Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

“စစ်ကောင်စီက မြို့ပြကိုလက်မလွှတ်ရဖို့ အသည်းအသန်လုံးပန်းနေရတဲ့အခြေအနေပဲ”

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကို  လူထုနွေဦးသတင်း ဌာနက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်ကို  လူထုနွေဦးသတင်း ဌာနက ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။ 

◉ မင်္ဂလာပါရှင့် ပထမဆုံးမေးချင်တာကတော့ NUG  အနေနဲ့ နိုင်ငံကို အရေးပေါ်အခြေအနေ ကြေညာပြီးချိန်ကစလို့ ၃ လတာကာလအတွင်း နိုင်ငံအဝန်းခုခခံတော်လှန်ရေးခရီးအပေါ်ဝန်ကြီးအနေနဲ့ ဘယ်လိုများရှုမြင်ပါသလဲ။  

ကျွန်တော်တို့ ပြည်သူ့တွန်းလှန်ခုခံစစ် ပြည်သူ့တော်လှန်ရေးကတော့ သူ့အစီအစဥ်အတိုင်း သွားနေတယ်လို့ ပြောလို့ရပါတယ်။ လတ်တလောစစ်ရေးရည်မှန်းချက်တွေကိုလည်း ရောက်ရှိအောင်ဆောင်ရွက်နိုင်နေတယ်။ မဟာဗျူဟာအရဆိုရင်တော့ ကျွန်တော်တို့လက်စွဲပြုရတာ ပြည်သူ့စစ်မှာ ပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှု အား ပေးထောက်ခံမှုအပေါ်မှာ ကျွန်တော်တို့အခြေပြုပြီးတော့ ဆင်နွှဲရတဲ့တော်လှန်ရေးလို့  ပြောနိုင်တာပေါ့။ အဲဒီတော့ ဒီနေ့ဆိုလို့ရှိရင် စစ်ကောင်စီအနေနဲ့က တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ကို စစ်မျက်နှာဖွင့်ထားရ တယ်ဆိုတော့ သူ့မှာအခက်အခဲတွေအများကြီးရှိတယ်ဆိုတာကိုတွေ့နိုင်တယ်။ အထူးသဖြင့်ပြည်သူလူထုထောက် ခံမှုလုံးဝဆုံးရှုံးနေတဲ့အခြေအနေမှာ သူ့အင်အားကလည်း အကန့်အသတ်တစ်ခုသာပဲဖြစ်နေတယ်ဆိုတာ တွေ့နိုင် ပါတယ်။ အုပ်ချုပ်နိုင်စွမ်းကို ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီအနေနဲ့မြို့ပြတွေကို လက်မလွှတ်ရဖို့ သူအနေနဲ့ ဒါကို အသည်းအသန်လုံးပန်းနေရတဲ့အခြအနေပဲ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ မဟာမိတ်တွေက ကျေးလက်ဒေသ အမြောက်အမြားကို စိုးမိုးထားနိုင်တယ် ထိန်းချုပ်ထားနိုင်ပြီ ဒီလို လည်း ပြောလို့ရတယ်။ စစ်ကောင်စီဆိုတာက ပြောမယ်ဆိုရင် တယ်လီဗေးရှင်းပေါ်ကပဲ အုပ်ချုပ်နေရတဲ့အဖွဲ့ဆိုတာကတော့ ထင်ထင်ရှားရှားကို ကျွန်တော်တို့ပြည်သူတွေတွေ့နိုင်ပါတယ်။ အဲဒီတော့ အခု ဒီနွေဦးတော်လှန်းရေးကာလမှာကတော့ မြန်မာပြည်သူတွေနဲ့ မြန်မာစစ်အုပ်စုက လုံးဝကို အိုးစားကွဲသွား ခဲ့ပြီ သေခန်းရှင်ခန်းပြတ်ခဲပြီ ဒီလိုကျွန်တော်တို့ ပြောနိုင်ပါတယ်။ 

◉ ဟုတ်ကဲ့ပါ။ တစ်ဆက်တည်း မေးချင်တာကတော့ နွေဦးတော်လှန်ရေးမှာ ပြည်သူတွအားကိုးမျှော်လင့်နေကြတဲ့ PDF နဲ့ပတ်သက်လို့ပါ။  PDF စတင်တည်ထောင်တဲ့ မေလ ၅ ရက်ကစတင်ပြီး အခုအချိန်ထိ ၇ လအတွင်း တပ်ဖွဲ့ဝင်အင်အားအရေအတွက် ဘယ်လောက်ရှိလာပြီလဲ။

Public Service Announcement

Public Service Announcement

ဟုတ်ကဲ့ PDF အင်အားဘယ်လောက်ရှိပြီလဲဆိုတဲ့ မေးခွန်းကတော့ စစ်ရေးဆိုင်ရာလျှို့ဝှက်ချက် ဖြစ်နေ တဲ့အတွက် ဒီမေးခွန်းနဲ့ပတ်သက်လို့ ကျွန်တော့အပေါ်နားလည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ ပြောနိုင်တာက အခုအခြေအနေမှာ စနစ်တကျလေ့ကျင့်ပြင်ဆင်စုဖွဲ့ထားတဲ့  PDF ရဲ ဘော်တွေကတော့ ဒါ နိုင်ငံတနံတလျားမှာကို ရှိနေပြီလို့ ကျွန်တော်ပြောလို့ရတယ်။ လက်ရှိလည်း တစ်နိုင်ငံလုံးဖြန့်ကျက်ပြီး တော့ တိုက်ပွဲဝင်နိုင်နေပြီလို့ ပြောလို့ရပါတယ်။ 

