Connect with us

Hi, what are you looking for?

အတွေးအမြင်

ပုံသွင်းခံမလား၊ ပုံသွင်းမလား

မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ အာဏာသိမ်းသက်ရောက်မှုကို ခံရတဲ့ မြန်မာ့လူထုဟာ တရုတ်ရဲ့ တိုက်ရိုက်သက်ရောက်မှုရော၊ အာဆီယံဆီက တဆင့်ခံ သက်ရောက်မှုကိုရော၊ အမေရိကရဲ့ လက်ရှောင်ဗျူဟာသက်ရောက်မှုကိုရော၊ ရုရှရဲ့ ဖျာခင်းဗျူဟာသက်ရောက်မှုတွေကိုပါ စုပြုံခံစားနေကြရပါတယ်။

မသီတာ – စမ်း​ချောင်း​ ရေးသားသည်

ကမ္ဘာ့လတ်တလောအခင်းအကျင်းဟာ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကြားကာလလို အနေအထားကို ရောက်နေပြီလို့ နှစ်စပိုင်းက ရေးခဲ့ပြောခဲ့ပါတယ်။ အခုတော့ အဲဒီအနေအထားကို အတော်ကြီး ကျုံ့ဝင်လာရုံမက ကမ္ဘာ့စီးပွါးရေးဆုတ်ယုတ်မှုဆီကို ဦးတည်နေပြီလို့ ပညာရှင်တွေက ပြောလာကြပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်း ကျဆုံးသွားပြီး လိုကယ်လိုက်ဇေးရှင်းမှာတောင်မှ ရှေးရှေးကလို ‘ငါ့နိုင်ငံ ငါ့လူမျိုး ငါ့အကျိုးစီးပွါး’ဆိုတာကို ပိုပြီး ကြွေးကြော်လာချိန်ပေါ့။

ဒါကလည်း ကမ္ဘာ့ပုလိပ်ကြီး-ကယ်တင်ရှင်ကြီးလို နေခဲ့တဲ့ အမေရိကဟာ ရာဇဝတ်သားသမ္မတရဲ့ လက်အောက်မှာ အခြေခံလူ့ရပိုင်ခွင့်တွေကိုပါ စတေးပြီး ကိုယ်ကျိုးစီးပွါးအတွက် ရှေ့တန်းတင်လွန်းရာက ကမ္ဘာ့နိုင်ငံတွေရဲ့ ဆန့်ကျင်ပြစ်တင်ဖယ်ခွါမှုတွေကိုပါ ကြုံလာနေပါတယ်။ ကျူးကျော်စစ်ကြောင့် ကမ္ဘာ့အင်အားကြီးနိုင်ငံအဖြစ် ဆက်လက်လေးစားခံရမှု မရှိတော့တဲ့ ရုရှအနေအထားကလည်း အနာဂတ်မှာပါ သိပ်လူစွာမလုပ်နိုင်တော့မှာလည်း သေချာနေပါတယ်။ ဒီတော့ တရုတ်ဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံအနေအထားကို ပိုပြီးတည်ငြိမ်အောင် ထိန်းထားနိုင်သလို ဖြစ်နေပြန်ပါရော။အာဆီယံအနေနဲ့လည်း အနီးကပ် ဖိအားပေးနေတဲ့ တရုတ်ရဲ့ မီးစင်ကို ကြည့်ပြီး ကဖို့ကိုပဲ ရွေးချယ်ခွင့် ပိုရနေတာပေါ့။

