ဧပြီ ၂၀၊ ၂၀၂၆။ ရွက်ဝါ/People’s Spring
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်မှာ စစ်ကောင်စီတပ်စခန်း ၁၁ခုသာ ကျန်ရှိတော့ကြောင်း တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောကြားခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းမှု (၅)နှစ်ကျော် အတွင်းတပ်မဟာ(၅)နယ်မြေမှာ တိုက်ပွဲထောင်ချီဖြစ်ပွားခဲ့ရာ အခုဧပြီလလယ်ပိုင်းအထိ တပ်စခန်းတွေ သိမ်းပိုက်ရရှိမှု၊ တိုက်ခိုက်သိမ်းပိုက်ရန် ကျန်ရှိနေမှု အခြေအနေတွေကို အခုလို ပြောပြတာဖြစ်ပါတယ်။
လက်ရှိ ဖာပွန်ခရိုင်မှာ ကျန်နေတဲ့ စစ်ကောင်စီတပ်စခန်းတွေကတော့ ဖာပွန်ဗျူဟာ၊ ကမမောင်းစခန်း၊ ကတိုင်တိစခန်း အပါအဝင် စခန်းကြီးငယ် ၁၁ခု ဖြစ်တယ်လို့ ပြောပါတယ်။

Public Service Announcement
” သူတို့ အာဏာမသိမ်းခင်ကတော့ ဒီတပ်မဟာ(၅)ဧရိယာထဲမှာ သူတို့စခန်း ၇၈ စခန်းရှိတယ်။ ဒါပေမဲ့ အခုကတော့ ၁၁ပဲ ကျန်တော့တယ်လို့ စာရင်းကောက်ယူလို့ရတာပေါ့”လို့ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက တပ်စခန်း ၆၇ ခု သိမ်းပိုက်နိုင်ခဲ့ကြောင်း ပြောပြပါတယ်။
အခုနှစ် သင်္ကြန်ကာလမှာ တော်လှန်ရေးတပ်တွေဘက်က စစ်ရေးလှုပ်ရှားမှုတွေ ရပ်နားထားလို့ တိုက်ပွဲတွေ ငြိမ်နေကြောင်းလည်း ပြောပါတယ်။
” တော်လှန်ရေးဘက်မှာ လှုပ်ရှားမှုမရှိပေမယ့် စစ်အစိုးရဘက်က လာပြီးတော့မှ လေယာဉ်လှုပ်ရှားမှု ပစ်ခတ်တာတွေ တောက်လျှောက်ပေါ့။ နောက်ပြီးတော့ ဆက်လက်ပြီး သူတို့ လုပ်ဆောင်ဖို့ရှိအုံးမယ်လို့ ယူဆတယ်။” လို့ ဒုဗိုလ်မှူးကြီးစောကလယ်ဒိုက စစ်ကောင်စီက ဖာပွန်ခရိုင်အတွင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု တွေလုပ်ဆောင်ခဲ့တဲ့အပေါ် ရှင်းပြပါတယ်။
သင်္ကြန်တွင်းကာလ ၄ရက်ဆက်တိုက် ဖာပွန်ခရိုင်က အရပ်သားနေထိုင်ရာတွေကို စစ်ကောင်စီက လေကြောင်း ဗုံးကြဲခဲ့လို့ ပြည်သူ ၆ဦးထက်မနည်းသေဆုံးကာ ၁၃ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။
ဒီကနေ့ ဧပြီ ၂၀ရက်မှာလည်း စစ်ကောင်စီဟာ ဖာပွန်ခရိုင်အတွင်း မြန်မာ-ထိုင်းနယ်စပ် တနေရာက ကျန်းမာရေးဆေးပေးခန်းတခုကို ပစ်မှတ်ထားပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။


















































