ဧပြီ-၁၊၂၀၂၆။People’s Spring
မြန်မာနိုင်ငံသားလူလတ်တန်းစား မိသားစုတွေ ပြောင်းရွှေ့ အခြေချလာခြင်းက ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရဲ့ စီးပွားရေး တိုးတက်မှုကို အထောက်အပံ့ ဖြစ်စေခဲ့ပါတယ်။
Surin Pitsuwan ဖောင်ဒေးရှင်းရဲ့ အဆိုအရ လူလတ်တန်းစား မြန်မာ မိသားစုတွေ ရွှေ့ပြောင်း အခြေချလာတဲ့အခါ ချင်းမိုင်ရဲ့ ဝန်ဆောင်မှု စီးပွားရေး လုပ်ငန်းတွေမှာ ဝင်ငွေအရ အကျိုးကျေးဇူးတွေ ဖြစ်ထွန်းလာခဲ့တယ်လို့ဖော်ပြပါတယ်။
၂၀၂၅ နှစ်လယ်ထိ အခြေအနေအရ ချင်းမိုင်မှာ မြန်မာ ရွှေ့ပြောင်း အခြေချသူ ၆၀၀၀ ကျော် ပြောင်းရွှေ့နေထိုင်ခဲ့တယ်လို့ Surin Pitusuwanက ခန့်မှန်းခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေက ချင်းမိုင်မှာ မြန်မာနိုင်ငံသားတွေ အခြေချမှုကို တွန်းအားဖြစ်စေခဲ့တယ်လို့ အဲဒီ ဖောင်ဒေးရှင်းရဲ့ အစီရင်ခံစာမှာ ဖော်ပြထားခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ ၂၀၂၄ ခုနှစ်မှာ အာဏာသိမ်း စစ်တပ်က ပြဋ္ဌာန်းလိုက်တဲ့ စစ်မှု မထမ်းမနေရ ဥပဒေကြောင့် ချင်းမိုင်ကို ရွှေ့ပြောင်းလာတဲ့ မြန်မာတွေရဲ့ အခြေအနေက အရင်နဲ့ ကွဲပြားမှု ရှိလာတယ်လို့ ဆိုပါတယ်။အရင်ကထိုင်းနိုင်ငံဆီရောက်လာတဲ့ မြန်မာ အများစုဟာ ပညာရှင်တွေ မဟုတ်တဲ့ အလုပ်သမား အများစု ဖြစ်ခဲ့ပါတယ်။ဒါပေမဲ့ ၂၀၂၄ နောက်ပိုင်း ချင်းမိုင်ကို ဝင်ရောက်လာသူတွေထဲမှာ ကျွမ်းကျင်သူတွေ၊စီးပွားရေးလုပ်ငန်းရှင်တွေ၊ ကျောင်း
သားတွေ၊ ဒစ်ဂျစ်တယ် ပညာရပ်ဆိုင်ရာ ဝန်ထမ်းတွေ ပါဝင်လာပါတယ်။
အဲဒီ ရွှေ့ပြောင်းလာသူတွေထဲမှာ တက္ကသိုလ် ဘွဲ့ရတွေ၊ ကြေးရတတ်တွေလည်း ပါဝင်တာကြောင့် ချင်းမိုင်ကို ဘဏ္ဍာရေး အရင်းအမြစ်တွေနဲ့ နိုင်ငံတကာကျွမ်းကျင်မှု၊အတွေ့အကြုံတွေစီးဝင်သလို ဖြစ်လာပါတယ်။
ဒီအခြေအနေဟာ လုပ်သားရွှေ့ပြောင်းမှု သမားရိုးကျ အခြေအနေတွေနဲ့ ကွဲပြားနေတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အဲဒီ ရွှေ့ပြောင်းမှု ပုံစံကို ရှင်သန်ခွင့်တစ်ဝက် ပုံစံလို့လည်း သုံးသပ်ပြထားပြီး လူတွေက မြင့်မားတဲ့ လုပ်ခလစာ ရဖို့ထက် တည်ငြိမ်တဲ့ အခြေအနေကို မျှော်လင့်ပြီး ရွှေ့ပြောင်း အခြေချကြတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံနဲ့ယဉ်ကျေးမှု နီးစပ်တာ၊အခြေခံ အဆောက်အအုံတွေ ကောင်းမွန်ပြီး ပညာရေး၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေဖွံ့ဖြိုးတာကြောင့်လည်း ပြည်တွင်း မငြိမ်သက်မှုတွေကို စွန့်ခွာလာတဲ့မြန်မာလူလတ်တန်းစားမိသားစုတွေအတွက် ဘေးကင်းလုံခြုံရာနယ်မြေတစ်ခု ဖြစ်လာပါတယ်။
