နွေဦးတော်လှန်ရေးမှာ အညာဒေသက ရဲရင့်တဲ့သူရဲကောင်းတွေ အများကြီးမွေးထုတ်ပေးခဲ့ပါတယ်။
ဒီလိုသူရဲကောင်းတွေထဲမှာ တော်လှန်ရေးအတွက် အရာအားလုံးကိုစွန့်ပြီး တက်ကြွစွာပါဝင်နေတဲ့ လူငယ်များစွာရှိပါတယ်။ အဲဒီလူငယ်တွေထဲ အသက် ၂၂ အရွယ် Black လည်းအပါအဝင်ဖြစ်ပါတယ်။
“ကျွန်တော်တို့အတွက် တော်လှန်ရေးကြီးကို ဒီလိုမျိုးတွေလုပ်နေတာမဟုတ်ဘူး။ နောက်လာမယ့် မျိုးဆက်တွေအတွက် ကျွန်တော်တို့လိုမျိုးမခံစားရစေချင်လို့ ဒီတော်လှန်ရေးကိုလုပ်နေတာ” လို သူ့ရဲ့တော်လှန်ရေး သံဓိဌာန်ကို Black က ပြောပါတယ်။
Black ကတော့ မကွေးတိုင်း မြောက်ပိုင်းက မြို့နယ်တစ်ခုမှာ အခြေစိုက်ထားတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တပ်မဟာ ၇ တပ်ရင်း ၇၁၀ တပ်ခွဲ ၁ ရဲ့ တပ်ခွဲမှုးတာဝန်ထမ်းဆောင်နေတဲ့ လူငယ်တစ်ဦးပါ။

Public Service Announcement
အဲဒီဘက်နယ်တကြောမှာတော့ Black ရဲ့တပ်ခွဲက လက်လုပ်လက်နက်ကြီးတွေ အောင်မြင်အောင်ထုတ်နိုင်ခဲ့တဲ့ ပထမဆုံး အဖွဲ့လည်းဖြစ်ပါတယ်။
စစ်တပ်အာဏာမသိမ်းခင်အချိန်အထိ Black ဟာ လူငယ်ပီပီ ပေါ့ပေါပါးပါးပျော်ပျော်ရွှင်ရွှင်နေတတ်တဲ့ လူငယ်တစ်ဦးပါ။
ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို လူမဆန်စွာ အကြမ်းဖက်နှိမ်နင်းတဲ့ စစ်တပ်ရဲ့ လုပ်ရပ်တွေက Black ကို လက်နက်ကိုင်တော်လှန်ရေးထဲရောက်လာအောင် တွန်းပို့ခဲ့ပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအတွက် သင်တန်းသွားတတ်ဖို့ မိဘတွေကို ပွင့်ပွင့်လင်းလင်းပြောပြတဲ့အခါ မိဘတွေက သွားခွင့်မပြုပါဘူး။
ဒါပေမယ့်လည်းဆုံးဖြတ်ထားတဲ့အတိုင်း မိဘတွေ အလစ်မှာ သူငယ်ချင်းနဲ့အတူထွက်ပြေးခဲ့တာလို့ Black က ပြောပါတယ်။
သွားရမယ့်နေရာရဲ့ လိပ်စာလေးတစ်ခုပဲသိပြီး Black တို့သူငယ်ချင်းနှစ်ယောက် တင်းတင်းကြပ်ကြပ်စစ်ဆေးမှုတွေကြားက မရောက်ရောက်အောင်သွားခဲ့တာလို့ တောထဲရောက်လာခဲ့ပုံကို Black က ပြန်ပြောင်းပြောပြပါတယ်။
တောထဲမှာ တစ်လခွဲ ခြေလျင်သင်တန်းတတ်ခဲ့ပြီး ဒရုန်းတပ်ရင်းကိုရောက်ခဲ့ပါတယ်။ ဒရုန်းတပ်ရင်းမှာလည်း လတော်တော်ကြာခဲ့ပြီး နေရပ်ကိုပြန်လာချိန်မှာ Black ပြောက်ကျားအဖွဲ့အနေနဲ့ ရွာခံလူငယ်တွေကိုသင်တန်းပေးရင်း စတင်ခဲ့တာပါ။
လွန်ခဲ့တဲ့ ခုနစ်လလောက်မှာတော့ သင်တန်းကစီနီယာအစ်ကိုတွေရဲ့တိုက်တွန်းမှုနဲ့ တပ်မဟာ ၇၊ တပ်ရင်း ၇၁၀ ရဲ့ တပ်ခွဲမှုးဖြစ်လာခဲ့တယ်လိုဆိုပါတယ်။
“အရင်က ကျွန်တော်က တကယ့် ငပေ ငတေကောင်ဆိုတော့ တအားထိန်းရတယ်။ ခေါင်းဆောင်ဖြစ်လာတော့ အသောက်အစားဆို လုံးလုံးကို ရှောင်ရသလိုဖြစ်လာတာ။အခုသူတို့ပွဲတွေလုပ်ရင် လိုက်ထိန်းရတာ ။သောက်ရတယ်ကိုမရှိဘူး။ပွင့်ပွင့် လင်းလင်းပြောရရင် ကိုယ်လည်း ငပေကောင် ဒီလိုထဲကထွက်လာတော့ သူတို့သောက်ရင်သောက်ချင်တာ ” လို့ လက်ရှိသူ့ဘဝဖြတ်သန်းမှုနဲ့အပြောင်းအလဲကိုပြောပြပါတယ်။
