ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေအတွက် ကာကွယ်ဆေး ထောက်ပံ့နိုင်စွမ်း နည်းပါးနေတာကြောင့် ကိုဗစ်ကပ်ရောဂါ ကာလဟာ ဖြစ်သင့်တာထက် တစ်နှစ်လောက် သက်တမ်း ပိုကြာသွားတော့မယ်လို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က သတိပေးခဲ့ပါတယ်။
WHOရဲ့ အကြီးတန်း အရာရှိ တစ်ဦးဖြစ်သူ ဒေါက်တာ ဘရုစ် အဲလ်ဝက်ဒ်က ၂၀၂၂ ခုနှစ်မှာလည်း ကပ်ရောဂါ တွင်းနက်ထဲ တရွတ်တိုက် ဆွဲချသွားတာမျိုး အလွယ်တကူ ကြုံလာနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။ အာဖရိကလို ဖွံ့ဖြိုးမှု နောက်ကျနေတဲ့ ဒေသတွေမှာ ကာကွယ်ဆေး အလုံအလောက် မရရှိခြင်းက ကပ်ရောဂါ အရှိန်လျော့သွားမယ့် ကာလ ရောက်လာဖို့ အနည်းဆုံး တစ်နှစ်လောက် နှော့င့်နှေးသွားစေနိုင်ကြောင်း သူက ဆိုပါတယ်။
အာဖရိက နိုင်ငံတွေရဲ့ လူဦးရေ စုစုပေါင်း ၅ ရာခိုင်နှုန်းလောက်သာ ကာကွယ်ဆေး ထိုးနှံထားရပြီး တခြားတိုက်ကြီးတွေမှာတော့ အနည်းဆုံး ပျမ်းမျှ လူဦးရေ ၄၀ ရာခိုင်နှုန်းဟာ ကာကွယ်ဆေး ထိုးပြီး ဖြစ်နေပါတယ်။
WHOက ဦးစီးပြီး ဆင်းရဲနွမ်းပါးတဲ့ နိုင်ငံတွေဆီ ကာကွယ်ဆေးတွေ ဖြန့်ကျက် ဝေငှပေးမယ့် Covax စီမံကိန်းကလည်း ၂၀၂၁ ခုနှစ်ထဲမှာ အကြောင်းအမျိုးမျိုးကြောင့် မျှော်မှန်း အဆင့်ထိ မအောင်မြင်ခဲ့ပါဘူး။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ကာကွယ်ဆေးတွေ ပိုလျှံနေပေမယ့် အရေးတကြီး လိုအပ်နေတဲ့ နိုင်ငံငယ်တွေမှာ ဆေးမရတဲ့ မညီမမျှ အခြေအနေအပေါ် WHOက အတိအလင်း ဝေဖန်ခဲ့ဖူးပါတယ်။ အာဖရိကတိုက်မှာ ကာကွယ်ဆေး ထိုးနှံထားသူ အရေအတွက်ဟာ တစ်ကမ္ဘာလုံးက ဆေးထိုးပြီးသူ စုစုပေါင်းရဲ့ ၂.၆ ရာခိုင်နှုန်းသာ ရှိပါတယ်။

Public Service Announcement
ဒေါက်တာ အဲလ်ဝက်ဒ်က တစ်ကမ္ဘာလုံး နေရာအနှံ့မှာ ကာကွယ်ဆေး ထိုးနှံမှု မညီမျှသေးသ၍ ကပ်ရောဂါ ဆုံးခန်းတိုင်သွားဖို့ မလွယ်ကြောင်း ပြောပါတယ်။ Covaxရဲ့ ရည်ရွယ်ချက်တွေကို ကြိုးစား အကောင်အထည် ဖော်နေပေမယ့် မျှော်မှန်းထားတဲ့ လမ်းကြောင်းအတိုင်း ဖြစ်မနေသေးတာကို အားလုံး သိစေချင်ကြောင်း၊ ကာကွယ်ဆေး စီမံကိန်းတွေ ပီပီပြင်ပြင် အကောင်အထည် မဖော်နိုင်ရင် ကပ်ရောဂါဟာ ဖြစ်သင့်တာထက် တစ်နှစ်လောက် ပိုကြာညောင်းသွားနိုင်ကြောင်း သူက မှတ်ချက် ပေးခဲ့ပါတယ်။
Covaxဟာ မူလက ၂၀၂၁ အကုန်မှာ ကာကွယ်ဆေး အလုံးရေ ၂ ဘီလီယံထိ ဖြန့်ကျက် တင်ပို့ပေးနိုင်ဖို့ မျှော်လင့်ထားခဲ့ပေမယ့် လက်ရှိ အချိန်ထိ ဆေးအလုံးရေ ၃၇၁ သန်းကိုသာ နိုင်ငံငယ်တွေဆီ မျှဝေ ပေးပို့ထားနိုင်သေးကြောင်း သိရပါတယ်။


















