 ဒါဆိုခုဒီ PDF တပ်ဖွဲ့ဝင်တွေထဲမှာ အမျိုးသမီးအင်အားစုတွေပါဝင်မှုကရော ဘယ်လိုရှိပါသလဲ။

ဟုတ်ကဲ့ PDF ထူထောင်ရာမှာ အမျိုးသမီးတွေကလည်း အင်မတန်မှအရေးကြီးတဲ့ အင်အားစုကြီးလို့ ကျွန်တော်တို့ ပြောလို့ရပါတယ်။ အလွန်လည်းအားကိုးရပါတယ်။ တချို့  PDF တပ်ရင်းတွေမှာ ဆိုရင် အမျိုးသမီးတွေရဲ့ တပ်စုတို့ တပ်ခွဲတို့ သီးခြားဖွဲ့စည်းပြီးတော့ ပူးပေါင်းပါဝင်နေတာတွေလည်းရှိနေတယ် လို့ ပြောလို့ရပါတယ်။ 

◉ အခု ဒီ PDF သင်တန်းဆင်းတွေအားလုံးကိုရော ဝန်ကြီးတို့ လက်နက် တပ်ဆင်ပေးနိုင်ပါပြီလား။

ဟုတ်ကဲ့ သင်တန်းဆင်းပြီးသမျှ သင်တန်းဆင်းအားလုံးကို လက်နက်တပ်ဆင်ပေးနိုင်ဖို့ဆိုတာကတော့ အင်မတန်ကြီးမားတဲ့စိန်ခေါ်မှုလို့ပဲ ပြောရပါလိမ့်မယ်။ အဲဒီတော့ အခုလက်နက်တပ်ဆင်နိုင်မှုဆိုတာက ရန်ပုံငွေရရှိမှုနဲ့ပဲ တိုက်ရိုက်သက်ဆိုင်ပါတယ်။ ရန်ပုံငွေက ခွင့်ပြုသလောက်ရနိုင်သမျှ လက်နက်တွေကို ကျွန်တော်တို့ ဦးစားပေးအစီအစဥ်အတိုင်း တပ်ဆင်ပေးနေတယ်လို့ပဲ ပြောချင်ပါတယ်။ အဲဒီတော့ ဦးစားပေးအစီအစဥ်ဆိုတဲ့နေရာမှာ နှစ်ပိုင်းပေါ့။ တစ်ပိုင်းကတော့ စစ်ရေးစီမံချက်တွေအရ စစ်ရေးစီ မံချက်တွေရဲ့ လိုအပ်ချက်အရ ကျွန်တော်တို့ ဦးစားပေးရတဲ့ဒေသတွေရှိတယ်။ ဦးစားပေးရတဲ့ တပ်ဖွဲ့တွေရှိတယ်။ သူတို့ကို ကျွန်တော်တို့က ရလာတဲ့လက်နက်တွေနဲ့ ဦးစားပေးတပ်ဆင်နေရတာ ဖြစ်ပါတယ်။ နောက်တစ်ပိုင်းကတော့ ဒါ  Chain of Command ပေါ့။ စစ်တပ်တစ်ခုဖြစ်တဲ့အတွက် အမိန့်ပေးကွပ်ကဲမှုစနစ်အတွင်းမှာ ရှိပြီးသားတပ်ဖွဲ့တွေကိုပဲ ဦးစားပေးပြီးကျွန်တော်တို့ တပ်ဆင်ပေး နေတာဖြစ်ပါတယ်။ 

◉ စစ်ရေးလိုအပ်ချက်တွေအရ တပ်ဆင်ပေးနေတယ်လို့ ဝန်ကြီးပြောသွားပါတယ်။ 

PDF မဟုတ်အခြားတော်လှန်ရေးအင်အားစုတွေဆီကလည်း လက်နက်အင်အားဖြည့်တင်း နိုင်မှုအပိုင်းတောင်းဆိုမှုတွေလည်းကြားရပါတယ်။ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစုံဆီကို လိုအပ်ချက်အတိုင်း မျှမျှတတ မြန်မြန်ဆန်ဆန်လက်နက်တပ်ဆင်ပေးရေးမှာ ခုဏပြောသွားတဲ့ ငွေကြေးလိုအပ်ချက်အပြင် ဘယ်လိုအခက်အခဲ စိန်ခေါ်မှုတွေရှိပါသလဲ။ 

