Connect with us

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

ကြေးစားစစ်တပ်တွေ ဘယ်လိုအလုပ်လုပ်သလဲ

ကမ္ဘာပေါ်မှာ အထက်မြက်ဆုံးကြေးစားစစ်တပ်လို့ ပြောကြတဲ့ ပုဂ္ဂလိက စစ်တပ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ BlackWater အကြောင်းပါ။

❝ကမ္ဘာ့ အထက်မြက်ဆုံး ပုဂ္ဂလိက စစ်တပ်တွေထဲက တစ်ခု – BlackWater❞

ဒီတစ်ပတ်မှာတော့ “ပြောပြဦးမယ်” အစီအစဥ်ကနေ ခုကာလမြန်မာပြည်အခြေအနေနဲ့ ဆက်စပ်နိုင်မယ့် အကြာင်းရာတစ်ခုကို တင်ဆက်ပေးပါမယ်။

ကမ္ဘာပေါ်မှာ အထက်မြက်ဆုံးကြေးစားစစ်တပ်လို့ ပြောကြတဲ့ ပုဂ္ဂလိက စစ်တပ် ကုမ္ပဏီ တစ်ခုဖြစ်တဲ့ BlackWater အကြောင်းပါ။

နိုင်ငံတချို့မှာ လုံခြုံရေး ကုမ္ပဏီလို့ နာမည်တပ်ထားပေမယ့် ကိုယ်ပိုင် ပုဂ္ဂလိက စစ်တပ်တွေ ထောက်ပံ့ ငှားရမ်းပေးတဲ့ ဝန်ဆောင်မှုမျိုးတွေ ရှိကြပါတယ်။ တစ်နည်းအားဖြင့် ပုဂ္ဂလိက စစ်တပ် ကုမ္ပဏီ (PCM)လို့ ခေါ်ဝေါ်တတ်ကြပါတယ်။ ဒီကနေ့ကတော့ ပုဂ္ဂလိက စစ်တပ် ကုမ္ပဏီကြီးဖြစ်တဲ့ BlackWater အကြောင်း ပြောပြချင်ပါတယ်။ BlackWater ကတော့ ကမ္ဘာပေါ်မှာ အထက်မြက်ဆုံး PCM တွေထဲက တစ်ခုလို့ သတ်မှတ် ခံထားရတာပါ။

အမေရိကန် ရေတပ်ရဲ့ နာမည်ကျော် ကွန်မန်ဒို Seal Team အဖွဲ့ဝင်ဟောင်း တစ်ဦးဖြစ်တဲ့ အဲရစ် ပရင့်စ်က တည်ထောင်ခဲ့တာဖြစ်ပါတယ်။ မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ အခြေစိုက်တဲ့ BlackWater ကို ၁၉၉၆ ခုနှစ်၊ ဒီဇင်ဘာ ၂၆ ရက်မှာ စတင် ထူထောင်ပါတယ်။

Public Service Announcement

Public Service Announcement

BlackWater ကို ၂၀၀၉ ခုနှစ်မှာ Xe Service လို့ နာမည်ပြောင်းလိုက်ပါတယ်။ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံသူတွေ လက်ထဲ ရောက်ရှိသွားတဲ့ ၂၀၁၁ မှာတော့ Academi လို့ နာမည်ထပ်ပြောင်းပြန်ပါတယ်။ အဲဒီနောက် ၃ နှစ်အကြာမှာ Triple Canopy လုံခြုံရေး ဝန်ဆောင်မှု လုပ်ငန်းစုကြီးနဲ့ ပေါင်းစည်းသွားပြီး အခုအချိန်ထိ Constellis ဆိုတဲ့ နာမည်နဲ့ ဆက်လက် လည်ပတ်နေတာပါ။ ဒါပေမဲ့ BlackWater ဆိုတဲ့ မူလနာမည်နဲ့ တွင်တွင်ကျယ်ကျယ် ညွှန်းဆို၊ သုံးနှုန်း ခံနေရဆဲပါပဲ။

PMC တွေရဲ့ အဓိက ဝန်ဆောင်မှုက အရေးပါတဲ့ ကုမ္ပဏီတွေ၊ နယ်မြေတွေ၊ အဆောက်အအုံတွေ၊ အထူးအရေးပါသူ (VIP)တွေရဲ့ ခရီးစဉ်တွေမှာ လုံခြုံရေး စောင့်ကြပ်ပေးဖို့ ဖြစ်ပါတယ်။ ဒီအတွက် လက်နက်ပေါင်းစုံကို အကျွမ်းတဝင် ကိုင်တွယ်တတ်ပြီး စစ်ရေး အတွေ့အကြုံ ပြည့်ဝတဲ့ စစ်ပြန်၊ စစ်မှုထမ်းဟောင်းတွေကို အလုပ် ခန့်အပ်ထားလေ့ ရှိပါတယ်။ အမေရိကန်မှာဆိုရင် CIA တို့လို ထောက်လှမ်းရေး ဌာနတွေကလည်း PMC တွေကို ငှားရမ်း သုံးစွဲတာမျိုး လုပ်လေ့ရှိတယ်။
အစိုးရက တိုက်ရိုက် မပါဝင်ချင်တဲ့၊ နာမည် မခံချင်တဲ့ စစ်ဆင်ရေးတွေမှာ သုံးဖို့ပါ။ နိုင်ငံအလိုက် အစိုးရတွေက ထောက်လှမ်းရေး၊ ကယ်ဆယ်ရေး၊ နောက်ပြီး ပြိုင်ဘက် နိုင်ငံတွေထဲမှာ လူမြင်ကွင်း နောက်ကွယ်ကနေ ​လှုပ်ရှားစေမယ့် စစ်ဆင်ရေးမျိုးတွေအတွက် PMC တွေကို ငှားရမ်းတတ်ပါတယ်။ ပင်လယ်ဓားပြရန် ကာကွယ်ဖို့အတွက် နိုင်ငံတကာ သင်္ဘောလိုင်းကြီးတွေကလည်း အသုံးပြုတတ်ကြပါတယ်။ ရည်ရွယ်ချက် ပေါင်းစုံနဲ့ ငှားရမ်းမှုတွေ ရှိပေမယ့် PMC တွေရဲ့ အခြေခံ ဖွဲ့စည်းပုံကတော့ ပုဂ္ဂလိက စစ်တပ်တွေပဲ ဖြစ်ပါတယ်။ PMC တွေကို သုံးတဲ့အခါ ကိုယ်တိုင် တာဝန်ခံ ပြဿနာ ဖြေရှင်းစရာ မလိုဘဲ အရှုပ်အရှင်း ကင်းတာကြောင့်လည်း အစိုးရတချို့က ဘတ်ဂျတ် သတ်သတ်မှတ်မှတ် သုံးစွဲပြီး PMC တွေကို ငှားတတ်ကြပါတယ်။

BlackWater ကတော့ အတော်ဆုံး၊ အကျွမ်းကျင်ဆုံးဆိုတဲ့ စစ်မှုထမ်းဟောင်းတွေကို လုပ်ခလစာ မြင့်မြင့်ပေးပြီး ခန့်အပ်ထားလေ့ ရှိပါတယ်။ ရေတပ်ရဲ့ Seal အဖွဲ့ဝင်ဟောင်းတွေ၊ ရဲတပ်ဖွဲ့ရဲ့ SWAT ကွန်မန်ဒိုတွေဆိုရင် BlackWaterမှာ အလုပ်ရဖို့ အခွင့်အလမ်း ပိုကောင်းပါတယ်။

ပြီးတော့ အဖွဲ့ဝင်တွေဟာ နိုင်ငံတကာ ထောက်လှမ်းရေး ကွန်ရက်တွေမှာ လှုပ်ရှားနေသူတွေနဲ့လည်း အချိတ်အဆက်တွေ ရှိတတ်တယ်လို့ ဆိုပါတယ်။ BlackWater ကို စဖွဲ့တုန်းက ပုဂ္ဂလိက လုံခြုံရေး ဝန်ထမ်းတွေရယ်၊ ရဲတပ်ဖွဲ့ဝင်တွေရယ်ကို သင်တန်းပေးဖို့ ရည်ရွယ်ချက်နဲ့ပါ။ နောက်တော့ နိုင်ငံတကာထိ လုပ်ငန်းတွေ ကျယ်ပြန့်လာပါတယ်။ နိုင်ငံစုံကို လှုပ်ရှား သွားလာနေရတဲ့ အတွက်လည်း အဖွဲ့သားတွေက နိုင်ငံတကာမှာ မှုခင်း မှတ်တမ်း ကင်းရှင်းသူတွေ ဖြစ်ဖို့ လိုပါတယ်။ အသက် ၂၀ နဲ့ ၅၀ ကြား သန်တုန်းမြန်တုန်း အရွယ်တွေကို စုစည်းထားပြီး စိတ်ဓာတ်ကြံ့ခိုင်မှု အပိုင်းကိုလည်း အထူးတလည် ကြပ်မတ် စစ်ဆေးလေ့ ရှိပါတယ်။

