Connect with us

Hi, what are you looking for?

အတွေးအမြင်

“တော်လှန်ရေးအရွေ့”

အရေးကြီးတာက နွေဦးရဲ့အရွေ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ လူထုရဲ့ တစုံလုံးဖြစ်မှုကို အားကောင်းအောင် မလုပ်ပေးနိုင်ကြသရွေ့ အိမ်နီးချင်းကရော အိမ်ဝေးကမ္ဘာဆီကပါ နွေဦးအပေါ် ထိခိုက်အောင် တတ်နိုင်နေဦးမှာ ဖြစ်ကြောင်းပါ။

(ဖားကန့် ​မှော်လှည့်သပိတ် နှင့်​ဒေသခံပြည်သူများစစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒထုတ်​ဖော်​နေကြ စဥ်။ဓါတ်ပုံ-ဖားကန့်​မှော်လှည့်သပိတ် )
"တော်လှန်ရေ(ဖားကန့် ​မှော်လှည့်သပိတ် နှင့်​ဒေသခံပြည်သူများစစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒထုတ်​ဖော်​နေကြ စဥ်။ဓါတ်ပုံ-ဖားကန့်​မှော်လှည့်သပိတ် )းအရွေ့"

မသီတာ-စမ်း​ချောင်း​ရေးသားသည်

၂၀၂၃ စက်တင်ဘာတုန်းက ‘၂၀၂၄ မလွန်မီ စည်းလုံးစွာ ရှေ့ဆက်ချီနိုင်ဖို့’ဆိုတဲ့ ဆောင်းပါးမှာ ”ကိုယ်ရွှေမြန်မာတွေအနေနဲ့ ကိုယ့်မြေပုံထဲမှာ ခေါင်းစိုက်ပြီး ၂၀၂၄ ကို ဖြတ်သန်းလို့ အဆင်မပြေလောက်ဘူးဆိုတာ ပြောချင်ပါတယ်။ ၂၀၂၄ နှစ်မကုန်ခင်မှာ တိကျပြတ်သားတဲ့ အရွေ့တစ်ခု ရနှင့်အောင် စစ်ကောင်စီကို တော်လှန်သူများအချင်းချင်းကြားမှာရော အာဏာရှင်မှန်သမျှ ဖြုတ်ချချင်ကြသူတွေကြားမှာပါ ဘယ်လိုနဲ့ ဘယ်လောက်ထိ စည်းလုံးကြမယ်(ညီညွတ်ရေးကိုတော့ ခဏဖယ်ထားလိုက်ပါဦးမယ်) ဆိုတာကို တွေးတောအားထုတ်နိုင်ကြစေဖို့ တိုက်တွန်းတောင့်တမိပါတယ်”လို့ ရေးခဲ့ပါတယ်။ အဓိကကတော့ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲတွေရဲ့ သက်ရောက်မှုတွေကို မျက်ခြည်မပြတ် ကြည့်ကြပြီး ကိုယ့်အရွေ့ကို မကြန့်ကြာ မနှောင့်နှေးအောင် ချိန်ဆ အားထုတ်နိုင်စေချင်ခဲ့တာပါ။

ဒါပေမဲ့ ၂၀၂၄ က မကြာမီ ကုန်တော့မှာဖြစ်ပြီး အိမ်နီးချင်းရဲ့ သက်ရောက်မှုတွေက ပိုပြီး ပြင်းထန်ထိရောက်လာနေတာကလည်း လက်ရှိတရား ဖြစ်နေပါတယ်။ တရုတ်၊ ထိုင်းဆိုတဲ့ အိမ်နီးချင်းတွေရဲ့ သက်ရောက်မှုဟာ နွေဦးအပေါ် တိုက်ရိုက်ရော သွယ်ဝိုက်ပြီးပါ ထိရောက်နေတာပါ။ ဒါတွေဟာ ရှောင်လွဲအောင် လုပ်လို့ မရနိုင်ဘူးလို့ ဆိုရခက်တဲ့ အနေအထားပါ။ တကယ့်ကို ၂၀၂၃ ခုနှစ်ကုန်ကတည်းက တိကျတဲ့ နိုင်ငံရေးလမ်းပြမြေပုံတစ်ခုကို အများသဘောတူ ရေးဆွဲပြီး ပြင်ဆင်နိုင်ခဲ့ရင် အခု သက်ရောက်နေမှုမျိုးနဲ့ မတူတဲ့ ထိရောက်မှုမျိုးကိုတော့ မြင်ကြရမှာပါ။

