Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ယူကရိန်း တန်ပြန်ထိုးစစ် အားကောင်းလာလည်း ရုရှားရဲ့ အစီအမံတွေ မထိခိုက်ဘူးလို့ ပူတင်ပြော

ပူတင်က ယူကရိန်းမှာ ဖြန့်ကျက်ထားတာဟာ ရုရှားစစ်တပ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုလောက်သာ ရှိသေးပြီး ယူကရိန်းကသာ ရှေ့ဆက်ပြီး ထိုးစစ်အရှိန် မြှင့်နေဦးမယ်ဆိုရင် ရုရှားကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ရလိမ့်မယ်လို့ ခြိမ်းခြောက်သွားပါတယ်။

ယူကရိန်း တန်ပြန်ထိုးစစ် အားကောင်းလာလည်း ရုရှားရဲ့ အစီအမံတွေ မထိခိုက်ဘူးလို့ ပူတင်ပြော
ယူကရိန်း တန်ပြန်ထိုးစစ် အားကောင်းလာလည်း ရုရှားရဲ့ အစီအမံတွေ မထိခိုက်ဘူးလို့ ပူတင်ပြော

ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အားကောင်းလာတာ မှန်ပေမယ့် ရုရှားရဲ့ အစီအမံတွေကိုတော့ ထိခိုက်စေမှာ မဟုတ်ကြောင်း သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားသွားပါတယ်။

ယူကရိန်း စစ်တပ်ဟာ နိုင်ငံ အရှေ့မြောက်ပိုင်းမှာ တန်ပြန်ထိုးစစ် အစပြုပြီး သီတင်းနှစ်ပတ်လောက် ကာလအတွင်း ရုရှားလက်အောက်ခံ နယ်မြေ အမြောက်အမြားကို ပြန်လည် သိမ်းယူလာနိုင်ခဲ့တဲ့ နောက်ပိုင်း ပူတင်က စစ်မြေပြင် အနေအထားနဲ့ ပတ်သက်လို့ ပထမဆုံးအကြိမ် လူသိရှင်ကြား မှတ်ချက် ပေးလာခဲ့တာပါ။

ယူကရိန်းရဲ့ စစ်ဆင်ရေးတွေဟာ အံ့ဩစရာ ကောင်းလောက်အောင် အောင်မြင်မှုတွေ ရရှိနေပြီး ၆ ရက်အတွင်းမှာတင် ရုရှားထိန်းချုပ်နယ်မြေ အကျယ်အဝန်း စတုရန်း ကီလိုမီတာ ၈၀၀၀ လောက်ကို ပြန်သိမ်းယူနိုင်ခဲ့ပါတယ်။ ယူကရိန်းရဲ့ စစ်မြေပြင် အောင်ပွဲတွေဟာ ရုရှားအစိုးရအပေါ် ဖိအားတွေ ကျရောက်လာစေပါတယ်။

ဒါပေမဲ့ ပူတင်ကတော့ သူ့အတွက် ဘာမှ အဆောတလျင် ဆုံးဖြတ်စရာ မလိုသေးဘူးလို့ ပြောပါတယ်။ ယူကရိန်း အရှေ့ဖျားက ဒွန်းဘက်စ် ဒေသမှာ ရုရှားက ဆင်နွှဲနေတဲ့ စစ်ဆင်ရေးတွေဟာ လမ်းကြောင်းမှန်အတိုင်း ရှေ့ဆက်နေဆဲလို့လည်း သူက ဆိုပါတယ်။ ရုရှားဟာ ရှေ့တန်း စစ်မျက်နှာမှာ အင်ပြည့်အားပြည့် တပ်မဖြန့်သေးဘူးလို့လည်း ပူတင်က ဆက်ပြောပါသေးတယ်။

