Connect with us

Hi, what are you looking for?

သတင်း

တမူးနဲ့ ခမ်းပါတ်မြို့ကြား တိုက်ပွဲဆက်ပြင်းထန်၊ အရပ်သားအချို့ စစ်တပ် ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်း၊ တမူးနဲ့ ခမ်းပါတ်မြို့ကြားမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သားအချို့သေဆုံးမှုရှိသလို အရပ်သားအချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။

ဇူလိုင်-၂၊၂၀၂၆။စိုင်းနောင်/People’s spring

စစ်ကိုင်းတိုင်း၊ တမူးနဲ့ ခမ်းပါတ်မြို့ကြားမှာ တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေဗုံးကြဲလို့ အရပ်သားအချို့သေဆုံးမှုရှိသလို အရပ်သားအချို့လည်း ဖမ်းဆီးသတ်ဖြတ်ခံရတယ်လို့ သတင်းရရှိပါတယ်။

တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းကို နယ်မြေစိုးမိုးမူပြန်ယူမယ်ဆိုပြီး ပြီးခဲ့တဲ့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပြီးနောက်ပိုင်း ကလေး-ခမ်းပါတ်- တမူးလမ်းပိုင်းအတိုင်း စစ်တပ်စစ်ကြောင်းတွေ ဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတာပါ။

ဇွန်လလယ်ကတိုက်ပွဲတွေအတွင်း ခမ်းပါတ်မြို့ကို စစ်တပ်က ထိန်းချုပ်ခဲ့ပေမယ့် တိုက်ပွဲတွေဆက်ဖြစ်နေသလို လေကြောင်း ဗုံးကြဲမှုနဲ့ အရပ်သားတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေရှိနေတယ်လို့ စစ်ဘေးရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အရပ်သားတွေကို ပစ်မှတ်ထားနေတာ။ခမ်းပတ်မှာ တစ် ယောက်ပစ်သတ်ခံရတယ်။ တစ်ယောက်က ဗုံးဒဏ်ကြောင့်သေဆုံးတယ်။ ကနန်မှာလည်းဗုံးကြဲခံရလို့ တစ်ယောက်သေဆုံးတယ်”လို့ ဒေသခံတစ်ဦးက ဇွန်လနှောင်းပိုင်း အခြေအနေကို ပြောပါတယ်။

ဒါ့အပြင် ပျောက်ဆုံးနေတဲ့ အရပ်သားအချို့လည်းရှိနေပြီး ဘေးကင်းစိတ်ချရတဲ့ နေရာအထိ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

လက်ရှိဒေသတွင်း စစ်ရေးအခြေအနေကြောင့် ကလေး -ခမ်းပါတ်-တမူး ကားလမ်းမဘေး ကျေးရွာတွေဖြစ်တဲ့ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတော့ရေရှင်၊ နန်ကတိတ်၊နန်မွန်းတားနဲ့ ခွန်မွန်းနွမ်ကျေးရွာအပြင် ကျေးရွာ ၁၀ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်က‌ သေဆုံးမှုများနေပြီး စစ်မှုထမ်းသင်တန်းဆင်းနဲ့ ပြည်သူ့စစ်အဖွဲ့ဝင်တွေသေဆုံးမှုကို စာရင်းဖျောက်နေတယ်လို့လည်း တိုက်ပွဲဇုံအနီးမှာရှိနေဆဲ ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

” ကလေး – တမူး လမ်းပွင့်ဖို့ အထက်အမိန့်အရ အောက်မှာထိုးကျွေးခံသေပေးနေတာများလို့ သူတို့ချင်းလည်း ပြဿနာဖြစ်နေကြပြီ”လို့ ၎င်းက ဆိုပါတယ်။

တမူးမြို့နယ်က ဝိတုပ်ကျေးရွာမှာ ဇွန်လ ၁၅ရက်ကနေ ဇွန်လ၂၃ရက်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲအတွင်း စစ်တပ်ကတပ်ရင်းမှူးအပါအဝင် သေဆုံးသူ၂၀ထက်မနည်းရှိခဲ့တယ်လို့ တော်လှန်ရေး ရဲဘော်အချို့ကပြောပါတယ်။

ကလေး-ခမ်းပါတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာ ပါဝင်ပါတယ်။

စစ်တပ်က ခမ်းပါတ်မြို့ကို ကလေးနဲ့ တမူးမြို့ဘက်ကအပြင် မော်လိုက်မြို့ကနေပါ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာတာလို့ ဇွန်လ ၈ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ လက်ရှိမှာတော့ ခမ်းပါတ်မြို့ထဲမှာ စစ်တပ်စစ်ကြောင်းတွေရှိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေနဲ့ မြေပြင်စစ်ကြောင်းထိုးမှုတွေဆက်ရှိနေတယ်လို့ သတင်းရရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းမြို့တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်း မိုင်းထိပြီး ရှေ့မတိုးနိုင်ဘူးလို့ ဒေသခံစစ်ရေး သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့၊ငါးထပ်ကြီးဘုရားအနီးမှာ ဒီနေ့မနက်ပိုင်းကစပြီး အခုသတင်း​ရေးသားချိန်အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ် တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာဩဂုတ်လ ၁၈ရက် မနက်ပိုင်းက တိုက်ပွဲတွင်း အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီ(SNA)ပူးပေါင်းတပ်က ၇ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းယူနိူင်တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook