ဇန်နဝါရီ-၂၃၊၂၀၂၆။People’s Spring
တော်လှန်ရေး အင်အားစုတွေ အပါအဝင် မြန်မာ့နိုင်ငံရေးရဲ့ ကွဲပြားစုံလင်တဲ့ အစုအဖွဲ့တွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ဆန္ဒရှိကြောင်းအရှေ့တောင်အာရှနိုင်ငံများ အစည်းအရုံး(အာဆီယံ)ရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ဖိလစ်ပိုင် အစိုးရက ခန့်အပ်ထားတဲ့ အထူးကိုယ်စားလှယ်က ပြောပါတယ်။
ဖိလစ်ပိုင်အစိုးရကမြန်မာ့အရေးအတွက်အာဆီယံ အထူးကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားသူ ထရေဆာ လိုဇာရိုက သူဟာ စစ်တပ်က လက်ရှိမှာ အပိုင်း ၃ ခုခွဲပြီးကျင်းပနေတဲ့ရွေးကောက်ပွဲကို ထောက်ခံမှာ မဟုတ်ပေမယ့် ရလဒ်တွေနဲ့ နောက်ဆက်တွဲ ဖြစ်ပျက် ပြောင်းလဲမှုတွေကိုတော့ ဆက်ပြီး စောင့်ကြည့်နေမယ်လို့ Reuters သတင်းဌာနနဲ့ အင်တာဗျူးမှာ မှတ်ချက်ပေးခဲ့ပါတယ်။
မဲပေးသူ အရမ်းနည်းခဲ့ပေမယ့်လည်းပြီးစီးခဲ့တဲ့ မဲပေးမှု နှစ်ကြိမ်က အရမ်းအောင်မြင်တယ်လို့ အာဏာသိမ်း မြန်မာစစ်တပ်က ကြေညာထားသလို မဲရလဒ်တွေ အရလည်း စစ်တပ်ရဲ့ မဟာမိတ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP)ကပဲ နေရာအများစုမှာ အနိုင်ရကြောင်း ညွှန်ပြနေပါတယ်။ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အသိုက်အဝန်းကတော့ အဲဒီရွေးကောက်ပွဲဟာ အတုအယောင် တစ်ခုသာ ဖြစ်တယ်လို့ စွပ်စွဲ ဝေဖန်ထားပါတယ်။

Public Service Announcement
အခုနှစ်မှာ မြန်မာ့အကျပ်အတည်းဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ် ရာထူးကို ရယူခဲ့တဲ့ လိုဇာရိုဟာ အခုသီတင်းပတ်ထဲမှာ တာဂေတေမြို့မှာ မြန်မာ့နိုင်ငံရေးနဲ့ ဆက်စပ်တဲ့ အစုအဖွဲ့ပေါင်းစုံနဲ့ ဆွေးနွေးတဲ့ အစီအစဉ်မှာ ပဋိပက္ခတွေ လျှော့ချနိုင်ရေး၊စစ်ဘေးသင့်လူ့အဖွဲ့အစည်းတွေဆီ လူသားချင်း စာနာမှု အကူအညီတွေ ရောက်ရှိရေး၊ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ ပေါ်ပေါက်လာရေး ဆိုတာတွေဟာ ဖိလစ်ပိုင် ဦးစားပေး ရွေးချယ်မှု ချဉ်းကပ်မှု ပုံစံတွေ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
တာဂေတေကဆွေးနွေးပွဲကိုတက်ရောက်ခဲ့တဲ့ အဖွဲ့အစည်းတွေထဲမှာ ပါဝင်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦး (CNF)က Reutersဆီ အတည်ပြုထားပါတယ်။ CNFက အဲဒီ နှစ်ရက်ကြာ အစည်းအဝေးဟာ ဘက်ပေါင်းစုံ ပါဝင်တဲ့ ဆွေးနွေးမှုတွေဆီ ဦးတည်နေတဲ့ ကောင်းမွန်တဲ့ အစပြုမှုလို့ မျှော်လင့်ကြောင်း မှတ်ချက်ပြုခဲ့ပါတယ်။
ဆွေးနွေးပွဲကအပေါင်းလက္ခဏာဆောင်ခဲ့ကြောင်း၊ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌသစ်ဟာ ရာထူးကို လက်ခံပြီးတစ်လအတွင်းမှာတင်မြန်မာ့ပြည်တွင်းရေးနဲ့ ဆက်နွှယ်တဲ့ အစုအဖွဲ့တွေကို တွေ့ဆုံခဲ့ကြောင်း၊ ဒီအခြေအနေအပေါ် အကောင်းမြင်ကြောင်း CNF ပြောရေးဆိုခွင့်ရအရာရှိဆလိုင်းဗန်က ဆိုပါတယ်။