ဟုတ်ကဲ့ ကျွန်တော်တို့ မြေပြင်က တပ်ဖွဲ့တွေကိုပြန်ကြည့်မယ်ဆိုရင်အမျိုးစား ၃ ခုကိုတွေ့ရပါတယ်။ ပထမတစ်ခုကတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်  PDF ကတော့ တပ်မတော်ဖြစ်တယ်။ သူ့ကိုတော့ ကျွန်တော်တို့ စစ်တပ်ပုံစံအတိုင်းပဲဖွဲ့စည်းတည်ဆောက်ထားတယ်။ ဒုတိယတစ်မျိုးကတော့ မျိုးနယ်တွေကို အခြေခံပြီးတော့ ဖွဲ့စည်းထားတဲ့ပြည်သူ့ကာကွယ်ရေးတွေ ကျွန်တော်တို့ကတော့ (ပကဖ) လို့ သုံးပါတယ်။ အဲဒီတော့ ပကဖတွေကလည်းတစ်ဖက်မှာ နိုင်ငံရေးတာဝန်တွေရှိသလို စစ်ရေးတာဝန်တွေလည်းရှိပါတယ်။ တတိယအမျိုးအစားကတော့ ဒီနွေဦးတော်လှန်ရေးကာလမှာ လူငယ်တွေ ကိုယ့်အစီအစဥ်ကိုယ် ကိုယ့်အစုအဖွဲ့နဲ့ကိုယ်ဖွဲ့စည်းပေါ်ပေါက်လာတဲ့ တပ်ဖွဲ့တွေ လည်းရှိ တယ်။ ကျွန်တောတို့ကတော့ LDF လို့သုံးပါတယ်။ ကျွန်တော်တို့ ပျောက်ကျားတိုက်တဲ့အခါမှာကတော့ တစ်စုချင်း၊ တစ်ဖွဲ့ချင်း၊ တစ်ဒေသချင်း လှုပ်ရှားလို့ရပေမယ့် တကယ့်မဟာဗျူဟာမြောက်ပေါ့၊ မဟာဗျူ ဟာ ကျကျလှုပ်ရှားနိုင်ဖို့ဆိုရင် ဒါအမိန့်ပေး ကွပ်ကဲမှုစနစ် Chain of Command က အင်မတန်အရေးကြီးပါတယ်။ အဲဒီအတွက် PDF နဲ့ ပကဖတွေကတော့ Chain of Command အတွင်းမှာ ရောက်ရှိပြီးသားလို့ ပြောလို့ရပါတယ်။ ဒီ  LDF တွေကတော့  ခုအချိန်မှာ အများစုကတော့  Chain of Command  အတွင်းရောက်ရှိလာပြီလို့ပြောလို့ရပါတယ်။ တစ်ချို့မရောက်သေးတဲ့ ရောက်မလာသေးတဲ့အဖွဲ့တွေလည်း ရှိသင့်သလောက်တော့ ရှိနေသးတယ်။ အဲဒီတော့ LDF တွေကို ကျွန်တော်တို့ ချိန်ဆက်ပြီးတော့ စုစည်းရေးဆိုတာကလည်း  NUG-MOD ( Ministry of Defence) ရဲ့ အရေးကြီးတဲ့ အစီအမံ ဖြစ်ပါတယ်။ အဲဒီတော့ LDF တွေနဲ့ပတ်သက်ရင် ကျွန်တော်တို့ မူ ၃ ချက်စဥ်းစားထားတာရှိပါတယ်။ ပထမအချက်အနေနဲ့က တစ်ခုတည်းသော Chain of Command မှာ ပါဝင်ရမယ်။ ဒီတစ်ခုတည်းသော Chain of Command ဆိုတာကလည်း ဒီ NUG နဲ့ မဟာမိတ်များနဲ့ ပေါင်းစည်းပြီးထူထောင်ထားတဲ့ Chain of Command ပါ။ အဲဒီတော့ ဒီအမိန့်ပေးကွပ်ကဲမှုစနစ်မှာ စစ်ရေးနဲ့ပတ်သက်ပြီးတော့ လက်တွေမှာ တာဝန်ယူဦးဆောင်တဲ့ပုဂ္ဂိုလ်တွေကလည်း စစ်ဆေးဆိုင်ရာ အတွေအကြုံနဲ့ ကျွမ်းကျင်မှုရှိပြီးသားပုဂ္ဂိုလ် တွေဖြစ်ပါတယ်။ အဲဒီတော့ ဒီပုဂ္ဂိုလ်တွေပေါင်းစည်းပြီးတော့ အတူတကွ တည်ထောင်ထားတဲ့ Chain of Command ထဲမှာ ပါဝင်ရပါမယ်။ အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ နောက် ဒုတိယအချက်ကတော့ Code of Conduct  ပေါ့။ ဒီစစ်ဖက်ဆိုင်ရာကျင့်ဝတ်တွေကို ပြဌာန်း ထားတာရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကလည်း Code of Conduct  တွေရှိပြီးသားဖြစ်ပါတယ်။ LDF တွေအနေနဲ့ကလည်း Code of Conduct တွေနဲ့အညီ စစ်ဖက်ဆိုင်ရာ ကျင့်ဝတ်နဲ့အညီ လိုက်နာဆောင်ရွက်ဖို့အရေးကြီးတယ်။ ဒါဒုတိယအချက်ပါ။ တတိယအချက်ကတော့ ဒေသတွင်းမှာရှိနေတဲ့အခြားတပ်ဖွဲ့တွေအနေနဲ့ကလည်း ညှိနှိုင်းပူးပေါင်းပြီးတော့ အလုပ်လုပ်ဖို့ လိုပါတယ်။ ဒါကလည်းအင်မတန်အရေးကြီးပါတယ်။ ကျွန်တော်တို့ တစ်နယ်တစ်မင်းလုပ်လို့ မရဘူး။ အားလုံးပူးပေါင်းပြီးတော့ ညှိနှိုင်းပြီးလုပ်နိုင်တာမျိုးဖြစ်ရမယ်။ အဲဒီတော့ ဒီအဖွဲ့တွေကိုလက်နက်တပ် ဆင်တဲ့နေရာမှာလည်း ဦးစားပေးပြီးတော့ဆောင်ရွက်သွားဖို့ရှိပါတယ်။ အဲဒီတော့ လက်နက်တပ် ဆင်ရေးသည်ပင်လျင် အမိန့်ပေးကွပ်ကဲမှုရှိ၊ မရှိဆိုတာနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။ အဲဒီတော့ အခြား LDF တွေမှာ လက်နက်အကူအညီတွေလိုအပ်တယ်ဆိုရင် NUG- MOD အနေနဲ့ ထောက်ပံ့ ပေးနိုင်တာ၊ ထောက်ပံ့ပေးခဲ့တာတွေရှိပါတယ်။ သို့သော်လက်နက်တပ်ဆင်ပေးရေးမှာ Chain of Command ရှိ၊ မရှိအပေါ်မှာ တိုက်ရိုက်သက်ဆိုင်တယ်လို့ ကျွန်တော်ဖြေချင်ပါတယ်။ 