လတ်တလော အိမ်နီးချင်းထဲမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ပါကစ္စတန်မှာ ဖြစ်နေတာတွေကို ကြည့်ရင် သင်ခန်းစာတွေ ရနိုင်ပါတယ်။ ပါကစ္စတန်မှာ လူထုသဘောကျတဲ့ နိုင်ငံရေးသမား အင်မ်ရန်ခန်း လွတ်မြောက်ရေးအတွက် နိုင်ငံတကာအစည်းအဝေး ကျင်းပတဲ့ရက်နဲ့ ချိန်ကိုက်ပြီး လူထုလှုပ်ရှားမှုတွေ လုပ်နေကြတာဟာ ဗျူဟာမြောက်ဆက်ဆံဆက်သွယ်ရေးနည်းနာပါပဲ။ ဘင်္ဂလားဒေ့ရှ်မှာတော့ အခြေအနေက ပိုပြီးရှုပ်ထွေးပေမဲ့ ကိုယ့်လူထုလိုပဲ သူတို့လူထုရဲ့ ပိတ်မိနေတဲ့ အနေအထားတချို့ကို မြင်သာနေပါတယ်။ နိုဘယ်စီးပွါးရေးဆုရှင်ကြီးက ရွေးကောက်ခံ မဟုတ်တဲ့ သူ့ကြားဖြတ်အစိုးရသက်တမ်းတိုထဲမှာ နောက်တစ်ကြိမ် ဖြစ်လာတဲ့ မတည်ငြိမ်မှု၊ အကြမ်းဖက် ဖြေရှင်းမှုတွေအပေါ် တုံ့ပြန်ပုံဟာ စိတ်ဝင်စားစရာ ကောင်းသလို ကျောင်းသားလှုပ်ရှားမှုတွေနဲ့ နောက်ကွယ်က နိုင်ငံရေးပါတီတွေရဲ့ ကစားမှုတွေကို မြင်ရတာ စဉ်းစားစရာတွေ ရပါတယ်။

Public Service Announcement

Public Service Announcement

ဘင်္ဂလားဒေ့ရှ်ကြားဖြတ်အစိုးရက ရွေးကောက်ပွဲကို စနစ်တကျ ပြန်လုပ်ဖို့ လေးနှစ်လောက် အချိန်လိုမယ်လို့ ပြောလာချိန်ဟာ နိုင်ငံတွင်းက သတင်းထောက်တစ်ရာကျော်ကို လိုင်စင်ဖျက်သိမ်းပြီးချိန်နဲ့ နိုင်ငံရေးပါတီနောက်ခံ ကျောင်းသားအုပ်စုတွေကြား တင်းမာမှုနဲ့ ကိုယ်ထိလက်ရောက် ပဋိပက္ခတွေ ဖြစ်လာချိန် ဖြစ်နေတာပါ။ ဘင်္ဂလားဒေ့ရှ်လူထုဟာ နိုင်ငံတွင်းက သတင်းထောက်တစ်ရာကျော်ကို လိုင်စင်ဖျက်သိမ်းတဲ့ ယူနွတ်ကြားဖြတ်အစိုးရကို ဒီမိုကရေစီအတွက် ခြေလှမ်းမှားတွေ လုပ်နေပါလားလို့ မတုံ့ပြန်နိုင်ဘဲ ကျောင်းသားတစ်ယောက်ရဲ့ ဆေးဝါးကုသမှုပြဿနာပေါ်မှာ အခြေခံပြီး နိုင်ငံရေးပါတီနောက်ခံရှိတဲ့ ကျောင်းသားအုပ်စုက အင်အားသုံးတုံ့ပြန်မှုနောက်ကို လိုက်ပါပြီး အုပ်စုချင်းပဋိပက္ခနောက် လိုက်သွားပါတယ်။ အာဏာရှင်ဆန်တဲ့ အစိုးရဟောင်းကို ဆန့်ကျင်ဖြုတ်ချနိုင်ခဲ့တယ်လို့ ဂုဏ်ယူနေတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ဘယ်ကို ဦးတည်ပြီး ရွေ့နေသလဲဆိုတာဟာ ကိုယ်တွေအတွက် သင်ခန်းစာ ယူစရာပါပဲ။