ဒီလိုနဲ့ မြန်မာ့နွေဦးတော်လှန်ရေးနဲ့အတူ အာဏာသိမ်းသက်ရောက်မှုကို ခံရတဲ့ မြန်မာ့လူထုဟာ တရုတ်ရဲ့ တိုက်ရိုက်သက်ရောက်မှုရော၊ အာဆီယံဆီက တဆင့်ခံ သက်ရောက်မှုကိုရော၊ အမေရိကရဲ့ လက်ရှောင်ဗျူဟာသက်ရောက်မှုကိုရော၊ ရုရှရဲ့ ဖျာခင်းဗျူဟာသက်ရောက်မှုတွေကိုပါ စုပြုံခံစားနေကြရပါတယ်။ အနီးဆုံးဓားဖြစ်တဲ့ တရုတ်ရဲ့ ပြည်တွင်းနိုင်ငံရေးအပေါ် စွက်ဖက်မှုကို စကစရော နွေဦးတော်လှန်ရေးဘက်တော်သားတွေရော သာမန်လူထုကပါ ခံစားရတာက အလွန်အကျွံပဲ ဆိုပါတော့။ အဲဒီမှာ တရုတ်ဟာ မြန်မာနိုင်ငံကို ပုံသွင်းနေတာလို့ ပတ်ဝန်းကျင်က မြင်စရာပေါ့။ တရုတ်ရဲ့ ငြိမ်းချမ်းရေးခေါင်းစဉ်အောက်က ပြည်တွင်းစစ်ကို လီဗာတင်လိုက် ဘရိတ်နင်းလိုက် လုပ်နေမှုဟာလည်း နွေဦးဘက်တော်သားတွေကိုသာမက စကစကိုပါ အနေခက် အရှည်ခက်စေတာလည်း သေချာနေပါတယ်။

Public Service Announcement

Public Service Announcement

ဒီတော့ စကစဟာ တရုတ်ရဲ့ လောင်းရိပ်အပြင် ရုရှရဲ့ ဗောင်းရိပ်ကိုပါ ယူမှ သူ လုံခြုံမယ်လို့ တွေးပြီး ကြွက်မင်းထိုးဇာတ်နဲ့ မြှောက်ကာ ထားဝယ်ရေနက်ဆိပ်ကမ်းကို ထိုးအပ်လိုက်ပါတယ်။ နွေဦးဘက်တော်သားတွေနဲ့ မြန်မာ့လူထုဟာ နိုင်ငံသယံဇာတရင်းမြစ်အတွက် ပူပန်ရတာရော အနာဂတ်မှာ ဖြစ်လာနိုင်တဲ့ အင်အားကြီးနိုင်ငံများရဲ့ ဗျူဟာစစ်မှာ ငြိသထက်ငြိလာနိုင်မှာကိုပါ တွေးပူရတဲ့အဆင့် ဖြစ်လာပါပြီ။

ဒီနေရာမှာ သဘောမတူနိုင် သဘောမကျနိုင်တာကို အသာထားပြီး ထရမ့်ရဲ့ ဗျူဟာအခင်းအကျင်းကို စေ့ငုကြည့်ရအောင်ပါ။ အမေရိကဟာ တခြားနိုင်ငံတွေအပေါ် သူ့စိတ်ကြိုက်မဖြစ်ရင် လက်နက်အင်အားကိုပါ သုံးပြီး ဝင်ရှင်းခဲ့တဲ့အစဉ်အလာကနေ ထရမ့်လက်ထက်မှာ စီးပွါးရေးစစ်ဆင်နည်းပရိယာယ်ကို မဟာဗျူဟာအဖြစ် သုံးကာ သူ့စိတ်ကြိုက် ပုံသွင်းယူတာကို တွေ့ကြရပါတယ်။ ယူကရိန်းကို သူ ပုံသွင်းယူပုံဟာ နမူနာပေါ့။ ဒါဟာ စိတ်ဝင်စားစရာပါ။ ကျင့်ဝတ်မဲ့မှုတွေကို ဂရုမထားတဲ့ ထရမ့်ထောက်ခံရေးသမားတွေဟာ အဲဒီဗျူဟာရဲ့ သက်ရောက်မှုအပေါ်မှာ အားရနေတာကိုလည်း တွေ့ရမှာပါ။ တန်ပြန်သက်ရောက်မှုဖြစ်တဲ့ ပြည်တွင်းကုန်ဈေးနှုန်း တက်တာ၊ စတော့ရှယ်ယာဈေးကျတာ ဒါတွေကို လျစ်လျူရှုပြီး သူတို့က ရန်သူလို့ အသိအမှတ် ပြုထားတဲ့ တရုတ်အပေါ် ကျောနိုင်တော့မယ်လို့ ကြေနပ်နေကြတာလည်း ဖြစ်ပါတယ်။