မြောက်ကာရိုလိုင်းနား ပြည်နယ်မှာ ရွှံ့နွံတောတွေနဲ့ ဆက်စပ်နေပြီး လူမနေတဲ့ မြေဧက ၇၀၀၀ ကျော်လောက်ကို စုစည်းဝယ်ယူပြီး BlackWaterရဲ့ ဌာနချုပ်ကို တည်ဆောက်ထားပါတယ်။ အဲဒီမှာ နောက်ခံ ပတ်ဝန်းကျင် အမျိုးမျိုး ကွဲပြားတဲ့ လေ့ကျင့်ရေးဇုန်တွေ ခွဲခြား သတ်မှတ်ထားတယ်။ ကိုယ်ပိုင် ကားလမ်းတွေ၊ အဆောက်အအုံတွေ၊ သေနတ်ပစ် လေ့ကျင့်ရေးကွင်းတွေလည်း ရှိပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေကို အဲဒီနေရာမှာပဲ ကန်ထရိုက် စာချုပ်တွေနဲ့ လေ့ကျင့် သင်တန်းပို့ချပေးတာပါ။

၂၀၀၀ ပြည့်နှစ် နှောင်းပိုင်းမှာတော့ BlackWaterရဲ့ အရည်အချင်းကို အသိအမှတ် ပြုထားတဲ့ အမေရိကန် အစိုးရဟာ ကုမ္ပဏီနဲ့ စာချုပ်တာတွေ လုပ်လာတယ်။ အထူးသဖြင့် နိုင်ငံတကာမှာရှိတဲ့ အမေရိကန် အစိုးရရုံးတွေအတွက် လုံခြုံရေး ဖြည့်တင်းပေးဖို့ လိုအပ်လာတဲ့ ကာလတွေမှာ BlackWater ကို အစိုးရက ပိုအသုံးချလာပါတယ်။ ၂၀၀၀ ပြည့်နှစ်က ယီမင်နိုင်ငံမှာ အမေရိကန် စစ်သင်္ဘော USS Cole ဗုံးခွဲ တိုက်ခိုက်ခံရပြီးတဲ့နောက် နိုင်ငံတကာမှာရှိတဲ့ အမေရိကန် သံရုံးတွေရဲ့ လုံခြုံရေးအတွက် စိုးရိမ်လာရတာကြောင့် BlackWater အဖွဲ့ဝင်တွေကို ငှားရမ်း ဖြည့်တင်းခဲ့ပါတယ်။

နောက်ပိုင်းမှာ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့ခေါင်းဆောင် အိုစမာ ဘင်လာဒင်နဲ့ ပတ်သက်တဲ့ ထောက်လှမ်းရေး သတင်း အချက်အလက်တွေကို ရယူဖို့အတွက်လည်း BlackWater အဖွဲ့ဆီ အလုပ်အပ်ခဲ့တယ်လို့သိရပါတယ်။ အီရတ်နဲ့ အာဖဂန် နစ္စတန် နိုင်ငံတွေမှာ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို လေ့ကျင့်ပေးရာမှာလည်း BlackWater အဖွဲ့သားတွေ ပါဝင်ခဲ့ကြပြန်ပါတယ်။ စာရင်းဇယားတွေအရ ၂၀၀၃ ကနေ ၂၀၀၆ ခုနှစ် အတောအတွင်းမှာတင် BlackWater ဟာ အမေရိကန် အစိုးရနဲ့ ကန်ထရိုက် စာချုပ်တွေကနေ ဒေါ်လာ ၁ ဘီလီယံလောက် ရရှိခဲ့တယ်လို့ဆိုပါတယ်။

BlackWater ရဲ့ ဝန်ဆောင်မှုတွေကို ရယူခဲ့တာဟာ အမေရိကန် အစိုးရ တစ်ခုတည်းတော့ မဟုတ်ပါဘူး။ အမေရိကန်ရဲ့ မဟာမိတ် နိုင်ငံတချို့ရဲ့ အစိုးရတွေနဲ့ တခြား အရပ်ဖက် အဖွဲ့အစည်းတွေကလည်း ကုမ္ပဏီရဲ့ ဖောက်သည်တွေ ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပြီး စစ်ရေးကဏ္ဍ တစ်ခုတည်းတင် မကဘဲ ကယ်ဆယ်ရေးလို ကိစ္စတွေမှာလည်း BlackWater ကို ငှားရမ်းတာတွေ ရှိခဲ့ဖူးပါတယ်။

