အလုံ ထော်လီကွေ့ မှတ်တိုင် အနီးမှာရှိတဲ့ ထူးဆီဆိုင်ကို ဓာတ်ဆီလောင်း မီးရှို့ပြီး ဗုံးနှစ်လုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ Special Task Agency of Burma – STA အဖွဲ့က တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
ဒီနေ့မနက် ၄ နာရီလောက်မှာ လုပ်ဆောင်ခဲ့တာဖြစ်ပြီး ဆီဆိုင်တစ်ခုလုံးနီးပါး မီးလောင်ဆုံးရှုံးခဲ့တယ်လို့သိရပါတယ်။
အဲဒီစစ်ဆင်ရေးဆောင်ရွက်ရာမှာ အနီးဝန်းကျင် ပြည်သူတွေကို ထိခိုက်မှုမရှိစေရန် အချိန်ကာလတစ်ခုကြာ အစီအစဥ်ဆွဲပြီးမှ လုပ်ခဲ့တာဖြစ်တယ်လို့ STA အဖွဲ့ကပြောပါတယ်။
မီးလောင်မှုနဲ့ပတ်သတ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကတော့ Level 1 အဆင့် မီးငြှိမ်းသတ်ယာဥ်တွေ ၁၆ မိနစ်အတွင်း မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပြီး ဆီဆိုင်နာမည်ကိုတော့ ဖော်ပြထားခြင်းမရှိပါဘူး။

Public Service Announcement
အဲဒီ့နေရာနားမှာနေတဲ့သူတွေကတော့ ပေါက်ကွဲမှုအသံ အကျယ်ကြီး ကြားလိုက်ရတယ်လို့ လူမှုကွန်ရက်မှာရေးသားမျှဝေထားကြပါတယ်။
STA အဖွဲ့က အာဏာသိမ်း စစ်ကောင်စီနဲ့ စစ်ကောင်စီ ထောက်တိုင်အဖြစ် လုပ်ကိုင်နေတဲ့လုပ်ငန်းတွေကို ရှင်းလင်းနေတဲ့အဖွဲ့ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်အတွင်းက စစ်ကောင်စီထောက်တိုင်ဖြစ်တဲ့ မြတ်မေတ္တာမွန် ဆီဆိုင်ကို ဖောက်ခွဲမှုပြုလုပ်ခဲ့သလို ပြီးခဲ့တဲ့ရက်ပိုင်းကလည်း အေးနေဝင်းမိသားစုပိုင် YBS -56 ယာဥ်တွေကို ဗုံးဖောက်ခွဲ ဖျက်ဆီးခဲ့ပါတယ်။
“ကျွန်တော်တို့ ပြည်သူ့အသက်အိုးအိမ်တွေကို မီးရှို့ဖျက်ဆီးသလို ကျွန်တော်တို့ကလည်း သူတို့ကို လက်တုန့်ပြန်တဲ့သဘောပါ” ဟု STA မှတာဝန်ရှိသူတစ်ဦးကပြောပါတယ်။


















