Public Service Announcement

Public Service Announcement

ဒွန်းဘက်စ်က စစ်ဆင်ရေးတွေ ရပ်တန့်မသွားကြောင်း၊ ရုရှားတပ်တွေဟာ ဖြည်းဖြည်းနဲ့မှန်မှန် ရှေ့တိုး ချီတက်နေပြီး နယ်မြေတွေကို စုစည်းသိမ်းယူနေကြောင်း ပူတင်က ဥဇဘက်ကစ္စတန်မှာ ကျင်းပတဲ့ ရှန်ဟိုင်းကော်ပိုရေးရှင်းအဖွဲ့ အစည်းအဝေးမှာ ပြောကြားသွားပါတယ်။

ပူတင်က ဒွန်းဘက်စ်မှာ ယူကရိန်း အစိုးရက ရုရှားအနွယ်ဝင်တွေအပေါ် လူမျိုးသုဉ်း သတ်ဖြတ်မှုတွေ ကျူးလွန်နေပါတယ်လို့ လိမ်ညာစွပ်စွဲပြီး ဒွန်းဘက်စ်ကို သိမ်းယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိ ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် အစီအမံတွေကတော့ ဒွန်းဘက်စ်ထိ ရောက်မလာသေးပါဘူး။ ရုရှားတပ်တွေဟာ ယူကရိန်းရဲ့ တိုက်စစ် အရှိန်မြှင့်လာတဲ့ ခါကော့ဗ် ဒေသကို စွန့်ခွာပြီး ဒွန်းဘက်စ်မှာ ပြန်လည် စုရုံးနေပါတယ်။

ပူတင်က ယူကရိန်းမှာ ဖြန့်ကျက်ထားတာဟာ ရုရှားစစ်တပ်ရဲ့ အစိတ်အပိုင်းလေး တစ်ခုလောက်သာ ရှိသေးပြီး ယူကရိန်းကသာ ရှေ့ဆက်ပြီး ထိုးစစ်အရှိန် မြှင့်နေဦးမယ်ဆိုရင် ရုရှားကလည်း ပြင်းပြင်းထန်ထန် တုံ့ပြန်ရလိမ့်မယ်လို့ ခြိမ်းခြောက်သွားပါတယ်။

ရုရှားဟာ စစ်မှုမထမ်းမနေရ ဥပဒေကြောင့် တပ်ထဲရောက်နေသူတွေကို ရှေ့တန်း မပို့ဘူးလို့ ကြေညာထားပေမယ့် မကြာသေးခင်ကတော့ အမြဲတမ်းစစ်သည် မဟုတ်သူတွေ ယူကရိန်းကို စေလွှတ်ခံနေရကြောင်း အထောက်အထားတွေ ထွက်ပေါ်လာပါတယ်။ ဒါ့အပြင် ရုရှား ကြေးစားတပ်ဖွဲ့ အကြီးအကဲ ကိုယ်တိုင်က အကျဉ်းထောင်တွေထိ သွားရောက်ပြီး ရာဇဝတ်သားတွေကို စစ်မှုထမ်းပေးဖို့ လိုက်လံစည်းရုံးနေတာကြောင့် အခြေအနေတွေက ပူတင်ပြောသလို မဟုတ်ဘဲ ရုရှားစစ်တပ်မှာ စစ်သည် အရင်းအမြစ် ပြတ်လပ်မှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့နေကြောင်း မြင်သာနေစေပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ဆိုက်ဘေးရီးယား ဒေသမှာ လေ့ကျင့်ပျံသန်းနေရင်း ရုရှားရဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်ကြီးတစ်စီး ပျက်ကျခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

လောလောဆယ်တော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးနဲ့ တွေ့ဆုံဖို့ မဖြစ်နိုင်လောက်သေးကြောင်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်က မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

၂၀၃၆ ခုနှစ်ထိ သမ္မတ ရာထူးကို ဆက်လက် တာဝန်ယူမလားဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရှောင်လွှဲ ဖြေဆိုသွားခဲ့ပါတယ်။