ကိုယ့်အရေးဘက် ပြန်လှည့်ရရင် မြန်မာအနေနဲ့ တရုတ်ရဲ့ ပုံသွင်းတာကို ခံမလား၊ သူ့ကို ပြန်ပြီး ပုံသွင်းမလားဆိုတာကို ဆုံးဖြတ်ကြရမယ်လို့ မြင်ပါတယ်။ တရုတ်ဟာ စကစကို သဘောကျလှတာ မဟုတ်ပေမဲ့ သူ့ရဲ့ ရွေးကောက်ပွဲဆိုတဲ့ လှိမ့်လုံးကို ဝယ်ပြီး အပစ်အခတ် ရပ်စဲရေးကို ငြိမ်းချမ်းရေးလို့ သဘောထားကာ နွေဦးနဲ့ မဟာမိတ်တွေကို ပုံသွင်းယူနေတာ အသိသာကြီးပါ။ ဒါကို ဘယ်လိုဆန့်ကျင်တုံ့ပြန်မလဲဆိုတာကသာ ကိုယ်တို့ရဲ့ မဟာဗျူဟာ ဖြစ်ရမှာပါ။ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးဖို့ လိုတယ်ဆိုတဲ့ စဉ်းစားချက်နဲ့ ရွေးကောက်ပွဲနည်းနဲ့ အဖြေရှာဖို့ဆိုတဲ့ တိုက်တွန်းချက်ဟာ ကမ္ဘာ့ဘယ်နိုင်ငံကမဆို လိုက်ဝယ်မယ့် ဗျူဟာမှန်း သိလို့ တရုတ်ဟာ ဒီဘောင်ထဲကနေ သူ လိုချင်တာတွေကို ရအောင် လုပ်ယူနေတာပါ။ ကျားဖြန့်အရေး ဖြေရှင်းဖို့ဟာ သူ့အကျိုးစီးပွါးနဲ့ သက်ဆိုင်သလို ဒါကို ကိုင်တွယ်ရင်း မြန်မာကိုသာမက အာဆီယံကိုပါ သူ့ဩဇာကို ထဲထဲဝင်ဝင် ထူထောင်နိုင်မှာကိုး။

စကစကို သိသိသာသာကြီး ကျောထောက်နောက်ခံ လုပ်ပေးသလို နွေဦးနဲ့မဟာမိတ်တွေကို မစည်းလုံးနိုင်အောင် နည်းပေါင်းစုံနဲ့ ဟန့်တားနေပြီး သာမန်လူထုတွေရဲ့ ခံစားရမှုကို လျစ်လျူရှုနေတာပါ။ ဒါ့အပြင် ‘နင်တို့ တော်လှန်ရေးဘက်အခြမ်းက အမြော်အမြင် မရှိလို့ နင်တို့ ဒုက္ခရောက်နေတာ၊ ငါတို့ အကြံပေးသလို အပစ်ရပ်ပြီး ဆွေးနွေး၊ ရွေးကောက်ပွဲ လုပ်တာကို ပူးပေါင်းပေါ့’ဆိုတဲ့ လေသံကလည်း ဟစ်ပါသေးတယ်။ ခက်တာက အာဆီယံအပါအဝင် ကျန်နိုင်ငံတွေက သူ့ကို တန်ပြန်ပုံမသွင်းနိုင်တော့ သူ ပုံသွင်းတာကို ခံနေသလို ဖြစ်ပြီးသားမို့ ကိုယ်တွေအတွက် အဖြေခက်နေသလိုပါ။