တကယ်တော့ ဒီမိုကရေစီယဉ်ကျေးမှုဓလေ့ကို တနိုင်ငံလုံးအနေနဲ့ ဒါမှမဟုတ် လူ့အဖွဲ့အစည်းတခုလုံးအနေနဲ့ အသားမကျခဲ့ဘဲ နိုင်ငံရေးအစုအဖွဲ့တွေရဲ့ စည်းရုံးလှုံ့ဆော်မှုနောက်ကို လိုက်နေခဲ့တဲ့ လူ့အဖွဲ့အစည်းတစ်ခုမှာ လူကြီးပဲဖြစ်ဖြစ် လူငယ်ပဲဖြစ်ဖြစ် မျိုးဆက်အားလုံးအနေနဲ့ အရွေ့စစ်စစ်တစ်ခုကို ဆောင်ကြဉ်းဖို့ဆိုရင် အပြုအမူတွေ၊ အစီအမံတွေ ပြင်ရုံနဲ့ မလုံလောက်ဘဲ အတွေးအမြင်တွေ၊ အပြောအဆိုတွေပါ ပြင်ပါမှ ဖြစ်မှာပါ။

ခုတလော လူထုလှုပ်ရှားမှုတွေရဲ့ အခန်းကဏ္ဍကို ဆွေးနွေးကြတာတွေ ရှိပေမဲ့ လက်တွေ့ကျတဲ့ အကြံဉာဏ် ပေးတာမျိုးထက် ပြန်လှန်သုံးသပ်ဝေဖန်ငြင်းခုန်တဲ့ဘက်ကို ပိုအားသန်နေကြတာမျိုး တွေ့ရပါတယ်။ ဆွေးနွေးကြသူတွေထဲမှာ လက်တွေ့မြေပြင်မှာ လုပ်ကိုင်နေကြသူတွေထက် သဘောတရားရေးရာ ကျွမ်းကျင်လိမ္မာသူတွေက ပြန်လှန်သုံးသပ်ဝေဖန်ငြင်းခုန်တဲ့ဘက်ကို အားသန်ကြတာ မဆန်းပါဘူး။ မြေပြင်မှာ ရှိကြသူတွေကလည်း တိကျတဲ့ လမ်းစဉ်နဲ့ အရွေ့အတွက် လူထုက ဘာတွေ လုပ်နိုင်တယ်၊ လုပ်သင့်တယ်လို့ ပြောကြတာထက် မြေပြင်က အားနည်းချက်တွေအပေါ် တာဝန်ရှိသူတွေအနေနဲ့ တာဝန်ယူပေးဖို့ကို ပိုပြီးအဓိကထား ထောက်ပြကြပါတယ်။ ဒီတော့ တကယ့်အရွေ့အတွက် လူထုဟာ ဘာတွေ လုပ်ကြသင့်တယ်ဆိုတာ မြင်သာထင်သာ ရှိလာ သဘောပေါက်လာရမယ့်အစား ဝေဖန်သုံးသပ်သူတွေရဲ့ အပြောတွေကို နှစ်ထောင်းအားရ ဖြစ်ပြီး ငါတို့က တာဝန်ကြေသလောက် တာဝန်ရှိသူတွေက ညံ့ဖျင်းလို့ မရွေ့တာဘဲလို့ တရားခံရှာတတ်တာပဲ အဖတ်တင်မှာ စိုးရပါတယ်။