◉ ဝန်ကြီးပြောသွားတဲ့ ဘဏ္ဍာအခြေအနေနဲ့ပတ်သက်လို့ ဆက်မေးချင်ပါတယ်။ ပြည်သူတွေ ပုံစံမျိုးစုံနဲ့လှူဒါန်းငွေတွေကနေ တော်လှန်ရေးမှာ အရေးပါတဲ့ လက်နက်ဝယ်ယူရေး ဆောင်ရွက်နေတဲ့အခါမှာ အခုအချိန်ထိ လက်နက်တပ်ဆင်မှုအပိုင်းအတွက်ဝန်ကြီးတို့ဌာနအနေနဲ့ ငွေကြးဘယ်လောက်များသုံစွဲထားပြီးပါပြီလဲ။ အဖွဲ့အစုံအတွက် လက်နက်အပြည့်အဝ တပ်ဆင်ပေးနိုင်ဖို့ ငွေကြေးလိုအပ်ချက်ကရော ဘယ်လောက်များနေပါသေးလဲ။

အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ပြည်သူ့တော်လှန်ရေးဆိုတာကတော့ ပြည်သူတွေနဲ့  NUG  လက်ဗလာနဲ့စခဲ့တာလို့ပဲ ကျွန်တော်တို့ ဒီလိုပြောရပါမယ်။ အဲဒီတော့စစ်ရေးလှုပ်ရှားမှုအတွက် လိုအပ်ချက်ကတော့ အင်မတန်ကြီးမားပါတယ်။ လက်ရှိစစ်အုပ်စုတစ်နှစ်တစ်နှစ်သုံးနေတဲ့ ဘဏ္ဍာငွေဆိုတာက အမေရိကန်ဒေါ်လာဘီလီယံပေါင်းများစွာရှိနေတဲ့အချိန်မှာ ကျွန်တော်တို့  PDF ကို ထူထောင်တဲ့အချိန်မှာ တပ်ရင်းတစ်ရင်းကိုလက်နက်တပ်ဆင်ဖို့ဆိုရင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၂ သန်းခွဲလောက်လိုအပ်တာဖြစ်ပါတယ်။ အဲဒီတော့လိုအပ်ချက်ကတော့ ကြီးကြီးမားမားရှိတယ်လို့ ကျွန်တော်တို့ပြောနိုင်တယ်။ သို့သော်တော်လှန်ရေးဆိုတာသည်ပင်လျင်  ရှိတာကို ရှိအောင်လုပ်ရတဲ့သဘောပါ။ အဲဒီတော့ ကျွန်တော်တို့မှာ လူထုအင်အားရှိတယ်။ လက်နက်တော့ အားနည်းတယ်။ သို့သော် ကျွန်တော်တို့က စိတ်ဓာတ်ကောင်းကောင်း မဟာဗျူဟာ ကောင်းကောင်းနဲ့ ကျွန်တော်တို့တိုက်ပွဲဝင်ကြမယ်ဆိုရင် တော်လှန်ရေးအနှေးနဲ့အမြန်အောင်မြင် လိမ့်မယ်လို့ ယုံကြည်မှုရှိပါတယ်။ 