ဒါပေမဲ့ စီးပွါးရေးလောကမှာ တရုတ်လုပ်ငန်းရှင်တွေကို မြန်မာကုန်သည်တွေက ပြန်ပြီးပုံသွင်းခဲ့တာမျိုး ရှိတာကို ပြန်စဉ်းစားကြည့်ရအောင်ပါ။ တရုတ်ပစ္စည်းတွေဟာ ဈေးချိုပေမဲ့ အရည်အသွေး ညံ့လွန်းတယ်လို့ ပြောကြတဲ့အခါ တရုတ်လုပ်ငန်းရှင်တွေက ‘အဲဒါ နင်တို့ မြန်မာကုန်သည်တွေကပဲ တောင်းဆိုတာလေ။ ဈေးသက်သာပစေ အရည်အသွေး ညံ့ချင်ညံ့လို့ ပြောခဲ့တာကိုး။ ငါတို့က ဈေးနှုန်းအလိုက် ထိုက်တန်တဲ့ အရည်အသွေးကို ထုတ်ပေးနိုင်စွမ်း ရှိမှရှိ’လို့ ပြန်ပြောခဲ့ကြဖူးပါတယ်။

ဒီလိုပါပဲ။ တရုတ်နဲ့ ပတ်သက်ရင် ဆန့်ကျင်မယ်၊ ကန့်ကွက်မယ်၊ အထင်သေးမယ်၊ နှိမ်ချမယ်ဆိုတာ မြန်မာကသာမက အနောက်ကမ္ဘာကလူတွေကပါ ခံယူထားတဲ့ သဘောထားမျိုး ဖြစ်နေပါတယ်။ ဥရောပကလူတွေကို တရုတ်နဲ့ပတ်သက်ပြီး စစ်အေးခေတ်ကအတိုင်း ဆက်လက်ရှုမြင်နေကြရင် လက်တွေ့မကျဘဲ မှားသွားနိုင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ တရုတ်ကို ရန်သူလို့ သတ်မှတ်ဖို့ထက် သူ့ရဲ့ စွမ်းအားကြီးလာမှု၊ မသိမသာ ပြုပြင်ပြောင်းလဲမှု၊ ဖြန့်ကြက်တွေးတောရင်းနှီးမြှုပ်နှံနိုင်မှု၊ ကိုယ်ပိုင်မူနဲ့ ထူထောင်နိုင်စွမ်း ဒါတွေကိုတော့ လျစ်လျူရှုလို့ မရဘူးလို့ မြင်ပါတယ်။ သူ့ကို သဘောမကျရင်၊ သူ ပုံသွင်းတာ မခံနိုင်ရင် သူ့ကို ကိုယ့်ဘက်က ပြန်ပြီး ပုံသွင်းဖို့ ကြိုးစားတဲ့နည်းနဲ့ပဲ ရင်ဆိုင်လို့ရတော့မယ့် အနေအထားအထိ သူဟာ စူပါပါဝါ ဖြစ်နေပြီဆိုတာကိုလည်း လက်ခံရမယ်လို့ ပြောဖြစ်ခဲ့ပါတယ်။