အိမ်နီးချင်း တရုတ်နဲ့ထိုင်းတွေက ဖိအားအမျိုးမျိုး ပေးလာတာဟာလည်း ဒီသက်ရောက်မှုမျိုးကိုပဲ ဦးတည်သွားတာကို တွေ့ရမှာပါ။ ပြည်တွင်းနိုင်ငံရေး၊စစ်ရေးအစုအဖွဲ့တွေကြား စည်းလုံးမှု မတည်ဆောက်နိုင်အောင် ဗျူဟာမြောက်အားထုတ်မှုကို စကစနဲ့အတူ အိမ်နီးချင်းတွေက အားထုတ်နိုင်နေတာ သေချာပါတယ်။ ဒီလိုပဲ တာဝန်ရှိသူတွေကြား လုံလောက်တဲ့ စည်းလုံးစုဖွဲ့မှု မရှိကြလို့ နွေဦးအရွေ့ဟာ တစ်နေတာပဲဆိုတဲ့ အမြင်လောက်ကိုပဲ အားလုံးက မြင်နေကြသရွေ့ နွေဦးဟာလည်း ဆက်မရွေ့နိုင်ဘဲ ဖြစ်နေမှာပါ။ လူထုဟာ အုပ်စုချင်းပဋိပက္ခနောက် သိစိတ်နဲ့ဖြစ်စေ မသိစိတ်နဲ့ဖြစ်စေ လိုက်ပါဖို့ အဆင်သင့်ဖြစ်နေပြီဆိုရင် ဒါမှမဟုတ် အဆင်သင့်ဖြစ်နေအောင် တနည်းနည်းနဲ့ ဖန်တီးကျုံးသွင်းခံနေရပြီဆိုရင် ထွက်ပေါက်မဲ့ပိတ်မိနေပြီလို့ ဆိုရမှာပါ။

ဒီတော့ လူထုအနေနဲ့ အုပ်စုအတွေးအခေါ်မျိုးထက် တစ်ဦးချင်းက နောက်ထပ်တစ်ဦးချင်းအပေါ် စာနာနားလည်မှု တည်ဆောက်ရေး လုပ်နိုင်အောင်ရော တနိုင်ငံလုံးအရွေ့အတွက် သဘောတရားရေးရာအရ မလွဲမှားဘဲ လွတ်လပ်စွာ ရွေးချယ်ရပ်တည်တတ်အောင်နဲ့ အမှောင်ခေတ်ကို အလင်းဓာတ် ကိန်းအောင်းပြီး ဖြတ်သန်းနိုင်စွမ်း ရှိအောင်ပါ လက်တွေ့ကျတဲ့ အစီအမံတွေ အကြံဉာဏ်တွေ ပေးကြဖို့ လိုပါမယ်။

စစ်မှုမထမ်း မနေရဆိုတဲ့ စကစရဲ့လက်နက်ဟာ လူထုကြားမှာ တစ်ဦးချင်းထွက်ပေါက်ရှာလိုစိတ်ကို မွေးဖွားပေးနိုင်လောက်အောင် အစွမ်းထက်ခဲ့ပါတယ်။ အာဏာကို ကိုးကွယ်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ အခြေခံဟာ အဲဒီတစ်ဦးချင်းထွက်ပေါက်ရှာလိုစိတ်ပါပဲ။ ဒါကြောင့် ငါ့မိသားစုဝင်မှ မဟုတ်ဘဲ ဘယ်သူမဆို မတရား စစ်သားစုဆောင်းခံရခြင်းရဲ့ သားကောင် မဖြစ်အောင် တစ်ဦးချင်းက နောက်ထပ်တစ်ဦးချင်းအပေါ် စာနာနားလည်မှု တည်ဆောက်ပြီး ဖြေရှင်းနိုင်မယ့် နည်းလမ်းမျိုးကို နွေဦး ဦးဆောင်သူတွေ၊ သဘောတရားရေးရာ ကျွမ်းကျင်သူတွေက အကြံပေးခဲ့သင့်ပါတယ်။ အဲဒီအစား စုဆောင်းပေးသူ အုပ်ချုပ်ရေးမှူးတွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ဆုံးဖြတ်တာ၊ အကြံပေးတာတွေက ပိုလွှမ်းမိုးခဲ့လေတော့ လူထုဟာ သူတို့အချင်းချင်းကြားက လက်တွဲထွက်ပေါက်ကို အတူတကွ မရှာဖြစ်ကြတော့ဘဲ ကြားက ဖြေရှင်းပေးသူတွေကို အားကိုးမှီခိုလာခဲ့ကြပါတယ်။ ဒါဟာ ဒီမိုကရေစီမဆန်လှတဲ့ အဆုံးအဖြတ်ပါပဲ။ (ခုမှ ဒီလိုပြန်သုံးသပ်ပြတာဟာ နောက်ကျနေပြီလို့ ဆိုနိုင်ပေမဲ့ ဒီဖြစ်စဉ်ဟာ ဆက်လက်ဖြစ်နေသေးတဲ့အတွက် သင်ခန်းစာယူပြီး ပြင်ဆင်တုံ့ပြန်နိုင်ကြသေးတယ်လို့ မြင်ပါတယ်။)

