Connect with us

Hi, what are you looking for?

သတင်း

ဝိုင်းမော် ခလရ(၅၈)အနီး တိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၅၈)အနီးမှာ ဒီနေ့ မနက် တိုက်ပွဲပြင်းထန်နေပြီး ပေါက်ကွဲသံတွေကို မြစ်ကြီးနားမြို့ကနေပါ ကြားနေရတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ဖေ ဖော်ဝါရီ-၁၂၊ ၂၀၂၆။ People’s Spring

ကချင်ပြည်နယ် ဝိုင်းမော်မြို့ရဲ့ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ(၅၈)အနီးမှာ ဒီနေ့ မနက် တိုက်ပွဲပြင်းထန်နေပြီး ပေါက်ကွဲသံတွေကို မြစ်ကြီးနားမြို့ကနေပါ ကြားနေရတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ရက် မနက် ၆နာရီကတည်းက တိုက်ပွဲ တော်တော် ပြင်းထန်နေတာလို့ ဝိုင်းမော်မြို့ခံ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ရဲ့ ကာကင်းစခန်းတွေကို သိမ်းပြီးပြီဆိုတော့ ခလရ(၅၈)ကို စတိုက်ခိုက်တယ်လို့ ကြားရပြီး လက်နက်ကြီးပစ်ခတ်သံတွေ ကြားနေရတယ်လို့ အဲဲဒီသတင်းရင်းမြစ်က ဆက်ပြောပါတယ်။

Public Service Announcement

Public Service Announcement

အမှတ်(၅၈) ခြေလျင်တပ်ရင်း(ခလရ-၅၈)ရဲ့ကာကင်းစခန်းတွေဖြစ်တဲ့ ဝိုင်းမော်-လိုင်ဇာလမ်းက စခန်းတွေနဲ့ ဝိုင်းမော်-ကန်ပိုက်တီလမ်းက စခန်းတွေကို KIA၊ KPDF က ဇန်နဝါရီလနှောင်းပိုင်းနဲ့ ဖေဖော်ဝါရီလဆန်းမှာ တိုက်ခိုက်သိမ်းယူထားပါတယ်။

ခလရ(၅၈)ဟာ ကန်ပိုက်တီနယ်စပ်ကို သွားတဲ့လမ်းမှာရှိပြီး ဝိုင်းမော်မြို့ပေါ်နဲ့ ၄မိုင်ခန့်သာ ဝေးပါတယ်။

ဒီနေ့ မနက်တိုက်ပွဲ တွေက ခလရ(၅၈)အနီးအပြင် ဗလမင်းထင် တံတားနားက စစ်တပ်အခိုင်အမာတပ်စွဲထားတဲ့ မှန်ပြတောင်မှာလည်း တိုက်ပွဲ တွေဖြစ်နေတယ်လို့ ဒေသခံ‌တွေက ပြောပါတယ်။

မှန်ပြတောင်ဘက်က ပေါက်ကွဲသံတွေကို မနက် ၆နာရီခန့်က စကြားရပြီး စစ်ကောင်စီတပ်က Mi 35ရဟတ်ယာဉ်နဲ့ ပတ်ပြီး ဗုံးကြဲသွားတယ်လို့ သိရပါတယ်။

မှန်ပြတောင်က စစ်တပ်ရဲ့ အမာခံနေရာဖြစ်ပြီး ရေဒါစခန်းပါ ရှိတယ်လို့ ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

မှန်ပြတောင်ဟာ မြစ်ကြီးနားမြို့ထဲကို ဝိုင်းမော်ဘက်ကနေ တော်လှန်ရေးတပ်တွေ မဝင်နိုင်အောင် စစ်တပ်က တပ်စွဲထားတဲ့နေရာပါ။

အရင်က အများပြည်သူ လာရောက်လည်ပတ်ရာ နေရာဖြစ်ပေမယ့် အခုတော့ စစ်တပ်ကုန်းဖြစ်နေတာပါ။

ဖေဖော်ဝါရီ ၁၀ရက်က မှန်ပြတောင်ကနေ စစ်တပ် လက်နက်ကြီးပစ်လို့ ခလရ(၅၈)အနီးက ဒေသခံတစ်ဦး သေဆုံးခဲ့ပါတယ်။

ဝိုင်းမော်မြို့မှာ ခလရ(၅၈)နဲ့ ခမရ(၃၂၁)ရှိပြီး ခမရ(၃၂၁)ကို KIAနဲ့ KPDF က ၂၀၂၄ ခုနှစ် မေလထဲမှာ သိမ်းယူခဲ့တာပါ။ ဒါကြောင့် ခလရ(၅၈)တစ်ခုပဲ ကျန်တော့တာဖြစ်ပါတယ်။

KIA နဲ့ နီးစပ်သူတစ်ဦးက စစ်ရေးအခြေအနေကို အသေးစိတ်မပြောပေမယ့် ခလရ(၅၈)ထဲမှာ စစ်ကောင်စီတပ်တွေ သွေးပျက်နေပြီလို့ဆိုပါတယ်။

ခလရ(၅၈)ရဲ့ ကာကင်းစခန်းတွေကို သိမ်းယူတဲ့ တိုက်ပွဲမှာလည်း ဖမ်းမိတဲ့စစ်သုံ့ပန်းတစ်ဦး ငိုယိုနေတဲ့ ရုပ်သံဖိုင် လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ သူ့ကို ထားပြီး တခြားသူတွေက ထွက်ပြေးတာလို့ ဆိုပါတယ်။

ဝိုင်းမော်မြို့ဟာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)ရှိတဲ့ မြစ်ကြီးနားမြို့နဲ့လည်း ဧရာဝတီမြစ်ပဲခြားပြီး ၇မိုင်ခန့်သာ ဝေးပါတယ်။ မပခအပြင် မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့ကို ဆက်သွယ်ထားတဲ့ ဗလမင်းထင်တံတားအနီး မိုင်းနားကျေးရွာမှာ စစ်ကောင်စီက လက်နက်ကြီးတပ်ဆင်ထားပြီးခလရ(၅၈)ဘက်ကို ပစ်ခတ်နေပါတယ်။

KIAဦး‌ဆောင်တဲ့ မဟာမိတ်တပ်တွေဟာ ကချင်ပြည်နယ်အတွင်း ဖားကန့်၊ ဝိုင်းမော်၊ တနိုင်း၊ အင်းတော်ကြီးဒေသတွေမှာ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေသလို ဗန်းမော်မြို့သိမ်းတိုက်ပွဲလည်း အရှိန်မြှင့်ထားပါတယ်။

𝗣𝗲𝗼𝗽𝗹𝗲’𝘀 𝗦𝗽𝗿𝗶𝗻𝗴

ဆက်စပ်သတင်းများ