-People’s Spring ဘာသာပြန်သည်။
ကိုယ်တိုင်ကတစ်ပါတီတည်းအာဏာကိုချုပ်ကိုင်တဲ့ စနစ်ကိုကျင့်သုံးနေပေမယ့်အိမ်နီးချင်း မြန်မာနိုင်ငံမှာတော့ ပါတီစုံ ရွေးကောက်ပွဲတစ်ခု ပေါ်ထွန်းလာရေးဟာ တရုတ်အတွက် အရေးကြီးတဲ့ အခင်းအကျင်း တစ်ခုဖြစ်တယ်လို့ New York Times သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်နေ့ကစလို့ အပိုင်းလိုက် ကျင်းပမယ့် စစ်တပ်ရွေးကောက်ပွဲဟာ လွတ်လပ်မှုနဲ့ တရားမျှတမှု လုံးဝ ကင်းမဲ့နေမှန်း နားလည်ထားတဲ့တိုင် တရုတ်ကတော့ အတိအလင်း ထောက်ခံ အားပေးနေပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်က အဲဒီ ရွေးကောက်ပွဲကနေတဆင့် နိုင်ငံတကာ အသိအမှတ်ပြုမှု အတိုင်းအတာ တစ်ခုထိ ရရှိဖို့ မျှော်လင့်နေပါတယ်။ တရုတ် အတွက်ကတော့ မြန်မာနိုင်ငံမှာရှိနေတဲ့ ရင်းနှီးမြှုပ်နှံမှု၊ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့အတွက် အဲဒီ ရွေးကောက်ပွဲကို လိုလား အားပေးနေတယ်လို့ New York Timesက ဖော်ပြခဲ့ပါတယ်။
၂၀၂၀ မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတုန်းက အမေရိကန်ဟာ မြန်မာရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ခြေလှမ်းတွေအတွက် အထူးတလည် အားပေးခဲ့ပါတယ်။ မဲဆန္ဒရှင်တွေအတွက် ပညာပေးတာတွေ၊ အရပ်ဖက် လူမှုရေးဆိုင်ရာ ပရိုဂရမ်တွေနဲ့ အမေရိကန်က ပံ့ပိုးခဲ့ပါတယ်။ အဲဒီရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)က သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရခဲ့ပေမယ့်လည်း သိပ်မကြာခင်မှာပဲ စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။ မြန်မာနိုင်ငံဟာ စစ်တပ်အုပ်စိုးမှုအောက် တကျော့ပြန် ရောက်ရှိသွားတဲ့အခါ အမေရိကန်ကလည်း မြန်မာနဲ့ ဆက်ဆံရေးကို လျှော့ချခဲ့ပါတယ်။

Public Service Announcement
အခုတော့မြန်မာနိုင်ငံဟာနောက်ထပ်ရွေးကောက်ပွဲ တစ်ခုအတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲကို အာဏာသိမ်း စစ်တပ်က ခြယ်လှယ် ကြိုးကိုင်ထားပြီး စစ်တပ် ဩဇာ ဖြန့်ကျက်နိုင်တဲ့၊ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေမှာပဲ မဲရုံတွေ ဖွင့်လှစ်မှာပါ။ တော်လှန်ရေး အားကောင်းတဲ့၊ တော်လှန်ရေး အင်အားစုတွေ ကြီးစိုးထားတဲ့ နယ်မြေတွေမှာတော့ ရွေးကောက်ပွဲ ကျင်းပနိုင်မှာ မဟုတ်ပါဘူး။
ကုလသမဂ္ဂက အဲဒီ ရွေးကောက်ပွဲကို စစ်မှန်ခိုင်မာမှု မရှိတဲ့ အတုအယောင်လို့ ဝေဖန်ထားပါတယ်။ ဒီအရှိတရားကိုတရုတ်ကကောင်းကောင်းသိပေမယ့်လည်း ရွေးကောက်ပွဲကိုဆက်ပြီးထောက်ခံနေသလို ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့တွေ စေလွှတ်ပေးဖို့လည်း စီစဉ်ထားပါတယ်။