အဲဒီနမူနာကို ကြည့်ပြီးဆက်တွေးရရင် နွေဦးတစုံလုံးအရွေ့အတွက် တစ်စုချင်း ထွက်ပေါက်ရှာဖို့ ကြိုးစားတာဟာ အရွေ့မှားပဲလို့ ပြောရမှာပါ။ လက်တွဲထွက်ပေါက်ကို အတူတကွ ရှာကြဖို့ဆိုရာမှာလည်း နိုင်ငံရေး၊စစ်ရေးအစုအဖွဲ့တွေကြားမှာသာမက လူထုတခုလုံးကြားမှာပါ အဲဒီအတွေးအခေါ် ပေါ်ထွက်လာအောင်၊ အဲဒီအတွေးအခေါ်အပေါ် အခြေခံတဲ့ အပြောအဆို၊ အပြုအမူ၊ အစီအမံတွေ ဆက်တိုက်ရှိလာအောင် ကြိုးစားကြရမှာပါ။ ဒါကြောင့် နွေဦးမှာ အစုအဖွဲ့အခြေခံပြီး စဉ်းစားပြောဆိုနေကြတာတွေအပေါ် သတိထားပြီး ပြန်လည်သုံးသပ်ကြဖို့ လိုနေပါပြီ။ တစုတဖွဲ့ကို တာဝန်အရှိဆုံးဆိုတာမျိုး ပိုင်းခြားတာဖြစ်စေ၊ သစ္စာ ချို့လေသလားလို့ သံသယတွေ ကြီးပြတာဖြစ်စေ လူထုတစုံလုံးရဲ့ လွတ်လပ်စွာ ရပ်တည်ရွေးချယ်မှုအပေါ် သက်ရောက်နိုင်တာမို့၊ လက်တွဲထွက်ပေါက်ရှာလိုစိတ်အပေါ် ထိခိုက်နိုင်တာမို့ သတိထားကြဖို့ လိုပါမယ်။

အရေးကြီးတာက နွေဦးရဲ့အရွေ့အတွက် အခြေခံအကျဆုံးဖြစ်တဲ့ လူထုရဲ့ တစုံလုံးဖြစ်မှုကို အားကောင်းအောင် မလုပ်ပေးနိုင်ကြသရွေ့ အိမ်နီးချင်းကရော အိမ်ဝေးကမ္ဘာဆီကပါ နွေဦးအပေါ် ထိခိုက်အောင် တတ်နိုင်နေဦးမှာ ဖြစ်ကြောင်းပါ။

(ဖားကန့် ​မှော်လှည့်သပိတ် နှင့်​ဒေသခံပြည်သူများစစ်အာဏာရှင်ပြုတ်ကျ​ရေးဆန္ဒထုတ်​ဖော်​နေကြစဥ်။ဓါတ်ပုံ-ဖားကန့်​မှော်လှည့်သပိတ် )

ဆက်စပ်သတင်းများ