အာဏာသိမ်း စစ်တပ်ကတော့ ဖိလစ်ပိုင်နဲ့ တော်လှန်ရေး အင်အားစုတွေ တွေ့ဆုံခဲ့တယ်ဆိုတဲ့ ကိစ္စအပေါ် Reuters သတင်းဌာနရဲ့ ဆက်သွယ် မေးမြန်းမှုအပေါ် သဘောထား မှတ်ချက်ပေးတာမျိုး မရှိခဲ့ပါဘူး။
တော်လှန်ရေး အင်အားစုဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)ဟာ တာဂေတေမြို့ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သလား ဆိုတဲ့အပေါ် လတ်တလော ဘာမှ ထုတ်မပြောသေးပါဘူး။ ဒါပေမဲ့ လာဇာရိုကတော့ NUGလည်းအစည်းအဝေး တက်ခဲ့တယ်လို့ အတည်ပြုထားပါတယ်။
လာဇာရိုက မြန်မာနိုင်ငံကို လာရောက်ပြီးအာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံပြီးတဲ့နောက်မှာ အခုလိုမျိုး တော်လှန်ရေး အစုအဖွဲ့တွေနဲ့လည်း ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဖိလစ်ပိုင် အစိုးရကတော့ လာဇာရိုနဲ့ မင်းအောင်လှိုင် တွေ့ဆုံမှုဟာ နွေးထွေးပြီး အပြုသဘောဆောင်တဲ့ အမြင်ဖလှယ်မှုတွေ ဖြစ်ခဲ့တယ်လို့ ကြေညာထားပါတယ်။
လာဇာရိုက သူ့အနေနဲ့နောက်ထပ်အစုအဖွဲ့တွေပါ စုံစုံလင်လင် ပါဝင်နိုင်တဲ့ ဆွေးနွေးမှုတွေကို ဖိလစ်ပိုင်ရဲ့ အာဆီယံ ဥက္ကဋ္ဌ သက်တမ်းအတွင်း ဖိတ်ခေါ်သွားနိုင်ဖို့မျှော်လင့်ထားကြောင်းပြောပါတယ်။ ပြီးတော့ မြန်မာ့ အကျပ်အတည်းကို ကူညီဖြေရှင်းဖို့အာဆီယံအဖွဲ့ဝင်တွေကြားလက်ခံထားတဲ့ ၂၀၂၁ခုနှစ်ဘုံသဘောတူညီချက် ၅ ရပ်ကို တက်ကြွတဲ့၊ အဓိပ္ပါယ်ပြည့်ဝတဲ့၊အပြုသဘောဆောင်တဲ့ရှုထောင့်တွေ မျှဝေရင်း ဖော်ဆောင်နိုင်ဖို့ ဆန္ဒရှိကြောင်းလည်းလူမှုကွန်ရက်မီဒီယာ X မှာရေးသားထားခဲ့ပါတယ်။
နောက်ပြီးမြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ကို ခန့်အပ်ရာမှာ အလှည့်ကျ အာဆီယံ ဥက္ကဋ္ဌ တာဝန်ယူတဲ့ နိုင်ငံက အရာရှိတွေကို တစ်နှစ်စီ ပြောင်းနေမယ့်အစား ရေရှည်သက်တမ်းမျိုးနဲ့ လုပ်ပိုင်ခွင့် ပေးအပ်တာမျိုးကို အာဆီယံက စဉ်းစားသင့်ကြောင်းလည်း လာဇာရိုက အကြံပြုသွားပါတယ်။
မူအရဆိုရင် အာဆီယံဟာ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရာမှာ ဘုံသဘောတူညီချက် ၅ ရပ်ကိုသာ ဆက်ပြီး ဆုပ်ကိုင်ထားဆဲ ဖြစ်ပေမယ့် စောင့်ကြည့် လေ့လာသူတွေကတော့ အဲဒီ သဘောတူညီချက်တွေကိုစစ်တပ်ကလေးစားလိုက်နာမှုမရှိခြင်းကြောင့် အလုပ်မဖြစ်ခဲ့တာကြာပြီလို့ဝေဖန်ထားပါတယ်။စစ်တပ်ဟာအာဆီယံရဲ့တောင်းဆိုချက်တွေကို လျစ်လျူရှုပြီး နိုင်ငံရေး အကျဉ်းသားတွေကို မတရားဆက်လက် ဖမ်းဆီး ချုပ်နှောင်ထားသလို ပြည်သူတွေအပေါ် အကြမ်းဖက် သတ်ဖြတ်မှုတွေ ဆက်လက် ကျူးလွန်နေဆဲ ဖြစ်ပါတယ်။
ကိုးကား- Reuters


















