၂၀၀၅ ခုနှစ်တုန်းက အမေရိကန်မှာ နာမည်ကျော် ဟာရီကိန်း မုန်တိုင်းကြီး ကက်ထရီနာ တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးဖို့ အစိုးရက BlackWater ​ဝန်ထမ်း ၁၆၀ ကျော်ကို ငှားရမ်းခဲ့ပါတယ်။ နောက်ပြီး ဆိုမာလီယာ ပင်လယ်ဓားပြတွေ သောင်းကျန်းလာတာကြောင့် ပင်လယ်ကူး သင်္ဘောတွေရဲ့ လုံခြုံရေး ကဏ္ဍအတွက်လည်း BlackWater အဖွဲ့ဝင်တွေ လိုက်ပါ စောင့်ကြပ်ပေးရတာတွေ ရှိခဲ့ပါတယ်။

အခုအချိန်မှာတော့ Triple Canopy ရဲ့ လက်အောက်မှာ နိုင်ငံတကာ အတိုင်းအတာထိ ကျယ်ကျယ်ပြန့်ပြန့်နဲ့ လုပ်ငန်းတွေ ဖြန့်ကျက်ထားပါတယ်။ အစိုးရတွေနဲ့ တရားဝင် စာချုပ်တာမျိုး မဟုတ်တဲ့ အလုပ်တွေ BlackWater အနေနဲ့ ဘယ်လောက် များများစားစား လက်ခံထားသလဲ ဆိုတာကတော့ ခန့်မှန်းဖို့ မလွယ်ပါဘူး။

၂၀၁၅ ခုနှစ်တုန်းက ယီမင်စစ်ပွဲမှာ ကိုလံဘီယာ နိုင်ငံသား ကြေးစား တပ်ဖွဲ့ဝင် ၆ ဦး သေဆုံးခဲ့ပြီးတော့ အားလုံးက BlackWater အဖွဲ့ဝင်တွေလို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။ သတင်းတွေအရ ဩစတြေးလျ နိုင်ငံသား တစ်ယောက်ရဲ့ ဦးဆောင်မှု အောက်မှာ ရှိနေတဲ့ အဲဒီ ကြေးစား စစ်သားတွေဟာ ဟိုသီ သူပုန်တွေကို တိုက်ခိုက်ဖို့အတွက် ယူအေအီးနိုင်ငံ အစိုးရက ငှားရမ်းထားခဲ့တာလို့ သိရပါတယ်။

နာမည်ကြီးလာပြီး နိုင်ငံတကာ အတိုင်းအတာထိ လုပ်ငန်းတွေ ဖြန့်ကျက်လာတဲ့နောက် ပြဿနာတွေလည်း ရှိလာခဲ့တာပါပဲ။ လူသိအများဆုံး ကိစ္စကတော့ ၂၀၀၇ ခုနှစ်တုန်းက အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့တော်မှာ ဖြစ်ပွားခဲ့တဲ့ နစ်ဆော်ရင်ပြင် လူသတ်မှုပါ။

BlackWater အဖွဲ့ဝင်တွေဟာ အီရတ် အရပ်သား ၁၇ ယောက်ကို အစုအပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပါတယ်။ ဒီဂယက်ကြောင့် အီရတ် အစိုးရက ကုမ္ပဏီရဲ့ လုပ်ငန်းလိုင်စင်ကိုပါ ပိတ်သိမ်းခဲ့ပါတယ်။ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ အရာရှိ ယာဉ်တန်းတစ်ခုကို BlackWater အဖွဲ့သားတွေက ခြံရံ လိုက်ပါလာရင်း ပစ်ခတ်မှု ဖြစ်ခဲ့တာပါ။ သေဆုံးသွားခဲ့ရတဲ့ အီရတ် နိုင်ငံသားတွေရဲ့ ခန္ဓာကိုယ်ထဲက ကျည်ဆန်တွေဟာ BlackWaterက သုံးစွဲတဲ့ ကျည်ဆန်တွေနဲ့ ကွဲပြားတာကြောင့် ဒီကိစ္စဟာ BlackWaterနဲ့ မသက်ဆိုင်ဘဲ အီရတ် စစ်သွေးကြွတွေက အကွက်ဆင် စွပ်စွဲခဲ့တာလို့ FBI ထောက်လှမ်းရေး ဌာနက နောက်ထပ် ၂ နှစ် အကြာမှာ ကြေညာခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ကုမ္ပဏီရဲ့ လိုင်စင်ကိုလည်း ပြန်ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ပြဿနာနဲ့ ပတ်သက်လို့ အငြင်းပွားမှုတွေကတော့ ဒီကနေ့ထိ ရှိနေဆဲပါ။