အဲဒီအတိုင်းပါပဲ။ ကိုယ်တို့က တရုတ်ရဲ့ ပုံသွင်းတာကို ခံနေရလို့ဆိုပြီး စိတ်ဆိုးမာန်ဆိုးနဲ့ ဆန့်ကျင်ကန့်ကွက်နေလေ တရုတ်က နွေဦးနဲ့မဟာမိတ်တွေကို ဆက်ဆံရခက်တဲ့ ဒေါသကုမ္မာရတွေလို့ မြင်လေပေါ့။ ခုတစ်မျိုး တော်ကြာတစ်မျိုးနဲ့ ဘာမူဝါဒမှ မရှိပေမဲ့ ဖိအားပေးရင် ပေးသလောက် ပြန်ပူးပေါင်း(အမှန်က ဒူးညွတ်)ဖို့ ဝန်မလေးတဲ့ စကစကိုတော့ ပြောဆိုညှိနှိုင်းလို့ ရသေးသူလို့ မြင်နေပြန်တယ်။ တကယ်လည်း နွေဦးဘက်က အန်ယူဂျီ၊ အန်ယူစီစီ၊ စီအာရ်ပီအိပ်ချ်၊ ပီဒီအက်ဖ်၊ စီအက်စ်အို၊ လူထု စတဲ့ အလွှာအဖွဲ့အသီးသီးက တရုတ်ကို ပေးတဲ့ မက်ဆေ့ချ်ဟာ တစ်သံတည်း ဖြစ်နေတာကိုက တရုတ်အတွက် ပြဿနာပါ။ အဲဒီတစ်သံတည်းက ‘တရုတ် အလိုမရှိ။ တရုတ်ဟာ ငါတို့ကိုပဲ ထောက်ခံမှ ဖြစ်မယ်’ဆိုတာကိုး။ ဒီဘက်မှာ လေသံလေး နည်းနည်းတောင် မကွဲတော့ ဒီအစုအဖွဲ့အားလုံးဟာ သူ့အတွက် ရွေးချယ်ဆက်ဆံစရာလို့ သူ မြင်ဖို့ ခက်ပုံပါ။ ဒီလိုနဲ့ ခုတစ်မျိုး တော်ကြာတစ်မျိုး ဖြစ်ပေမဲ့ အဲဒီထဲက တစ်မျိုးမှာ ‘တရုတ်ကို ဆွေမျိုးပေါက်ဖော်လို သဘောထားကြောင်း’ဘာညာနဲ့ ညာချနေတဲ့ စကစကို ဆက်ဆံရတာက ပိုပြီး သက်သာရာရတယ်လို့ ယူဆသလားပဲ။ အဆင်ပြေချိန်ဆို ဘာဆိုဘာမှ စောဒက မတက်ဘဲ ပစ်ပြီး ထောက်ခံနေတဲ့ စကစကိုး။ နွေဦးနဲ့ မဟာမိတ်တွေကလည်း အဆင်ပြေသလိုရှိခဲ့ချိန်မှာတောင် တရုတ်ရဲ့ တခြားအရေးကိစ္စတွေမှာ ပြုမူပုံကိုလည်း နိုင်ငံတကာစံတွေနဲ့ ထောက်ပြပြီး ကင်တာမျိုးတွေကို အစုအဖွဲ့အားလုံးက တပြေးညီ တပြိင်နက် လုပ်ကြတယ်လေ။

အက်တာလို့ ခေါ်တဲ့ ဆောင်ရွက်ရသူတွေမှာ ကိုယ့်အခန်းကဏ္ဍ၊ ကိုယ့်နေရာအလိုက် သင့်လျော်တဲ့ ဗျူဟာတွေနဲ့ ဆောင်ရွက်ရတာဟာ ဗျူဟာမြောက်ဆက်ဆံရေးပါ။ တရုတ်နဲ့ ပတ်သက်ပြီး လူထုအဆင့်၊ အစိုးရအဆင့်၊ လွှတ်တော်အဆင့်၊ တက်ကြွလှုပ်ရှားသူအဆင့်၊ စီးပွါးရေးလုပ်ငန်းရှင်အဆင့်ဆိုတာမျိုး အမျိုးမျိုးက ကိုယ့်အခန်းကဏ္ဍ၊ ကိုယ့်နေရာအလိုက် သင့်လျော်တဲ့ တုံ့ပြန်ဆက်ဆံမှုတွေကို ဗျူဟာမြောက် လုပ်သွားရင် တရုတ်ရဲ့ ကိုယ့်အပေါ် ဆက်ဆံရေးကို ကိုယ်က တဖန်ပြန်ပြီး ပုံသွင်းပေးသလို ဖြစ်လာနိုင်တာကို သတိပြုကြစေချင်ပါတယ်။ လူထုအဆင့်က ငြင်းဆန်ကန့်ကွက်တာမျိုး၊ တက်ကြွလှုပ်ရှားသူအဆင့်က ဆတ်ဆတ်ထိမခံ ပေါက်ကွဲတုံ့ပြန်သလိုမျိုး အစိုးရတို့ လွှတ်တော်တို့ကပါ လိုက်လုပ်နေရင် တရုတ်ရဲ့ အမြင်မှာ နွေဦးဘက်ခြမ်းကတော့ စကားပြောဆက်ဆံနိုင်လောက်တဲ့အစုရယ်လို့ မရှိပါဘူးလို့ တွေးနိုင်တာပေါ့။ တရုတ်အတွက် ဒီဘက်အခြမ်းမှာ ရွေးပြီး ဆက်ဆံနိုင်မယ့် အစုအဖွဲ့ဆိုတာ ငယ်မွေးခြံပေါက်လက်နက်ကိုင်အစုအဖွဲ့တွေပဲ ရှိတယ်လို့ မြင်နေအောင် ကိုယ့်ဘက်က ပုံသွင်းပေးနေမိသလားဆိုတာလည်း ပြန်စဉ်းစားကြရမှာ ဖြစ်ပါတယ်။