နောက်ပြီး မြို့ရဲ့ဝင်ငွေဖန်တီးမှု ၇၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားတဲ့ ဝန်ဆောင်မှု စီးပွားရေး ကဏ္ဍတွေမှာလည်း မြန်မာနိုင်ငံသားတွေရဲ့ ပါဝင်အကျိုးပြုမှုက မြင့်တက်လာခဲ့ပါတယ်။ နောက်ပြီး ၂၀၂၁ ခုနှစ်ကစလို့ချင်းမိုင်မှာမြန်မာနိုင်ငံသားပိုင်စီးပွားရေးလုပ်ငန်း ၁၁၀ ထက်မနည်း ထူထောင်လာပြီး အများစုကအစားအသောက်နဲ့ဟိုတယ်ခရီးသွား လုပ်ငန်းတွေမှာဖြစ်တယ်လို့လည်း သိရပါတယ်။
အဲဒီ စီးပွားရေး လုပ်ငန်း အများစုဟာ မြေငှားခ၊ ဓာတ်အားခနဲ့ တခြား အခွန်အခတွေ အပါအဝင် အသုံးစရိတ်တွေကို ထိုင်းနိုင်ငံထဲမှာပဲ ပြန်လည် အသုံးပြုကြပါတယ်။ ရင်းနှီးမြှုပ်နှံမှု အပိုင်းမှာ မြန်မာတွေ ပိုမို ဆက်နွှယ် ပတ်သက်လာသလို ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူ အသုံးပြုမှုကနေလည်း ချင်းမိုင်ရဲ့ စီးပွားရေးကို အထောက်
အကူ ပြုနေပါတယ်။
ချင်းမိုင်ရဲ့ ပုဂ္ဂလိက ဆေးရုံတွေမှာ ဆေးကုသမှု ခံယူနေတဲ့ နိုင်ငံရပ်ခြားလူနာအားလုံးရဲ့သုံးပုံတစ်ပုံလောက်ဟာ မြန်မာတွေ ဖြစ်ပါတယ်။ နိုင်ငံတကာ ကျောင်းတွေမှာလည်းမြန်မာမိသားစုတွေရဲ့ ကျောင်းဝင်ကြေး ပေးသွင်းမှုဟာ တစ်နှစ်ကို ဘတ် ၅၀၀၀၀၀လောက်ထိတိုးလာပါတယ်။
ဒါပေမဲ့ အရေးကြီးတဲ့ အခြေအနေ တစ်ခုအဖြစ် ဦးနှောက်တွေ အလဟဿ ပြုန်းတီးနေမှု ပြဿနာကို အစီရင်ခံစာက မီးမောင်းထိုးပြထားပါတယ်။ အဲဒါကတော့ မြန်မာနိုင်ငံသား ကျွမ်းကျင်ပညာရှင်တွေဟာ လူမှန် နေရာမှန်မှာ ရှိမနေတာ ဖြစ်ပါတယ်။ ဥပမာ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ခေတ်ပညာတတ်တွေဟာ စားသောက်ဆိုင်တွေ၊ လုပ်ငန်းငယ်လေးတွေ၊ ဒါမှမဟုတ်သူတို့ရဲ့ ပရော်ဖက်ရှင်နယ်နဲ့ မဆိုင်တဲ့ အလွတ်တမ်း အလုပ်တွေမှာပါဝင်လုပ်ကိုင်ရင်းအသက်မွေးနေရတာကို ဆို
လိုတာပါ။
မြန်မာ့နိုင်ငံရေး အလှည့်အပြောင်းတွေက ခန့်မှန်းရ ခက်ခဲတဲ့ အခြေအနေတွေနဲ့ ရှေ့ဆက်နေချိန်မှာ ချင်းမိုင်ကတော့ လူလတ်တန်းစား မြန်မာ မိသားစု အများအပြားအတွက် ခိုလှုံရာ နဲ့ စီးပွားရေး အင်ဂျင်သစ်တစ်ခုအဖြစ် ပိုမိုပီပြင်လာနေတယ်လို့လည်း Surin Pitsuwan ဖောင်ဒေးရှင်းက သုံးသပ်ထားခဲ့ပါတယ်။
ကိုးကား- Thai PBS


















