ပထဝီဝင် အနေအထားအရ မြန်မာဟာတရုတ်အတွက် အရေးကြီးပါတယ်။ အိန္ဒိယ သမုဒ္ဒရာ ထွက်ပေါက် ရရှိစေဖို့အတွက် မြန်မာနိုင်ငံက တရုတ်ကို ကောင်းကောင်းကြီးအထောက်အပံ့ရစေပါတယ်။ မြန်မာနိုင်ငံမှာ တရုတ်ဟာ ဒေါ်လာ ဘီလီယံနဲ့ချီ အသုံးပြုပြီး ဆိပ်ကမ်းတွေ၊ လမ်းတွေ၊ စွမ်းအင်စီမံကိန်းတွေ အပါအဝင် အခြေခံ အဆောက်အအုံတွေ အများအပြားကို ရင်းနှီးမြှုပ်နှံထားပါတယ်။ ဒါပေမဲ့ အာဏာသိမ်းမှု နောက်ဆက်တွဲဖြစ်ပေါ်လာတဲ့လက်နက်ကိုင် ပဋိပက္ခတွေက တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှု စီမံကိန်းတွေကို ခြိမ်းခြောက်လာပါတယ်။ တရုတ်ရဲ့ အမြင်မှာတော့ စစ်တပ်က ကြီးမှူးတဲ့ ရွေးကောက်ပွဲဟာ ဒေသအလိုက် တည်ငြိမ်မှုတွေကို အတိုင်းအတာ တစ်ခုလောက် ယူဆောင်ပေးနိုင်မယ်လို့ မျှော်လင့်စရာ ဖြစ်စေပြီး အဲဒီအခါ စီမံကိန်းတွေ ဆက်ပြီး လည်ပတ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲတုန်းက အမေရိကန်က ပံ့ပိုးခဲ့သလို ၂၀၂၅ ရွေးကောက်ပွဲမှာတော့ တရုတ်က နည်းပညာပိုင်း၊ ငွေကြေးပိုင်းကနေ စစ်တပ်ကို ကူညီပေးထားပါတယ်။တစ်ပါတီအာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့တရုတ်ကွန်မြူနစ်ပါတီက အိမ်
နီးချင်း နိုင်ငံတစ်ခုရဲ့ ပါတီစုံ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် အင်နဲ့အားနဲ့ ကူညီနေတယ် ဆိုတာက ထူးဆန်းသလို ဖြစ်နေပေမယ့် လေ့လာသူတွေကတော့ တရုတ်ဟာ တခြားရွေးချယ်စရာလည်း သိပ်မရှိဘူးလို့ ထောက်ပြခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့တရုတ်ဟာမြန်မာမှာနိုင်ငံတကာ အဖက်လုပ် ဆက်ဆံလောက်အောင် တရားဝင်မှုရှိတဲ့ အစိုးရတစ်ရပ် ပေါ်ထွန်းနေစေချင်တာကြောင့်လို့ New York Timesက ဆိုပါတယ်။
ဒါပေမဲ့ တရုတ်ဟာ မြန်မာ့ နိုင်ငံရေးမှာ စစ်တပ်ဖက်ကိုပဲ ပုံအောပြီး ထောက်ခံနေတာမျိုး မဟုတ်ပြန်ပါဘူး။ တရုတ်ဟာ နယ်စပ်တလျှောက်မှာရှိတဲ့ တချို့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို လက်နက်တပ်ဆင်ပေးထားပြီး အင်အားချိန်ခွင်ကို ပြန်ညှိထားပါတယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ ရွေးကောက်ပွဲတစ်ခု မြန်မာနိုင်ငံမှာ ကျင်းပနိုင်ဖို့ တရုတ်က ကြိုးစားနေပေမယ့် တရုတ်ရဲ့ တကယ့် လိုလားချက်က တည်ငြိမ်ရေးပါ။ ဒီမိုကရေစီမဟုတ်ပါဘူး။NLDအပါအဝင် နိုင်ငံရေးပါတီ အတော်များများဟာ ရွေးကောက်ပွဲကို သပိတ်မှောက်တာ၊ ပိတ်ပင်ခံရတာတွေကြောင့် ဝင်မပြိုင်ကြပါဘူး။