◉ အစောပိုင်းက ဝန်ကြီးပြောသွားတဲ့အထဲ Chain of Command အမိန့်ပေးကွပ်ကဲမှုအပိုင်း ကိုပြောသွားပါတယ်။ မေးချင်တာက ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်းတပ်ဖွဲ့ (PDF) မဟုတ်တဲ့ နိုင်ငံအနှံ့က ဒေသဆိုင် ရာ ကာကွယ်ရေး တပ်ဖွဲ့တွေ၊မြေပြင်ပျောက်ကျားအင်အားစုတွေနဲ့  ဝန်ကြီးတို့ဌာန ချိတ်ဆက်ဆောင်ရွက်မှုကရောဘယ်လိုရှိပါသလဲ။ ကွပ်ကဲစီမံနိုင်မှုအပိုင်းကရော ဘယ် လိုရှိပါသလဲ။  

ဒေသဆိုင်ရာကာကွယ်ရေးအဖွဲ့တွေနဲ့ ချိတ်ဆက်ပေါင်းစည်းနိုင်ဖို့ ကျွန်တော်တို့ဝန်ကြီးဌာနအနေနဲ့ ကော်မတီတစ်ခုကိုဖွဲ့စည်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုချိတ်ဆက်ဆောင်ရွက်တဲ့အခါမှာ ရှိသင့် ရှိထိုက်တဲ့ Chain of Command, Code of Conduct ပြီးတော့ဒေသတွင်း ပူးပေါင်ညှိနှိုင်းဆောင်ရွက် မှုရှိဖို့ ဒါတွေကို ကျွန်တော်တို့အမြဲတမ်းရှင်းလင်းဆွေးနွေးတယ်။ ဒီအပေါ်မှာ လက်ခံတယ်၊ သဘောတူ တယ်ဆိုတဲ့အဖွဲ့တွေတစ်ချို့ကလည်း  PDF တပ်ရင်းတပ်ဖွဲ့တွေထဲမှာ ပူးပေါင်းပါဝင်သွားတာဖြစ်ပါ တယ်။ အချို့ကတော့ မြို့နယ်တွေကို အခြခံပြီးဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ အတူတကွ လုပ်ဆောင်နေပြီဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၇ ရက် ပြည်သူ့ခုခံတွန်းလှန်စစ်စ တင်တဲ့အချိန်ကနေပြီးတော့ ပြောမယ်ဆိုရင် အခုတိုက်ပွဲဝင်နေတဲ့တပ်ဖွဲ့တွေရဲ့ ၉၀ ရာခိုင်နှုန်းက ကာကွယ်ရေးဝန်ကြီးဌာနဲ့  နဲ့ ချိတ်ဆက်ဆောင်ရွက်နိုင်ပြီလို့ ကျွန်တော်တို့ ဒီလိုပဲ ပြောရပါလိမ့်မယ်။ 

◉ Chain of Command နဲ့ ဆက်စပ်လို့ပဲ ဆက်မေးချင်ပါတယ်ရှင့်။ မြို့ပြကဒလန်ရှင်းလင်းရေးတွေနဲ့ ပတ်သက်လို့ လူ့အခွင့်ရေးရှုထောင့်ကနေ ဝေဖန်မှုတွေရှိတာကိုလည်းတွေ့ရပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌနအနေနဲ့ ဒီအပေါ်မှာ မူဝါဒပိုင်းအရ ဘယ်လိုရှိပါသလဲ။ 

ဟုတ်ကဲ့ ဒလန်ရှင်းတယ်ဆိုတဲ့ကိစ္စက NUG MOD မှာ မူဝါဒပိုင်းအရလည်းမရှိဘူး။ အစီအစဥ်တွေ လမ်းညွှန်ချက်တွေလည်းမရှိဘူး။ ပြောရမယ်ဆိုရင် ဒလန်ဆိုတဲ့ ဝေါဟာရ အသုံးအနှုန်းကို ကျွန်တော် တို့မှာ မရှိဘူး။ ကျွန်တော်တို့အခြေခံပြီးတော့ စဥ်းစားတာကတော့ ဒီကနေ့ မြန်မာနိုင်ငံမှာ စစ်ကာလတစ် ခု ဖြတ်သန်းနေရတဲ့အချိန်ဖြစ်တယ်။ ဒီအချိန်မှာ ဘယ်သူကပြည်သူလဲ ဘယ်သူက ရန်သူလဲ ဒါကိုတော့ ကျွန်တော်တို့ သေသေချာချာစိစစ်ပိုင်းခြားဖို့ အရေးကြီးပါတယ်။ အဲဒီတော့ ရန်သူကိုတော့ ရန်သူလိုပဲ ကျွန်တော်တို့ သဘောထားဆက်ဆံရမှာဖြစ်ပါတယ်လို့ ကျွန်တော်ဖြေချင်ပါတယ်။ 

◉ ဟုတ်ကဲ့ နောက်ဆက်ပြီးတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs တွေနဲ့ပတ်သက်လို့ မေးချင် ပါတယ်။ လက်ရှိ တိုက်ရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့  PDF တွေရဲ့ ပူးပါင်းတိုက်စစ်စင်မှု အခြေအ နေကို လည်း ပြောပါပေးပါဦး။ 