ကိုယ်က ဈေးချိုရင်ပြီးရော ခပ်ညံ့ညံ့ပဲ ထုတ်ပေးလို့ ပြောလိုက်သယောင် သတင်းစကားမျိုးကို တရုတ်က ရမသွားဖို့ အရေးကြီးပါတယ်။ ကိုယ် လိုချင်တဲ့ အရည်အသွေးအတွက် ကိုယ့်ဘက်က ကြေးကြီးကြီးလည်း တတ်နိုင်ကြောင်း သတင်းစကားပါးပြီးပဲ တရုတ်ရဲ့ ပြုမူဆက်ဆံပုံအချို့ကို ပြန်လည်ပုံသွင်းသင့်တယ်လို့ မြင်ပါတယ်။ တကယ်တော့ ဘယ်အင်အားငယ်နိုင်ငံမဆို အင်အားကြီးနိုင်ငံတွေရဲ့ ပုံသွင်းတာကို ခံရဖို့ အလားအလာဟာ သိပ်များပါတယ်။ ဒါပေမဲ့ ဗျူဟာကျကျ ပြင်ဆင်ပြီး အမြော်အမြင်ရှိရှိ စုဖွဲ့ကာ သူ့နေရာအလိုက် သူ့အခန်းကဏ္ဍအလိုက် ပန်းတိုင်တူရလဒ်အတွက် ဆက်သွယ်ဆက်ဆံရေးနည်းပရိယာယ်အသွယ်သွယ် ထားပြီး ဆောင်ရွက်နိုင်ကြမယ်ဆိုရင်တော့ ကိုယ်တွေကတဖန် ပြန်ပြီး ပုံသွင်းယူနိုင်ဖို့ အလားအလာလည်း ရှိနိုင်နေကြောင်းပါ။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီစတာ ပွဲတော်ကာလမှာ ရုရှားနဲ့ ယူကရိန်းတို့ကြား ယာယီ အပစ်အခတ် ရပ်စဲထားမှု သက်တမ်း ဆက်မတိုးဖြစ်ဘဲ ပြီးဆုံးသွားခဲ့ပါတယ်။

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေးအမိန့်ကြေညာမှု နောက်ဆက်တွဲ အဖြစ် ရာထူးကနေ သမ္မတ ယွန်ဆွတ်ခ်ယော ဖယ်ရှားခံရပြီးနောက် လစ်လပ်သွားတဲ့ တောင်ကိုရီးယားနိုင်ငံခေါင်းဆောင်နေရာအတွက်ကြားဖြတ် ရွေးကောက်ပွဲကို လာမယ့် ဇွန်လ ၃ ရက် မှာကျင်းပမှာပါ။

အတွေးအမြင်

လားရှိုးကိစ္စဟာ မြန်မာ့ ပြည်တွင်းစစ်မှာ တရုတ်ကခိုးကြောင်ခိုးဝှက်မဟုတ်ဘဲ ပေါ်ပေါ်ထင်ထင် ကြားဝင်စွက်ဖက်ခဲ့တဲ့၊ ပြီးတော့ သက်ရောက်မှု ကြီးမားတဲ့ အရွေတစ်ခုဖြစ်ပါတယ်။

အတွေးအမြင်

ကမ္ဘာကြီးမှာ နိုင်ငံအသီးသီးဟာ ကိုယ်ကျိုးစီးပွါးကို အခြေခံတဲ့ ရပ်တည်ချက်တွေကို ဦးစားပေးလာကြပြီး ကမ္ဘာကြီးတခုလုံးရဲ့ တည်ငြိမ်တိုးတက်ရေးအကျိုးစီးပွါးအလို့ငှာ အမြော်အမြင်တွေကို မျက်ကွယ်ပြုလာကြပါတယ်။