တော်လှန်ရေး အစိုးရဖြစ်တဲ့ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ အတိုက်အခံ အင်အားစု အများအပြားကပြည်သူတွေအနေနဲ့ရွေးကောက်ပွဲကိုသပိတ်မှောက်ကြဖို့တောင်းဆိုနေကြပါတယ်။ ရွေးကောက်ပွဲကြောင့် စစ်မှန်တဲ့ အရပ်သား အစိုးရတစ်ရပ် အာဏာရလာမှာ မဟုတ်ဘဲ စစ်တပ်ကပဲ ဆက်ပြီး ကြီးစိုး ထိန်းချုပ်ထားလိမ့်မယ်လို့ အားလုံးက ပြောပါတယ်။
စစ်တပ်ဖက်ယိမ်းတဲ့ ပါတီတချို့ကတော့ ဗဟို ချုပ်ကိုင်မှု ခိုင်မာအောင် ဆက်လက် ထိန်းသိမ်းထားရင်း ရွေးကောက်ပွဲတွေကို ကောင်းကောင်း စီမံနိုင်အောင်တရုတ်ဆီကနေ သင်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီတော့ မြန်မာနိုင်ငံဟာဒီမိုကရေစီ စနစ်ဆီ ခြေတစ်လှမ်းချင်းစီ ဖြည်းဖြည်းနဲ့မှန်မှန် တိုးသွားနိုင်တယ်လို့ သူတို့က ကာကွယ် ပြောဆိုထားကြပါတယ်။
တရုတ်ဖက်ကလည်း ၂၀၂၅ ရွေးကောက်ပွဲကို ၂၀၁၀ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်ပြတဲ့ သဘောမျိုး လေသံလွှင့်လာနေပါတယ်။ အဲဒီတုန်းကလည်း လွတ်လပ်မှု၊တရားမျှတမှုမရှိဘူးလို့ကျယ်ကျယ်ပြန့်ပြန့် ဝေဖန် ခံခဲ့ရပေမယ့် အကျိုးဆက် အနေနဲ့ အကန့်အသတ်နဲ့ပြုပြင်ပြောင်းလဲမှုတွေ၊ အနောက်နိုင်ငံတွေနဲ့ ပြန်လည် ထိတွေ့မှုတွေကို စတင်နိုင်ခဲ့ပါတယ်။
မြန်မာစစ်တပ်ဟာ အခြေအနေအရ တရုတ်နဲ့ ထိတွေ့ ဆက်ဆံနေရ၊ အားကိုးမှီခိုနေရပေမယ့် တရုတ်ကို အပြည့်အဝ မယုံကြည်ပါဘူး။ နယ်စပ်အခြေစိုက် တိုင်းရင်းသား တပ်ဖွဲ့တွေနဲ့ တရုတ်က ဆက်ဆံနေတာအပါအဝင်နှစ်နိုင်ငံကြား အငြင်းပွားစရာ အခြေအနေ တချို့ကလည်း စစ်တပ်ကို စိတ်မသက်မသာ ဖြစ်စေပါတယ်။ဒါကြောင့်လည်း စစ်တပ်ဟာ ရုရှားနဲ့ ဆက်ဆံရေးကို မြှင့်တင်ရင်း တရုတ်အပေါ် မှီခိုမှုကို လျှော့ချဖို့ ကြိုးစားနေပါတယ်။အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ တရုတ်ထက်ရုရှားကိုတောင်ပိုပြီး အကြိမ်ရေများများ သွားရောက်ခဲ့ပါတယ်။
ရွေးကောက်ပွဲဟာ တရုတ်ရဲ့ လိုလားချက်တွေနဲ့ ပိုပြီး အကြောင်းညီညွတ်စွာ ကျင်းပတာ ဖြစ်ပေမယ့် အနာဂတ်မှာ အနောက်နိုင်ငံတွေနဲ့ မြန်မာကြား ထိတွေ့ဆက်ဆံမှုတွေပြန်တည်ဆောက်နိုင်မယ့် အခွင့်အလမ်းမျိုး ရှိနေဆဲလို့ လေ့လာသူတွေက ယုံကြည်နေပါတယ်။ ပြီးတော့ အနောက်နိုင်ငံတွေက အလွန်အကျွံ ဆက်ပြီး မျက်ကွယ်ပြုထားမယ်ဆိုရင် တရုတ်ရဲ့ လွှမ်းမိုး ခြယ်လှယ်မှုအောက်မှာ မြန်မာရဲ့ မတည်ငြိမ်မှုတွေက ပိုပြီး ဆိုးရွားလာနိုင်ကြောင်း သူတို့က သတိပေးထားပါတယ်။ ။
ကိုးကား-New York Times
(New Yourk Times သတင်းစာမှာ “ Why China, a One-Party State, Is Backing Elections in This Country” ဆောင်းပါးကို ဆီလျှော်အောင် ဘာသာပြန်ဆိုဖော်ပြထားပါတယ်)

















