ဟုတ်ကဲ့ ဒါကလည်း ကျွန်တော်တို့ အားကောင်းခိုင်မာတယ်လို့ ပြောလို့ရပါတယ်။ တကယ်တော်လှန်နေကြတဲ့တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေဆိုလို့ရှိရင် ပြည်သူကို ကာကွယ်စောင့်ရှောက်တဲ့ အလုပ်ကိုလည်းထိထိရောက်ရောက်ဆောင်ရွက်နေကြတာရှိပါတယ်။ ပြည်သူနဲ့အတူလည်းတိုက်ပွဲဝင်နေကြတာရှိပါတယ်။ တစ်ဖက်မှာ ကျွန်တော်တို့ PDF ဆိုတာက စစ်ရေးအတွေ့အကြုံအားနည်းသေးတယ်။ အဲဒီတော့  PDF ပိုပြီးတော့ အားကောင်းလာအောင်  PDF ပိုပြီးတော့ စနစ်ကျလာအောင် EAOs တွေက အားဖြည့်ပေးနေတာလည်းရှိပါတယ်လို့ ကျွန်တော်ဖြေချင်ပါတယ်။ 

◉ ပြီးခဲ့တဲ့လပိုင်းက ဝန်ကြီးပြောထားတာတစ်ခုရှိပါတယ်။ တိုင်းရင်းသားအဖွဲ့တွေနဲ့ ကာကွယ်ရေးဆိုင်ရာပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်း နေတာတွေရှိပြီး ဘုံရန်သူတွေကို ဦးတည်တဲ့ညီညွတ်မှု မဟာမိတ်စုဖွဲ့မှုကို မကြာခင်ပေါ်လာဖို့ ရှိလိမ့်မယ်လို့။ အဲဒီတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံးပါဝင်တဲ့ မဟာမိတ်စုဖွဲ့မှုခရီးကရော ဘယ်လိုရှိပါသလဲ။ 

ဒီကိစ္စကိုတော့ ၂ ပိုင်းခွဲကြည့်ဖို့လိုလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်။ အဲဒီတော့ နိုင်ငံရေးအပိုင်းနဲ့ စစ်ရေးအပိုင်းပေါ့။ နိုင်ငံရေးအပိုင်းကဆိုရင် NUCC ဆိုတဲ့ စုဖွဲ့မှုရှိတယ်။ စစ်ရေးအပိုင်းအရဆိုရင် C3C ဆိုတဲ့ စုဖွဲ့မှုရှိပါတယ်။ NUCC ဆိုတာကတော့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီပေါ့။ ဒီ NUCC မှာကတော့ နိုင်ငံရေးရည်မှန်းချက်တူတဲ့အဖွဲ့အစည်းတွေပေါ့။ ဒီရည်မှန်းချက်တွေဆိုတာကလည်း (၁)စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်မယ် (၂)တကယ်စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကိုထူထောင်မယ်ဆိုတဲ့ ကျွန်တော်တို့ခံယူချက်ချင်း၊ ရည်မှန်းချက်ချင်းတူတဲ့ အဖွဲ့အစည်းတွေဟာ NUCC မှာ ပူးပေါင်းဆောင်ရွက်နေကြတာဖြစ်တယ်။ NUCC အနေနဲ့ဆိုရင် အခု ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်းပြီးတဲ့အခါမှာ အားလုံး ကျွန်တော်တို့ လက်ဆွဲပြုကြရတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပဠိဉာဉ်ပေါ့၊ ဖက်ဒရယ်ဒီမိုကရေစီချာတာကိုလည်း သဘောတူရေးဆွဲနိုင်ခဲ့ပြီးသားလည်းဖြစ်ပါတယ်။ ဒီ NUCC က ချမှတ်တဲ့ နိုင်ငံရေးရည်မှန်းချက်တွေကို စစ်ရေးနည်းလမ်းအရအကောင်အထည်ဖော်တဲ့နေရာမှာတော့ တစ်ဖက်မှာ C3C ဆိုတဲ့ စုဖွဲ့မှုရှိပါတယ်။ Central Command and Coordination Committee လို့ နာမည်ပေးထားပါတယ်။ အဲ့ဒီတော့ ဒီ C3C ဆိုတာကတော့ တော်လှန်ရေးအဖွဲ့တွေ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကြား၊ နောက် စစ်ဒေသတွေ တစ်ခုနဲ့ တစ်ခုကြား ပေါင်းစပ်ညှိနှိုင်းပြီးတော့ အလုပ်လုပ်နိုင်ဖို့ ပြီးရင် ဗဟိုကွပ်ကဲမှုတစ်ခုကိုထူထောင်နိုင်ဖို့ပေါ့ ဒီရည်ရွယ်ချက်နဲ့ NUG နဲ့ မဟာမိတ်များပူးပေါင်းပြီးတော့ C3C ဆိုတဲ့ စစ်ရေးစုဖွဲ့မှုလည်း ရှိနေပြီလို့ ကျွန်တော့်အနေနဲ့ အသိပေးချင်ပါတယ်။

◉ ဟုတ်ကဲ့ အခု PDF တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ ပူးပေါင်းတိုက်ပွဲတွေလည်းတွေ့ရပါတယ်။  PDF တွေကျဆုံးသတင်းတွေလည်းကြားရပါတယ်။ ကျဆုံးဒဏ်ရာရတဲ့  PDF တပ်ဖွဲ့ဝင်တွေအရေအတွက် ကရော ဘယ်လိုရှိပါသလဲ။

