထက်ခေါင်းဆောင်တွေက ဘာမှ အကူ အညီပေးမှုမရှိ၊ လမ်းညွှန်မှုမရှိခဲ့ဘဲ KNLA နဲ့သာ စစ်ရေး ဖော်ဆောင်နေတာလို့ ပဒိုစောအယ်နားက ရှင်းပြပါတယ်။
“မြေပြင်ကျတော့ သူတို့နဲ့ ကျနော်တို့ တပ်ရင်း (၁၁) တနင်္သာရီမြို့နယ် ခေါင်းဆောင်တွေနဲ့ပဲ ဆက်သွယ်မှုရှိတယ် အပြန်အလှန် ကူညီမှုတွေရှိတယ် ပြီးတော့ စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာ အတူတူ ဖော်ဆောင်တဲ့အတွက်ကြောင့် သူတို့က နားလည်မှုရတယ်။ နားလည်မှုရတဲ့အတွက်ကြောင့် KNLA တပ်မဟာ(၄) ကို ခေါင်းဆောင်တွေကို နားလည်တဲ့အတွက် သူတို့က ပြန်လည်ပူးပေါင်းလာတာပေါ့နော်”လို့ ပဒိုစောအယ်နားက ပြောကြားပါတယ်။
ထီးဆဲ့မယ့်ယွားစစ်ကြောင်းဟာအင်အား ၄၀၀ ကျော်လောက်ရှိတဲ့ စစ် ကြောင်းဖြစ်တယ်လိုလည်း ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
“ပူးပေါင်းစစ်ကြောင်းဆိုတော့ အမျိုးမျိုးရှိတယ် တိုင်းရင်းသား ပေါင်းစုံတွေပါမယ်။ထားဝယ်သားလည်းပါမယ် ဘိတ်သားတွေလည်းပါမယ် အခြား တိုင်းရင်းသား ဗမာလူမျိုးတွေလည်း ပါမယ်။ ကရင်တွေလည်းပါမယ်။ ကရင်တောင်မှ ကရင်ဖြူတွေ ပြီးတော့ အဲဒီလိုမျိုးပေါ့ လူမျိုးပေါင်းစုံ ဖွဲစည်းထားတဲ့ စစ်ကြောင်းတကြောင်းဖြစ်တယ်။စစ်ရေးဖော်ဆောင်တဲ့အပိုင်းမှာတော့ KNLA တပ်မဟာ(၄) တပ်ရင်း(၁၁)ရဲ့ စစ်ဆင်ရေးဖော်ဆောင်မှု အောက်မှာပဲ”လို ကရင်သတင်းရင်းမြစ်က ဒီဇင်ဘာ ဒုတိယပတ်မှာ ပြောထားပါတယ်။
အဲဒီစစ်ကြောင်းဟာ တနင်္သာရီမြို့နယ် မြန်မာ-ထိုင်းနယ်စပ် မောတောင်မြို့သိမ်းတိုက်ပွဲမှာပါဝင်ခဲ့ပါတယ်။
KNU မြိတ်ထားဝယ်ခရိုင်ရဲ့ မောတောင်မြိုသိမ်းစစ်ဆင်ရေး သတင်းထုတ်ပြန်ချက် စစ်ဆင်ရေးမှာပါဝင်တဲ့ တော်လှန်ရေးတပ်ဖွဲတွေ အမည်ကို ဖော်ပြရာမှာ KNLA ထီးဆဲ့မယ့်ယွင်းတပ်ရင်း အမည်ကို ဖော်ပြထားပါတယ်။


















