BlackWater ဟာ Academi အဖြစ် ပြောင်းလဲ ဖွဲ့စည်းလိုက်ချိန်မှာ ကာကွယ်ရေး စစ်လက်နက်တွေကို ကိုယ်တိုင် ထုတ်လုပ် အသုံးပြုလာပါတယ်။ BlackWater Target Systemလို့ နာမည်ပေးထားတဲ့ ပစ်မှတ်ရှာဖွေမှု နည်းပညာကို ကုမ္ပဏီက တီထွင်ခဲ့ပါတယ်။ မိုင်းဒဏ် ခံနိုင်တဲ့ စစ်ဘက်သုံး Cougar သယ်ယူပို့ဆောင်ရေး ယာဉ်တွေ၊ Grizzly သံချပ်ကာ ယာဉ်တွေကိုလည်း ထုတ်လုပ်လာပါတယ်။

BlackWater နဲ့ ပတ်သက်ပြီး နောက်ထပ် အငြင်းပွားစရာ ဖြစ်နေတဲ့ အချက်တစ်ခုကတော့ လောလောဆယ် ကုမ္ပဏီကို ထိန်းချုပ်ထားတဲ့ ဘုတ်အဖွဲ့ဝင် တချို့ဟာ တရုတ်နိုင်ငံသားတွေလို့ သတင်းထွက်နေတာပါပဲ။ လက်ဆုပ်လက်ကိုင် သက်သေပြဖို့တော့ ခက်ပါတယ်။ ဒါပေမယ့် ကုမ္ပဏီရဲ့ လူသိရှင်ကြား ကြေညာထားတဲ့ ဘုတ်အဖွဲ့ဝင်တွေက အမေရိကန်တွေပဲ ဖြစ်ပါတယ်။

ကောလာဟလတွေကို တွန်းအား ပေးခဲ့တာကတော့ BlackWater ကို စတင်ထူထောင်ခဲ့တဲ့ ပရင့်စ် ကိုယ်တိုင် နောက်ထပ် ထူထောင်ထားတဲ့ Frontier Services Group ကြောင့်ပါပဲ။ ဒီ Group က တရုတ်မှာ လုံခြုံရေး ဝန်ဆောင်မှု ကုမ္ပဏီတွေ ထူထောင်ဖို့ သဘောတူညီချက် တစ်ရပ်ကို ၂၀၁၉ ခုနှစ်မှာ ရရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ BlackWater ရဲ့ လုပ်ထုံးလုပ်နည်းတွေကို မှီငြမ်းထားတဲ့ တရုတ် ကုမ္ပဏီတချို့က အာဖရိကလို ပင်လယ်ရပ်ခြား နယ်မြေတွေမှာ အခြေစိုက်တဲ့ တရုတ် စီးပွားရေး လုပ်ငန်းကြီးတွေကို ကာကွယ် စောင့်ရှောက်ပေးလာတာ တွေ့ရပါတယ်။ ဒီအခြေအနေတွေရဲ့ နောက်ကွယ်မှာ ဘယ်လိုဆက်နွယ်မှုတွေရှိနေတယ်ဆိုတာတွေကတော့ ပဟေဠိ ဆန်နေဆဲ ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။

လူထုနွေဦးရဲ့ “ပြောပြဦးမယ်” အစီအစဥ် တင်ဆက်မှုကို အပတ်စဥ် နင်္ဂနွေနေ့တိုင်းမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဗြိတိန်သည် စစ်တပ်နှင့် စစ်ကောင်စီ ခေါင်းဆောင်များ၊ စစ်အုပ်စုနှင့် ပတ်သက်ဆက်နွှယ်သူ လူပုဂ္ဂိုလ် ၂၅ ဦးနှင့် အဖွဲ့အစည်း ၃၃ ခုအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ လုပ်ဆောင်ခဲ့သည်။

သတင်း

ဇန်နဝါရီ ၃၀ ရက်ကလည်း လောင်းလုံး PDF နှင့် ပူးပေါင်းအဖွဲ့များမှ မောင်းမကန်ရဲစခန်းအား ၄၀ မမ ခြောက်လုံး၊ ၇၉ ဗုံးသီး ၄၂ လုံးအသုံးပြုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ နှစ်ဦးပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးသည်။

သတင်း

၂၀၂၁ ဖေဖော်ဝါရီ ၁ တွင် မြန်မာစစ်တပ်သည် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ဖယ်ရှားခဲ့ပြီး ဆယ်စုနှစ်တစ်ခုစာ တိုးတက်ပြောင်းလဲမှုကို ဆိတ်သုဉ်းစေခဲ့ကြောင်း ဖော်ပြသည်။