ဟုတ်ကဲ့။ ကျွန်တော်တို့ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲနေတာဖြစ်တဲ့အတွက် ကျွန်တော်တို့ ရဲဘော်တွေဘက်ကလည်း ထိခိုက်ဆုံးရှုံးမှုတွေတော့ ထိုက်သင့်သမျှရှိပါတယ်။ သို့သော် ဒီထိခိုက်မှုဆုံးရှုံးမှုဟာ နှိုင်းယှဉ်ချက်အရ ပြောမယ်ဆိုရင် စစ်ကောင်စီဘက်ကဆုံးရှုံးမှုရဲ့ ၅ ရာခိုင်နှုန်းလောက်ပဲရှိမယ်လို့ပြောနိုင်ပါတယ်။

◉ ဝန်ကြီးတို့ဌာနကနေ တပ်မတော်သားနဲ့ ရဲတွေ ပြည်သူ့ ရင်ခွင်ခိုလှုံလာနေကြတဲ့အနအထားကို ထုတ်ပြန်နေ တာတွေတွေ့ရပါတယ်။ ပြည်သူနဲ့ပူးပေါင်းလာတဲ့ တပ်မတော်သားနဲ့ ရဲတပ်ဖွဲ့ဝင်ပူးပေါင်းမှုက တော်လှန်ရေးအစ ကာလကလောက် အားကောင်းပါသေးသလားရှင့်။ 

အခုကျွန်တော်တို့ နောက်ဆုံးရတဲ့စာရင်းများအရကတော့ ပြည်သူ့ရင်ခွင့်ခိုလှုံလာတဲ့သူတွေပေါ့၊ တနည်းအားဖြင့် ပြည်သူနဲ့ ပူးပေါင်းလာတဲ့ ပြည်သူ့တပ်မတော်သားတွေ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်တွေ ရှစ်ထောင်ခန့်ရှိပြီလို့ သိရပါတယ်။ ရှေ့မှာလောက်တော့ အမြောက်အများပူးပေါင်းလာတာမရှိပေမယ့် ဒီလိုပူးပေါင်းမှု နည်းနည်းလေး အားနည်းသွားတာကလည်း တစ်ဖက်မှာ အပိတ်အဆို့တွေ အဟန့်အတားတွေ အခက်အခဲတွေ အများကြီးရှိနေတယ်လို့လည်း ပြောလို့ရတယ်။ 

ဒီအချက်ကိုလည်း ကျွန်တော်တို့ တွေ့ရတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ ပြည်သူ့ရင်ခွင်ခိုလှုံရေးအစီအစဉ် ဘာကြောင့် အကောင်အထည်ဖော်ကြရလဲ။ လက်ရှိမှာ စစ်ကောင်စီရဲ့ လက်အောက်ခံဖြစ်နေပေမယ့် ဒီရဲဘော်တွေထဲမှာလည်း အမှန်၊ အမှား ပိုင်းခြားနိုင်တဲ့သူတွေရှိတယ်။ တရားမှု၊ မတရားမှုကို ကောင်းကောင်းဆန်းစစ်နိုင်တဲ့သူတွေရှိတယ်။ အမှန်ကို သိတယ်၊ မတရားမှုကို လက်မခံနိုင်ဘူးဆိုတဲ့ ရဲဘော်တွေကတော့ အနှေးနဲ့အမြန် ပြည်သူနဲ့ ပူးပေါင်းလာမှာ။ အဲ့ဒီတော့ ပြည်သူ့ရင်ခွင်ကို အခုချက်ခြင်းရောက်ရှိမလာသေးဘူးဆိုပေမဲ့ ပြည်သူ့တော်လှန်ရေးမှာ သူတို့နိုင်တဲ့ဘက်ကနေပြီးတော့ ကူညီပေးနေတာတွေလည်း အမြောက်အများရှိနေတယ်လို့ ကျွန်တော်တို့ ဒီလိုပြောနိုင်ပါတယ်။ အဲ့ဒီတော့ ပြည်သူ့ရင်ခွင့်ကိုရောက်ရှိပြီးသား ပြည်သူနဲ့ပူးပေါင်းလာပြီးသား ရဲဘော်တွေဆိုရင်လည်း အခု ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပါဝင်ပူပေါင်းပြီးတော့မှ တိုက်ပွဲဝင်ဖို့ ပြင်ဆင်နေကြပြီဖြစ်ပါတယ်။

◉ နောက်ဆုံးမေးခွန်းမသွားခင် ဝန်ကြီး သဘောထားကို မေးချင်တာရှိပါတယ်။ မြန်မာ့အရေးဖြေရှင်းဖို့  စေ့စပ်ညှိနှိုင်းရေးကို ဦးတည်ထားတဲ့ အာဆီယံ ရဲ့ လမ်းကြောင်းအပေါ်  နိုင်ငံတကာထောက်ခံမှုရှိနေတာလည်း တွေ့ရပါတယ် ၊ အကဲခတ်တွေကတော့ ပြည်တွင်းမှာ နှစ်ဖက်အပြုတ်တိုက်ရေးကိုဦးတည်နေတယ်လို့ ပြောကြတာရှိပါတယ်။ ဒီအပေါ်မှာ ဝန်ကြီးရဲ့ သဘောထားကိုလည်းသိချင်ပါတယ်။ 