လက်လုပ်သေနတ်တွေ ထုတ်လုပ်နိုင်ဖို့ အစပိုင်းမှာကိုယ်တိုင်ကြိုးစားလုပ်တာမအောင်မြင်ခဲ့ပေမယ့် စခန်းချတဲ့နေရာနားက ဆရာတော်တစ်ပါးရဲ့ လမ်းညွှန်မှုကြောင့် လက်လုပ်သေနတ်တွေကိုအောင်မြင်အောင်ထုတ်နိုင်ခဲ့ပါတယ်။
အဲဒီနောက် လက်နက်ကြီးထုတ်လုပ်အောင်မြင်တဲ့နေရာတွေအထိ သွားရောက် သင်ယူခဲ့ပြီး ထုတ်လုပ်နိုင်ခဲ့တာလို့ ပြောပါတယ်။
လက်ရှိအချိန်အထိ လက်လုပ်သေနတ် ၇၀ ကျော် နဲ့ လက်နက်ကြီးအတွက် ၆၀ မမ ကျည်ဖူး တစ်ထောင်ကျော်ထုတ်လုပ်နိုင်ခဲ့ပြီလို့ Black ကပြောပါတယ်။
လက်လုပ်သေနတ်တွေ လက်လုပ်လက်နက်ကြီးတွေ ထုတ်လုပ်နိုင်ပေမယ့် အဖွဲ့အတွက် လိုအပ်နေတာကတော့ မောင်းပြန်သေနတ်တွေပါ။
မောင်းပြန်သေနတ်မရှိတာကြောင့် စစ်ဆင်ရေးတွေကို စိတ်တိုင်းကျ မလုပ်နိုင်သေးဘူးလို့ Black ကပြောပါတယ်။
“မောင်းပြန်က မရှိဘူးဆိုရင် ဒီအဖွဲ့မှာ သုံးလက်လောက်ရှိတောင် ပွဲအတွက် ကာနိုင်တယ်။ ကိုယ့်ကိုယ်ကိုယ်လည်းယုံတယ်။ တစ်တောင့်ထိုးနဲ့တောင် ပျူရွာကို ဟိုဘက်ဒီဘက်မြင်ရလို့ မောင်းပြန်သမားတွေဘယ်သူမှမကပ်ရဲတာတောင် ကျွန်တော်တို့အဖွဲ့ဆော်ခဲ့တာ ” လို့ Black က ဂုဏ်ယူဝံ့ကြွားစွာပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကလည်း Black တို့နေတဲ့နေရာတဝိုက်ကို စစ်ကြောင်းထိုးမှုတွေရှိတာကြောင့် ရှောင်ခဲ့ရပါတယ်။
အဲဒီလိုရှောင်ရင်း Black ရဲ့ အဖွားနဲ့ပြန်ဆုံခဲ့ရပြီး မောင်းပြန်သေနတ်လိုနေတဲ့အကြောင်းပြောပြလို့ အဖွားက မောင်းပြန်တစ်လက်စာ မပေးနိုင်ပေမယ့် သူ့နားမှာ အမြဲဝတ်ဆင်တဲ့ ရှေးခေတ် နားတောင်းလေးကို မေတ္တာနဲ့ပေးခဲ့ပါတယ်။
“သေနတ်တစ်လက်စာကြီးတော့ အဖွား မတတ်နိုင်ဘူး၊ ဒီနားကပ်လေးတော့ ပေးနိုင်တယ်ဆိုပြီး ဒီအတိုင်းပဲပေးလိုက်တာ ” လို Black က ဆိုပါတယ်။
အဖွားပေးတဲ့ နားတောင်းလေးနဲ့ လိုအပ်တဲ့ လက်နက်ဝယ်နိုင်ဖို့ “အဖွားနားကပ် ဘလက်အတွက် သေနတ်” ကမ်ပိန်းကို ပြုလုပ်ခဲ့ပါတယ်။
ဒီကမ်ပိန်းလေးကနေ Black တို့အဖွဲ့လိုအပ်တဲ့ လက်နက်တွေရှာနိုင်ခဲ့ရင် စစ်ဆင်ရေးတွေ ဒီထက်လုပ်နိုင်မယ်လို့ ယုံကြည်နေပါတယ်။
လက်ရှိအချိန်မှာ အခြေအနေအရ တပ်ခွဲမှုးတာဝန်ထမ်းဆောင်နေရင်းလက်နက်ကိုင်နေရပေမယ့်လည်း Black နေထိုင်ချင်တဲ့ ဘဝက ရိုးရှင်းပါတယ်။
“ဆေးလိုက်ကုပေးရတာတွေ ပရဟိတလုပ်တာတွေ တအားလုပ်ချင်တယ်။ သူနာပြုသင်တန်းတတ်ပြီး အဲဒီလိုတွေဆက်လုပ်ပေးချင်တယ်”


















































