အုပ်စုဖွဲ့ မုဒိမ်းကျင့်မှု တရားခံ ၁၁ ယောက်ကို ပြန်လွှတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ အိန္ဒိယ နိုင်ငံအနှံ့မှာ ကန့်ကွက် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာပါတယ်။
အဲဒီ တရားခံတွေဟာ ၂၀၀၂ ခုနှစ်က အိန္ဒိယ နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး အဓိကရုဏ်းတွေအတွင်း မွတ်ဆလင် အမျိုးသမီး တစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ ကျူးလွန်တဲ့ ပြစ်မှုက ထင်ရှားနေတာကြောင့် တရားရုံးက ထောင်ဒဏ် တစ်သက် စီရင်ချက် ချမှတ်ခဲ့ပြီးသားပါ။
ဒါပေမဲ့ အိန္ဒိယ နိုင်ငံရဲ့ ၇၅ နှစ်ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို အကြောင်းပြုပြီး ဂူဂျာရတ် ပြည်နယ် အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တဲ့ အကျဉ်းသားတွေ စာရင်းမှာ အဲဒီ ၁၁ ယောက်ရဲ့ နာမည်တွေ ပါဝင်လာပါတယ်။ ဟိန္ဒူ အစွန်းရောက် လူရမ်းကားတွေဟာ မွတ်ဆလင် အမျိုးသမီး ဘီလ်ကစ္စ ဘာနိုကို မုဒိမ်းကျင့်ခဲ့ပြီး အမျိုးသမီးရဲ့ မိသားစုဝင် ၁၄ ဦးကို အစုအပြုံလိုက် သတ်ဖြတ်တဲ့ မှုခင်းမှာလည်း ကိုယ်ထိလက်ရောက် ပါဝင် ကျူးလွန်ခဲ့ကြပါတယ်။ အခုလလယ်မှာ သူတို့ကို ထောင်ကနေ ပြန်လွှတ်ပေးလိုက်တော့ ဟိန္ဒိူ အမျိုးသားရေးဝါဒ အစွန်းရောက် ဆွဲကိုင်သူတွေက သူရဲကောင်းတွေလို ကြိုဆိုခဲ့ကြပါတယ်။
အုပ်စုဖွဲ့ မုဒိမ်းကျင့်သူတွေကို ပြန်လွှတ်ပေးမယ့် လုပ်ရပ်ကို မကျေနပ်တဲ့အတွက် ဩဂုတ် ၂၇ ရက်က ဒေလီမြို့တော်မှာ လူတွေ ရာနဲ့ချီ စုဝေးပြီး ဆန္ဒပြခဲ့ကြပါတယ်။ အိန္ဒိယက တခြားပြည်နယ် တချို့မှာလည်း အလားတူ စုဝေးပြီး ဆန္ဒပြတာတွေ ဖြစ်လာကြပါတယ်။

Public Service Announcement
ဂူဂျာရတ် ပြည်နယ်မှာလည်း ဆန္ဒပြသူတွေက မုဒိမ်းမှုရဲ့ သားကောင် အမျိုးသမီးနဲ့ ထပ်တူထပ်မျှ ရပ်တည်ကြောင်း ကြွေးကြော်ခဲ့ကြပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာမယ့် တရားခံ ၁၁ ယောက်ဟာ အမှုဖြစ်ပွားပြီး ၆ နှစ်လောက် အကြာမှာ စီရင်ချက် ချမှတ် ခံခဲ့ရတာပါ။ သူတို့ဟာ ဘာသာရေး အဓိကရုဏ်း ကာလအတွင်း မုဒိမ်းမှုအပြင် လူသတ်မှုနဲ့ တရားလက်မဲ့ စုဝေးမှုတွေပါ ကျူးလွန်ခဲ့တယ်လို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
မုဒိမ်းသမား၊ လူသတ်သမားတွေကို ခပ်လွယ်လွယ် လွှတ်ပေးလိုက်တဲ့ ပြည်နယ် အစိုးရရဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီဆီ တိုက်ရိုက် ဖိအားပေး မေးခွန်းထုတ်တာမျိုး တစ်နိုင်ငံလုံးက ညီညီညွတ်ညွတ် လုပ်ဆောင်သင့်ကြောင်း လူသိများတဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူ ကာဗီတာ ကရစ်ရှ်နန်က ပြောပါတယ်။
ပြည်နယ် အစိုးရက မုဒိမ်းသမားတွေကို ပြန်လွှတ်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်လို့ သဘောတရားရေးရာ ရှုပ်ထွေးမှုတွေ ရှိနေဆဲပါ။ ၂၀၁၄ မှာ အိန္ဒိယ ဗဟိုအစိုးရက စတင် ကျင့်သုံးလာတဲ့ မူဝါဒအရ မုဒိမ်းမှုနဲ့ လူသတ်မှုတို့လို ပြစ်မှုကြီးတွေ ကျူးလွန်ထားသူတွေဟာ လွတ်ငြိမ်းချမ်းသာခွင့်ကနေ ပိတ်ပင်ထားကြောင်း သိရပါတယ်။


















