ဟုတ်ကဲ့… ဒီမေးခွန်းကလည်း အင်မတန်ကောင်းပါတယ်။ အဲ့တော့ ဒီ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအားဖြင့် ဖြေရှင်းရေးဆိုတာ ကျွန်တော်တို့ တစ်လျှောက်လုံး ပထမဦးစားပေးအနေနဲ့ စွဲကိုင်ခဲ့တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ ဒါကတော့ ယုံမှားသံသယဖြစ်စရာမရှိပါဘူး။ သို့သော် တစ်ခုတည်းသောနည်းလမ်းလို့တော့ မပြောနိုင်ဘူး။ အဲ့တော့ နိုင်ငံရေးပြဿနာဖြေရှင်းတဲ့နေရာမှာ ဘယ်နည်းလမ်းကို ရွေးချယ်မလဲဆိုတာ အခြေအနေအချိန်အခါပေါ် မူတည်လိမ့်မယ်။ အခု အာဏာသိမ်းစစ်ကောင်စီရဲ့ လူမဆန်တဲ့အကြမ်းဖက်မှုတွေ၊ လက်နက်ကိုင်ပြီးတော့ ဗိုလ်ကျစိုးမိုးရေးလမ်းစဉ်ကို ဒါကို မစွန့်လွှတ်သမျှကတော့ ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ ရရာလက်နက်စွဲကိုင်ပြီးတော့မှ ခုခံတွန်းလှန်ဖို့ဆိုတာ မရှောင်လွှဲနိုင်တဲ့ နည်းလမ်းတစ်ရပ်ဖြစ်လာပါတယ်လို့ပဲ ဖြေချင်ပါတယ်။

◉ နောက်ဆုံးအနေနဲ့မေးချင်တာကတော့ တော်လှန်ရေးကာလတဖြည်းဖြည်းနဲ့ကြာလာတဲ့အခါမှာ ပြည်သူတွက ဘယ်လောက်များကြာဦးမလဲလို့ စိုးရိမ်မကင်းမေးနေကြတာရှိပါတယ်။ NUG အစိုးရတာဝန်ရှိသူတစ်ဦးအနေနဲ့ရော ကာကွယ်ရေးဝန်ကြီးတစ်ဦးအနေနဲ့ပါ  ပြည်သူတွေရဲ့ အဲဒီမေးခွန်းကို ဘယ်လိုများဖြေပါမလဲရှင့်။ 

ဟုတ်ကဲ့… ရှေ့က မေးခွန်းနဲ့လည်း ဆက်စပ်ပြီးတော့ ဖြေရရင် အဆိုအမိန့်တစ်ခု ကြားဖူးတယ်ပေါ့ဗျာ။ နိုင်ငံရေးဆိုတာက သွေးမထွက်တဲ့ စစ်တဲ့။ စစ်ဆိုတာက သွေးထွက်တဲ့ နိုင်ငံရေး။ ဒီလိုဆိုတာကိုး။ ကျွန်တော်တို့ တော်လှန်ရေးတစ်ရပ်ကို ဆင်နွှဲကြပြီဆိုတော့ ဒီ သွေးထွက်သံယိုမှုတွေ၊ ထိခိုက်ဆုံးရှုံးမှုတွေလည်း အနည်းနဲ့အများရှိလိမ့်မယ်ဆိုတာ ကျွန်တော်တို့ပြည်သူတွေ မျှော်လင့်ထားပြီးသားလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်သူတွေဆိုတာက သွေးမနည်းပါဘူး။ အခုလို သမိုင်းသစ်ကိုရေးနိုင်ဖို့ တိုက်ပွဲဝင်နေတဲ့ အခြေအနေမှာ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ လိုအပ်တဲ့စွန့်လွှတ်ပေးဆပ်မှုပြုဖို့ သံန္နိဋ္ဌာန်ချပြီးသားလည်းဖြစ်တယ်လို့ ကျွန်တော်တို့ နားလည်ပါတယ်။ ဒီတော်လှန်ရေးကာလ အနှေးအမြန်ဆိုတာကတော့ ကျွန်တော်တို့ ဘယ်ပေါ်မှာမူတည်သလဲဆိုရင် တော်လှန်ရေးသမားတွေနဲ့ ပြည်သူတွေ ဘယ်လောက်စိတ်ဓာတ်ခိုင်မာသလဲ၊ ဘယ်လောက်ဇွဲရှိသလဲ၊ ဘယ်လောက် ဗျူဟာကောင်းသလဲ။ NUG ရဲ့ ဦးဆောင်နိုင်စွမ်းနဲ့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ စုစည်းညီညွတ်မှုကရော ဘယ်လောက်ထိ အင်အားကောင်းသလဲ။ ဒီအချက်တွေပေါ်မှာ မူတည်လိမ့်မယ်လို့ ကျွန်တော့်အနေနဲ့ ဖြေကြားလိုပါတယ်။  ကျေးဇူးအများကြီးတင်ပါတယ်။

◉ ဟုတ်ကဲ့ မေးခွန်းတွေဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။ 

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။